ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် တပ်မတော်က ခေါ်ယူစစ်ဆေးနေသည့် ရွာသား ၂၇၀ ကျော်မှ ရွာသား ၁၀၀ ကျော်ကို ယနေ့နံနက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။
ဆက်လက်စစ်ဆေးနေသူများထဲတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ ပါဝင်နေပြီး ၎င်းတို့ကို အမှုဖွင့်တရားစွဲဆိုမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်သော်လည်း AA တပ်ဖွဲ့ဝင်အရေအတွက် မည်မျှပါသည်ကိုမူ ပြောဆိုခြင်းမရှိပေ။
ကျောက်တန်းရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးလှထွန်းကမူ သူ၏ရွာတွင် AA တပ်ဖွဲ့ဝင် မရှိဟုMyanmar Now ကို ပြောဆိုထားသည်။
ကျောက်တန်းကျေးရွာက ရွာသား ၂၇၀ ကျော်ကို AA နှင့် ပတ်သက်မှုရှိသည်ဟု သံသယရှိသည့်အတွက် ဧပြီ ၃၀ ရက်တွင် တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များက ရွာလယ်ရှိ စာသင်ကျောင်းဝင်းအတွင်း ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။
ယင်းသို့စစ်ဆေးနေစဉ် မတ်လ ၂ရက်နေ့နံနက်က ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးစစ်ဆေးခံရသူ ၆ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရကာ ၄ဦး ပျောက်ဆုံးသွားကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယနေ့နံနက်တွင် ဖမ်းဆီးစစ်ဆေးခံနေသူများထဲမှ ၁၀၀ကျော် ပြန်လွတ်လာခြင်း ဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စစ်ဆေးမှုရလဒ်များအရ AA နှင့် ပတ်သက်မှုမရှိသည့် ရွာသား ၁၂၆ ဦးကို ယနေ့နံနက်အစောပိုင်းက ပြန်လွှတ်ပေးလိုက်သည်ဟု Myanmar Now ကို ပြောသည်။
“ အသက်ကြီးပိုင်းအချို့နဲ့ ပညာရေးဝန်ထမ်းအချို့ လွတ်သွားတယ်၊ ကျန်တဲ့သူတွေကတော့ ဆက်ပြီးစစ်နေပါတယ် ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးလှထွန်းကလည်း ရွာသား၁၀၀ကျော် ယနေ့နံနက်က ပြန်လွတ်လာကြောင်း Myanmar Now ကို အတည်ပြုပြောဆိုသည်။
ပြန်လွှတ်လိုက်သည့် ရွာသားများမှာ ကျေးရွာအတွင်းရှိ ၎င်းတို့၏ နေအိမ်အသီးသီးကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သော်လည်း တပ်မတော်က ရွာသားများကို ရွာအပြင်သို့ ထွက်ခွင့်မပေးသေးကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ဒဏ်ရာရသူများကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသူ ၆ ဦးကို မိသားစုဝင်များထံ ပြန်လည်အပ်နှံပြီး ရပ်မိရပ်ဖများနှင့်အတူ ယနေ့မနက် ၉ နာရီခန့်တွင် ရွာမြောက်ဘက်ရှိ သုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု တပ်ဘက်က ပြောသည်။
အုပ်ချုပ်ရေးမှူးဟောင်း ဦးလှထွန်းကမူ သေဆုံးသူများ၏ မိသားစုဝင်များမှာ အလောင်းများကို မိနစ်အနည်းငယ်ခန့်သာ ကြည့်ရှုခွင့်ရခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်သည့်နေရာသို့ သွားရာတွင် လက်ကိုင်ဖုန်းများ ယူဆောင်ခွင့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့သည်ဟု ရှင်းပြသည်။
ဧပြီ ၃၀ ရက်မှ စတင် စစ်ဆေးနေခြင်းဖြစ်ပြီး ၄ ရက်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း ကျေးရွာလုံခြုံရေးအခြေအနေ စိတ်ချသည်အထိ စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တပ်က ပြောကြားခဲ့ပြီး လက်ရှိအချိန်အထိ ရွာအတွင်းမှ ရွာသားများကို ရွာပြင် ထွက်ခွင့်မပေးသလို ရွာတွင်းသို့ ဝင်ရောက်ချင်သည့် လွှတ်တော်အမတ်တချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများကိုလည်း တပ်က ကန့်သတ်ထားသည်။
ဖမ်းဆီးထားသူများကို အစာရေစာ အငတ်ထားသည်ဆိုသည့် စွပ်စွဲချက်များရှိသော်လည်း တပ်ဘက်ကမူ ယင်းသတင်းများကို ငြင်းဆန်ထားပြီး အစားအသောက်နှင့် သောက်ရေများ ပုံမှန်ကျွေးမွေးသည်ဟု ဖြေရှင်းပြောဆိုသည်။
ယင်းသို့ပင် ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် AA တပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည်ဟုဆိုကာ ရွာသား ၂၇ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၃ ဦးမှာ စစ်ဆေးနေစဉ် သေဆုံးသွားခဲ့သည်။
အဆိုပါ ၂၇ ဦးတွင် ၁၈ ဦးမှာ AA တပ်ဖွဲ့ဝင်များဖြစ်ပြီး ကျန် ၅ ဦးမှာ AA အမာခံများဖြစ်ကာ ၄ ဦးမှာ သံသယရှိသူများစာရင်းထဲတွင် ထည့်ထားကြောင်း တပ်က ရှင်းလင်းသည်။
သေဆုံးသူ ၃ ဦးမှာ မည်သည့်စာရင်းထဲတွင် ပါဝင်ကြောင်းမသိရဘဲ ဖမ်းဆီးထားသူများကိုတော့ ရဲတပ်ဖွဲ့ထံ အပ်နှံထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဟု တပ်မတော်ထံမှ သိရသည်။