အီရန်နျူကလီးယားသဘောတူညီချက်ကို အမေရိကန်ဘက်က ဖျက်သိမ်းသွားပြီးနောက် တစ်နှစ်အကြာတွင် ၂၀၁၅ နျူကလီးယားသဘောတူညီချက်အောက်တွင် ရှိသော ကတိကဝတ်များကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း အီရန်က ကြေညာလိုက်သည်။
အီရန်သည် သန့်စင်ထားသော နျူကလီးယားသိုလှောင်မှုများကို နဂိုသဘော တူညီထားသော ပြည်ပသို့ ရောင်းရမည်ဆိုသည့်အစား သန့်စင်မှုများကိုဆက်လက် ဆောင်ရွက်သွားမည်ဟု သမ္မတဟက်ဆန်ရိုဟာနီ က ပြောကြားခဲ့သည်။
သန့်စင်ပြီး ယူရေနီယမ်ပမာဏကို ရက် ၆၀ အတွင်း တိုးမြှင့်ထုတ်လုပ်သွားမည်ဟု ရိုဟာနီက ခြိမ်းခြောက် ပြောကြားသေးသည်။
ယခင် သဘောတူညီချက်မှာ စီးပွားရေးပိတ်ဆို့မှုကို ဖြေလျှော့ ဖယ်ရှားကာ အီရန်နျူကလီးယားရည်မှန်းချက်ကို ပယ်ရှားရန် ရည်ရွယ်ခဲ့သော်လည်း အမေရိကန်က သဘောတူညီချက်မှ နုတ်ထွက်သွားပြီးနောက်တွင် အီရန်ကို ပိတ်ဆို့ အရေးယူမှုများ အသစ်တစ်ဖန်ပြုလုပ်ခဲ့ပြီး အီရန်စီးပွားရေးလည်း ထိခိုက်သွားခဲ့သည်။
ယူရေနီယံသန့်စင်မှုများ ပြန်လုပ်တော့မည့် ဆုံးဖြတ်ချက်ကို သဘောတူညီချက်တွင် ပါဝင်ခဲ့သည့် နိုင်ငံများဖြစ်သော ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နှင့် ဗြိတိန် တို့ကို အီရန်က အသိပေး အကြောင်းကြားခဲ့သည်။
သဘောတူညီချက် ဆက်လက်ရှင်သန်နေစေရန်အတွက် ဥရောပပါဝါနိုင်ငံများက အတတ်နိုင်ဆုံး ကြိုးစားကြမည်ဖြစ်ကာ သဘောတူညီချက်အတိုင်း ဆက်မရှိတော့ပါလျှင်မူ နောက်ဆက်တွဲများ၊ ဖြစ်နိုင်ခြေရှိသော စီးပွားရေးပိတ်ဆို့မှုများ ကြုံလာရနိုင်သည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလိုရင့်ပါလီက ပြင်သစ်မီဒီယာများကို ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို အီရတ်သို့ ရှောင်တခင် သွားရောက်ခဲ့ပြီး၊ အမေရိကန်လေယာဉ်တင်စစ်သင်္ဘောက ပင်လယ်ကွေ့ဒေသသို့ ပြောင်းရွှေ့တပ်စွဲခဲ့ပြီး နောက်ပိုင်းတွင် အီရန်၏ အထက်ပါကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အပိုသန့်စင်ပြီး ယူရေနီယံများနှင့် ရေလေး ဟဲဗီးဝါးတားတို့ကို ရောင်းချရမည်ဆိုသော အချက်ပါဝင်သည့် ပူးတွဲလုပ်ဆောင်မှုအစီအစဉ် (JCPOA) မှ သဘောတူညီချက် အစိတ်အပိုင်းနှစ်ရပ်ကို ဆိုင်းငံ့လိုက်ကြောင်း သမ္မတရိုဟာနီက ပြောကြားခဲ့သည်။
သဘောတူညီမှုတွင်ပါဝင်သော ဘဏ္ဍာရေးနှင့် ရေနံ ကတိကဝတ်များကို ပြည့်မီရန် ဥရောပပါဝါနိုင်ငံများ၊ ရုရှားနှင့် တရုတ်တို့ကို ရက်၆၀ အချိန်ပေးကြောင်း ရိုဟာနီက ဆိုသည်။ ဝယ်ယူပေးမှုကို ပြည့်မီပါက အီရန်သည် သန့်စင်ပြီး ယူရေနီယံများကို ဆက်ရောင်းပေးမည်ဟု ဆိုထားသည်။
အကယ်၍ အဆိုပါ နိုင်ငံများကပါ ဝယ်ယူပေးမည့် ကတိကို ဖျက်ပြီး အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုလမ်းကြောင်းကို ရွေးခဲ့ပါလျှင် အီရန်သည် ယူရေနီယံ သန့်စင်မှုမြှင့်တင်ခြင်းကို ပြန်စမည်ဟု ဆိုလိုက်သည်။
Ref: BBC