သတင်း

ရသေ့တောင် စာသင်ကျောင်းတွင် ထိန်းသိမ်းခံနေရသူ အားလုံး ပြန်လွတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ စာသင်ကျောင်းတွင်  ထိန်းသိမ်းထားသူ အားလုံးကို ယနေ့ ပြန်လွှတ်ပေးလိုက်သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။  

“အားလုံးလွှတ်လိုက်ပြီ။ စာသင်ကျောင်းထဲမှာ ထိန်းသိမ်းထားတာ မရှိတော့ဘူး ” ဟု ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ကျောက်တန်းရွာသား ကိုဇော်သန်းကလည်း ထိန်းသိမ်းစစ်ဆေးခံနေရသည့် လက်ကျန်ရွာသားများအားလုံး ပြန်လည်လွတ်မြောက်လာကြောင်း Myanmar Now ကို အတည်ပြုသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် ၎င်း၏ ယောက်ဖတော်စပ်သူလည်း ပါဝင်ပြီး ကျေးရွာအတွင်းရှိ ၎င်း၏ နေအိမ်ကို ပြန်လည် ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ဧပြီ ၃၀ ရက်နေ့မှစ၍ ကျောက်တန်းကျေးရွာသား ၂၇၅ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်မှုရှိမရှိ စစ်ဆေးရန် တပ်မတော်က အဆိုပါ ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ထိန်းသိမ်း စစ်ဆေးခံနေရသော လက်ကျန်ရွာသား ၂၂ ဦးကို ယနေ့နေ့လယ် ၂ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now သို့ ပြောဆိုသည်။

မေလ ၃ ရက်၊ ၆ ရက်၊ ၈ ရက်နှင့် ၁၁ ရက်နေ့တို့တွင် တစ်သုတ်စီခွဲကာ ပြန်လွှတ်ပေးခဲ့ပြီး ယခု အကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်သည်။

သို့သော်လည်း စာသင်ကျောင်းတွင် ထိန်းသိမ်းထားရမှ အခြားနေရာသို့ ပြောင်းရွှေ့ခံရသူ ၈ ဦးမှာ ပြန်လွတ်လာခြင်း မရှိသေးပေ။ ၎င်းတို့အနက် ၆ ဦးမှာ AA အဖွဲ့ဝင်များဖြစ်ကြောင်း တပ်မတော်က စွပ်စွဲထားသည်။

ကျန်၂ ဦးကို  ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ၎င်းတို့အားလုံးကို စစ်တွေမြို့တွင် ထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။

ကျောက်တော်ရွာ စာသင်ကျောင်းတွင် ထိန်းသိမ်းထားသည့် ရွာသားများကို စစ်ဆေးနေစဉ် မေလ ၂ ရက်နေ့ အစောပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့်  ပစ်ခတ်ဖြိုခွင်းရာ  ရွာသား ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ကြောင်း တပ်မတော် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

မေလ ၂ ရက်နေ့ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု တပ်မတော်က ပြောသည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသား ၂၇ ဦးကိုလည်း AA နှင့် ဆက်နွှယ်မှုရှိသည်ဆိုကာ ဧပြီ ၁၀ ရက်နေ့တွင် တပ်မတော်က ထိန်းသိမ်းစစ်ဆေးခဲ့ပြီး စစ်ဆေးနေစဉ် ရွာသား ၃ ဦး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button