နိုင်ငံတကာသတင်းသတင်း

ထိုင်းဘုရင် ဝဇီရာလောင်ကွန်း ၎င်း၏ လုံခြုံရေးအကြီးအကဲကို မိဖုရားအဖြစ် ချီးမြှောက်

ဘန်ကောက် – ထိုင်းနိုင်ငံဘုရင် ဝဇီရာလောင်ကွန်းသည် ၎င်း၏ကိုယ်ရေးလုံခြုံရေးအဖွဲ့၏ ဒုတိယအကြီးအကဲဖြစ်သူကို ထိမ်းမြားလက်ထပ်လိုက်ပြီးနောက် ၎င်းကိုပင် မိဖုရား အဖြစ် ချီးမြှင့်မြှောက်စားလိုက်ပြီဖြစ်သည်ဟု တော်ဝင်မိသားစုက သတင်းထုတ်ပြန်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ထိုသို့ မိမိလုံခြုံရေးအဖွဲ့ထဲမှ အမှုထမ်းတစ်ဦးကို လက်ထပ်ထိမ်းမြားပြီး မိဖုရား အဖြစ် မြှောက်စားလိုက်သည့် သတင်းကြောင့် ထိုင်းပြည်သူများအကြား အံ့အားသင့်စရာ ဖြစ်ခဲ့ကြသည်။

တောင်ဝင်မိသားစု၏ တရားဝင်ကြေညာချက်တွင် “ဘုရင် မဟာဝဇီရာလောင်ကွန်းသည် ဂျင်နရယ် ဆုသီတာဝဇီရာလောင်ကွန်းနာ့အယုရာကို တော်ဝင်ထုံးတမ်းစဉ်လာနှင့်အညီ ထိမ်းမြားပြီးဖြစ်ရာ ဆုသီတာမှာ တော်ဝင်မိသားစုတွင် မိဖုရားအဖြစ် မိသားစုဝင်တစ်ဦး ဖြစ်လာတော့မည်ဖြစ်ပေသည်” ဟု ဖော်ပြထားသည်။

မိဖုရား ဆုသီတာသည် ထိုင်းဘုရင် ဝဇီရာလောင်ကွန်း၏ စတုတ္ထမြောက် ကြင်ရာတော်ဖြစ်ပြီး အများပြည်သူရှေ့မှောက်တွင် နှစ်များစွာ အတူယှဉ်တွဲကာ တွေ့မြင်ခဲ့ရသည်။ သို့သော် အသက် ၄၀ အရွယ်ရှိ မိဖုရား ဆုသီတာနှင့် ဘုရင်၏ ဆက်ဆံရေးကို တော်ဝင်မိသားစုက တရားဝင် ထုတ်ဖော်ကြေညာမှု မပြုခဲ့ပေ။

ဘုရင်နှင့် မိဖုရား ဆုသီတာတို့၏ ထိမ်းမြားလက်ထပ်သည့် အခမ်းအနားကို ရုပ်သံလိုင်းများက ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ထုတ်လွှင့်ပြသခဲ့သည်။ ယင်းအခမ်းအနားတွင် တော်ဝင်မိသားစုဝင်များနှင့် နန်းတော်အတိုင်ပင်ခံပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်ကို တွေ့မြင်ရသည်။

လက်ထပ်ထိမ်းမြားသည့် အခမ်းအနားတွင် ဘုရင် ဝဇီရာလောင်ကွန်းက ဘိသိက်ရေများကို မိဖုရား ဆုသီတာ၏ ဦးခေါင်းပေါ်သို့ လောင်းချပေးခဲ့သည်။ ထို့နောက် ဘုရင်နှင့် ဆုသီတာတို့သည် ထိမ်းမြားလက်ထပ်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆုသီတာသည် ၂၀၁၃ ခုနှစ်တွင် နန်တော်အစောင့်(လုံခြုံရေး)အဖွဲ့သို့ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဘုရင့်လုံခြုံရေး တပ်စိပ်၏ ကွန်မန်ဒါဖြစ်လာသည်။ ၎င်း၏ အဆင့်မှာ ဂျင်နရယ်အဆင့်ဖြစ်သည်။

ဘုရင် ဝဇီရာလောင်ကွန်းမှာမူ ယခင် အိမ်ထောင် သုံးဆက် ကျခဲ့ဖူးပြီး နောက်ဆုံးဇနီးဖြစ်သူနှင့် သားတစ်ဦး ထွန်းကားခဲ့သည်။ သို့သော် ၎င်းကို ကွာရှင်းပြတ်စဲခဲ့ပြီဖြစ်သည်။

ဝဇီရာလောင်ကွန်းသည် ထိုင်းပြည်သူများ ကြည်ညိုလေးစားသည့် ၎င်း၏ခမည်းတော် ဘုရင်မင်းမြတ် ဘူမိဘော ၂၀၁၆ ခုနှစ်က နတ်ရွာစံသွားပြီးနောက် ခမည်းတော်၏အရိုက်အရာကို ယင်းနှစ်တွင်ပင် ဆက်ခံခဲ့သည်။

Show More

Related Articles

Back to top button