သတင်း

မြေသိမ်းတရားစွဲခံရမှု နိုင်ငံတော်အတိုင်ပင်ခံထံ တိုင်ကြားသူကို တပ်က ထပ်မံတရားစွဲ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်လူထုတွေ့ဆုံပွဲခရီးစဉ်တွင် တပ်မတော်၏ မြေသိမ်းတရားစွဲမှုနှင့် ပတ်သက်၍ တိုင်ကြားခဲ့သည့် မြိတ်မြို့ ရွာသစ်ကျေးရွာမှ အသက်၂၆ နှစ်အရွယ် ကိုမျိုးသူနိုင်ကို တပ်မတော်က ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀) ဖြင့် ထပ်မံ တရားစွဲဆိုလိုက်သည်။

ထောက်ပံ့ပို့ဆောင်ရေးတပ် ၉၃၇မှ ဗိုလ်ကြီး စိုးသင်းနိုင်က တရားလိုပြုလုပ်ပြီး တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀)ဖြင့် ကိုမျိုးသူနိုင်ကို တရားစွဲဆိုထားပြီး မြိတ်မြို့နယ်တရားရုံးတွင် မေလ ၉ ရက်နေ့မှစ၍ တရားရင်ဆိုင်နေရကြောင်း တရားစွဲဆိုခံရသူ ကိုမျိုးသူနိုင်က ပြောဆိုသည်။

“ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်မယ့် လူကြီးတစ်ယောက်ကို တင်ပြတာပေါ့ဗျာ။ ဥပဒေနဲ့ညီတဲ့ ကာကွယ်မှုကို ကျွန်တော်က လိုချင်တာပေါ့ဗျာ” ၎င်းက ပြောသည်။

မြိတ်မြို့ ရွာသစ်ကျေးရွာ အနီးရှိ ၎င်းပိုင်ဆိုင်သည့် မြေဧက ၁ဒသမ၉၂ ဧက ကျယ်ဝန်းသည့် နေအိမ်နှင့် ဝက်မွေးမြူရေးခြံကို ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်း ၉၃၇ က ၂၀၁၇ ခုနှစ်တွင် တပ်ပိုင်မြေအဖြစ် ကြေညာခဲ့ပြီး ထိုနေရာမှ ဖယ်ရှားပေးရန် ၎င်းတို့ မိသားစုကို တောင်းဆိုခဲ့သည်။

နေအိမ် မဖယ်ပေးသည့် အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်ဆီးမှု၊ ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်မှုတို့ဖြင့် ကိုမျိုးသူနိုင်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ တပ်မတော်၏ မြေသိမ်းတရားစွဲဆိုမှုကို ကိုမျိုးသူနိုင်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြိတ်ခရီးစဉ် လူထုတွေ့ဆုံပွဲတွင် တိုင်ကြားခဲ့ရာမှ တပ်မတော်က ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀)ဖြင့် ထပ်မံ တရားစွဲဆိုခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ရွာသစ်ကျေးရွာအနီးတွင်ရှိသည့် အမှတ် ၉၃၇ ထောက်ပံ့ပို့ဆောင်ရေးတပ်ပိုင် ၁၈၃ဒသမ၇၆ ဧက မြေပေါ်တွင် ကိုမျိုးသူနိုင်၏နေအိမ် ရှိနေ၍ ဖယ်ရှားပေးရန် စေခိုင်းခဲ့ပြီး မဖယ်ရှားပေးသောကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

သို့သော်လည်း ကိုမျိုးသူနိုင်က မဖယ်ပေးဘဲ တရားရင်ဆိုင်နေခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ဆုံပွဲတွင် တပ်က မတရား မြေသိမ်းပြီး တရားစွဲဆိုသည့်သဘော ပြောဆိုနေသဖြင့် တပ်မတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်းပြောသည်။

“တပ်က သိမ်းပါတယ်ဆိုပြီး ဖြစ်တဲ့အတွက်ကြောင့် တပ်ရဲ့Image ကို ထိခိုက်တဲ့အတွက် ခုနက ပြောတဲ့ ပုဒ်မနဲ့ ထပ်ပြီးတော့ တရားစွဲဆို အမှုဖွင့် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် တပ်နှင့်မြေယာ အငြင်းပွားမှုဖြစ်နေပြီး တရားစွဲဆိုခံထားရသူ ကိုမျိုးသူနိုင်က ထိုမြေနေရာတွင် ၎င်းတို့ မိသားစု နေထိုင်လာခဲ့သည်မှာ ၎င်းတစ်သက်(၂၆) နှစ် ရှိနေပြီဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ခြံ၏ဘေးတွင် ထောက်ပံ့ပို့ဆောင်ရေးတပ် ၉၃၇က စိုက်ထားသည့် ကျောက်တိုင်လည်းရှိကြောင်း ပြောသည်။

ဒေသခံများနှင့် တပ်မတော်တို့ မြေယာအငြင်းပွားမှုများမှာ မြန်မာနိုင်ငံ နေရာ အတော်များများတွင် ဖြစ်ပေါ်လျက်ရှိပြီး ၂၁၀၈ သြဂုတ်လအတွင်းကလည်း မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းရှိ အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း၏ တပ်ပိုင်မြေတွင် ခံလူးကျေးရွာမှ ဒေသခံများ လူနေအိမ်များ ဆောက်လုပ်၍ ကျူးကျော် နေထိုင်သည် ဟုဆိုကာ ဒေသခံ ၂၂ဦးကို တပ်မတော်က တရားစွဲဆိုထားသည်။

Show More

Related Articles

Back to top button