သတင်း

ပြင်ဦးလွင်တွင် မြေယာအငြင်းပွားမှု ဖြစ်၍ တပ်နှင့်ဒေသခံတို့ ရုန်းရင်းဆန်ခတ်ဖြစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူရေး စီမံကိန်းဧရိယာအဖြစ် နယ်နိမိတ်သတ်မှတ်ကာ ၁၇၃ ဧက ကို ယနေ့နံနက်က ခြံစည်းရိုးခတ်လိုက်၍ ဒေသခံတောင်သူများနှင့် မြေယာအငြင်းပွားမှုဖြစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၊ အမှတ်၃နယ်မြေ၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာ၊ မင်းတည်းကွင်းတွင် ဧပြီလ၂၉ရက် နံနက်၇နာရီခန့်တွင် အဆိုပါမြေယာအငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီး တောင်သူများနှင့် အမှတ်၁၂၁တပ်ရင်းတို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ဒီမြေက အန်တီတို့ ဘိုးဘွားခေတ်ကတည်းက စလုပ်ခဲ့တယ်၊ သီးနှံအစုံ စိုက်ခဲ့တယ်၊ ခုထိစိုက်တုန်းပဲ၊ ခုကျတော့ သူတို့က တောင်သူမြေတွေကို အနိုင်ကျင့်ပြီး လာယူပါတယ်၊ ခြံစည်းရိုးတွေ လာခတ်ပါတယ်၊ ဘာပိုင်ဆိုင်မှုရှိလဲဆိုရင် အထက်ကလုပ်ခိုင်းလို့ပါလို့ပဲ ပြောပါတယ်”ဟု တောင်သူတစ်ဦးဖြစ်သူ ဒေါ်တင်မြက ပြောသည်။

တောင်သူတစ်ဦးဖြစ်သူ ဦးအေးလွင်ကလည်း ယခုမြေတွင် လုပ်ကိုင်စားသောက်လာသည်မှာ နှစ် ၅၀ ကျော်ပြီဖြစ်ကြောင်း ရှင်းပြသည်။

ဇီးပင်ကြီး-ထုံးဘို ကြိုးဝိုင်းကို တပ်မတော်ထိန်းသိမ်းစောင့်ရှောက်ခံအဖြစ် ထားရှိခြင်းဖြစ်သဖြင့် ကျွဲနဖားကြိုးဝိုင်းအတွင်းမှ မြေနှင့်မှားယွင်းကာ သိမ်းဆည်းခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများက ဆိုသည်။

“တကယ်တမ်း သူတို့ သိမ်းဆည်းလုပ်ပိုင်ခွင့်ရထားတာက ဇီးပင်ကြီး-ထုံးဘိုကြိုးဝိုင်း၊ အခုလာသိမ်းနေတာက ကျွဲနဖားကြိုးဝိုင်း”ဟု ဒေသခံတောင်သူ ဦးဝင်းမြင့်ဦးက ပြောသည်။

ယင်းမြေများကို တပ်မတော်က ပိုင်သည်ဟုဆိုကာ ၂၀၁၂ခုနှစ်မှစ၍ တောတောင်သူများခတ်ထားသည့် ခြံစည်းရိုးများကို မြေကြီးတူးသည့်ယာဉ်များနှင့် အကြိမ်ကြိမ် လာရောက်ဖျက်ဆီးသဖြင့် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများကို တွေ့ဆုံတိုင်ကြားထားသော်လည်း ယနေ့နံနက်တွင် ခြံစည်းရိုး လာခတ်ခြင်းခံရကြောင်း ဒေသခံတောင်သူများက ရှင်းပြသည်။

သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍  ခြံစည်းရိုးခတ်ရာတွင် ပါဝင်လုပ်ဆောင်နေသည့် ဗိုလ်မှူးကြီးအောင်နိုင်ဌေးကမူ

“ဘတ်ဂျက်ငွေနဲ့ ရတဲ့အနေအထားအရ ကျွန်တော်တို့စစ်သည်တွေ နွားနို့ကောင်းကောင်း မတိုက်နိုင်ဘူး။ ကျွန်တော်တို့အကြီးအကဲကနေ ဒီအတိုင်းဆိုရင်တော့ အဆင်မပြေဘူး။

ငါတို့မြေတွေရှိတယ်ဆိုပြီး နို့စားနွားမွေးမြူရေး လုပ်မယ်ဆိုပြီး ဒီစီမံကိန်းလုပ်ပါတယ်”ဟု ရှင်းပြသည်။

ယင်းအပြင် “ဒါတွေက ယခင်ကတည်းကလည်း တပ်မတော်ရဲ့စီမံကိန်းမြေနေရာတွေပဲ၊ အားလုံးက နိုင်ငံရေး ကာကွယ်ရေး လိုအပ်ချက်အတွက် ထိန်းသိမ်းထားတဲ့မြေ ဖြစ်တယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေသခံများကမူ အဆိုပါ ပြင်ဦးလွင်မြို့နယ် ကျွဲနဖားကြိုးဝိုင်းနယ်မြေမှာ မည်သည့်ဌာနဆိုင်ရာကမှ တရားဝင်သိမ်းဆည်းထားသည့် အထောက်အထားမရှိကြောင်း ၁၉၇၃ ခုနှစ်မှစ၍ ဒေသခံတောင်သူများက ဓားမဦးချ လုပ်ကိုင်စားသောက်နေခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်။

ဒေသခံများနှင့် တပ်မတော်တို့ မြေယာအငြင်းပွားမှုများမှာ မြန်မာနိုင်ငံနေရာ အတော်များများတွင် ဖြစ်ပေါ်လျက်ရှိပြီး ၂၁၀၈ သြဂုတ်လအတွင်းကလည်း မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းရှိ အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း၏ တပ်ပိုင်မြေတွင် ခံလူးကျေးရွာမှ ဒေသခံများ လူနေအိမ်များ ဆောက်လုပ်၍ ကျူးကျော် နေထိုင်သည် ဟုဆိုကာ ဒေသခံ ၂၂ဦးကို တပ်မတော်က တရားစွဲဆိုထားသည်။

Show More

Related Articles

Back to top button