သတင်း

ရွာသား၂၇၀ ကျော်ကို AAနှင့် ပတ်သက်သည်ဆိုကာ ဖမ်းဆီးစစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပြီး ၆ဦးသေ၊ ၈ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာတွင် ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်သည်ဆိုသည့် သံသယဖြင့် ရွာသား ၂၇၀ ကျော်အား တပ်က ဖမ်းဆီးစစ်ဆေးနေစဉ် ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံ ၆ဦး သေဆုံးသွားပြီး ၈ဦး ဒဏ်ရာရကာ ၄ဦး ပျောက်ဆုံးနေသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျေးရွာအဝင်အထွက်လမ်းများကို လုံခြုံရေးတပ်ဖွဲ့များက ပိတ်ထားလိုက်ပြီး ခွင့်ပြုချက်ဖြင့်သာ ဝင်ထွက်ခွင့်ပြုသည်။

လူဦးရေ ၂၅၀၀ ခန့်ရှိသည့် ကျောက်တန်းရွာမှ အသက် ၁၅ နှစ်မှ ၅၀ နှစ်ကြား အမျိုးသား ၂၇၀ ကျော်အား ဧပြီ ၃၀ ရက် နံနက်ကတည်းက တပ်နှင့်ရဲများက ရွာလယ်စာသင်ကျောင်းတွင် စုဝေးစေကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့ မြောက်ဘက် မယူမြစ်အရှေ့ဘက်ရှိ အဆိုပါကျေးရွာအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်သံများ၊ အော်ဟစ်ထွက်ပြေးသံများကိုလည်း ကြားခဲ့ရကြောင်း ကျောက်တန်းရွာ အုပ်ချုပ်ရေးမှူးဟောင်း  ဦးလှထွန်းက ပြောသည်။

ထိန်းသိမ်းခံရသူများသည် ယနေ့နံနက် ၂နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံရန် ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက Myanmar Now ကို ဖုန်းဖြင့် ပြောသည်။

“သူတို့က လူအုပ်စုနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ငြာသံပေးတာတွေ အော်တာတွေ လုပ်လာတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။ ပစ်ခတ်မှုအသေးစိတ်ဖြစ်စဉ်နှင့် တာဝန်ကျသည့် တပ်ရင်းအမည်၊ အင်အားစသည်တို့ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြောကြားရန် တပ်ဘက်က ငြင်းဆန်သည်။

ပစ်ခတ်ခံရသူများမှာ AA အဖွဲ့ဝင်များ ဟုတ်၊မဟုတ် အတည်မပြုနိုင်သေးဘဲ စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ ရာနှင့်ချီသည့် ထိန်းသိမ်းခံရသူများထဲတွင် AAတပ်ဖွဲ့ဝင်များ ပါမပါ အချိန်ယူစစ်ဆေးနေစဉ် လူအင်အား များပြားသည့်အတွက် ယင်းသို့ဖြစ်ပွားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

ယနေ့နံနက်က ရွာအနီးရောက်ခဲ့သည့် ပြည်နယ်လွှတ်တော် ရသေ့တောင်အမတ် ဦးဦးသန်းနိုင်က “ရွာထဲကိုလည်း ဝင်လို့မရဘူး အလောင်းတွေကိုလည်း မသယ်ရဘူးဖြစ်နေတယ် ” ဟု ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှ ယမန်နေ့ထုတ်ပြန်ချက်တွင် ကျောက်တန်းကျေးရွာရှိ အိမ်ထောင်စု ၄၇၇ စုအား အိမ်ထောင်စုစာရင်းနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အသက် ၁၅ နှစ်မှ ၅၀ နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးအား ခေတ္တထိန်းသိမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

၎င်းတို့အား ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ကျေးရွာ၏ အရှေ့တောင်ဘက် ၇မိုင်ခွဲ ခန့်အကွာရှိ AA ယာယီလေ့ကျင့်ရေးစခန်းမှ ထွက်ပြေးသွားသူများဟု သံသယဖြင့် စစ်ဆေးနေသည်ဟုလည်း ယင်းထုတ်ပြန်ချက်က ဆိုသည်။

ကျောက်တန်းရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးလှထွန်းကတော့ သူ၏ရွာတွင် AA တပ်ဖွဲ့ဝင် မရှိဟုလည်း တုံ့ပြန်သည်။

“တစ်ယောက်မှ AA မပါဘူး၊ ရွာသားတွေချည်းပဲ ” ဟု ဦးလှထွန်းက ပြောသည်။

ယခင်က ရွာအနီးမိုင်းပေါက်ကွဲမှု အနည်းငယ်ရှိသော်လည်း ရွာသားများဖမ်းဆီးခံရသည့် ဖြစ်စဉ်မျိုး မရှိခဲ့ဟုလည်း ၎င်းက ဆိုသည်။

ဒဏ်ရာရသူများကို ရသေ့တောင်မြို့နယ် စေတီတောင်ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့ပြီး သေဆုံးသွားသူများ၏ အလောင်းများကို သက်ဆိုင်ရာ မိသားစုဝင်များကို ပြန်လည်အပ်နှံရန် လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

ယနေ့နံနက်ပိုင်းက Facebook စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်များတွင် လက်မောင်း နှင့် ခြေထောက်၊ ဝမ်းဗိုက်များတွင် ဒဏ်ရာရထားသည့် အမျိုးသားများအား ကုန်တင်ကားဖြင့် စေတီတောင် နှင့် စစ်တွေဆေးရုံများသို့ ခေါ်ဆောင်လာသည်ကို တွေ့မြင်ရသည်။

ကျောက်တန်းရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ၎င်းတို့တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားမှုမရှိကြောင်း ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရ ခိုင်သုခက Myanmar Nowကို ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသားပါတီကလည်း ယင်းဖြစ်စဉ်သည် အပြစ်မဲ့အရပ်သားများအား မမှန်မကန် စွပ်စွဲအကြောင်းပြကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး ကျူးလွန်သူများအား အရေးယူရန်နှင့် ထပ်မံမဖြစ်ပွားစေရေး တားဆီးပေးရန် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  လူ့အခွင့်အရေးကော်မရှင်တို့ထံ ယနေ့တွင် စာရေးသား တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသား ၂၇ ဦးကို AA နှင့်ပတ်သက်ကြောင်း တပ်က စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ ရွာသား ၃ ဦးမှာ စစ်ဆေးနေစဉ်  သေဆုံးသွားခဲ့သည်။

Show More

Related Articles

Back to top button