
အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲများမှ ဟောပြောမှုတချို့နှင့် ပတ်သက်ပြီး တပ်မတော်က ပုဒ်မ ၅၀၅ က၊ ခ တို့ဖြင့် အမှုဖွင့် ထားသည်ဟု ရန်ကုန်၊ တိုက်ကြီးမြို့မ ရဲစခန်းထံမှ သိရကြောင်း တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်က ဧပြီ ၄ ရက်နေ့တွင် ပြောသည်။
“တပ်မတော်ဘက်က ဘယ်သူက စွဲတယ်၊ ဘာကြောင့် ဆိုတာတော့ မသိရသေးဘူး။ ၆ ရက်နေ့ မနက် တရားရုံးသွားမှ သိရပါမယ်၊ အခု ကျွန်တော်က နယ်ရောက်နေပါတယ်၊ ဝရမ်းထုတ်ထားတယ်လို့လည်း ပြောပါတယ်” ဟု ၎င်းက ဆိုသည်။
“လွတ်လပ်စွာပြောဆိုပိုင်ခွင့် ဆုံးရှုံးနေသေးတယ်လို့ ပြောချင်တယ်၊ ကျွန်တော်ပြောတဲ့ စကားထဲမှာ ပုဂ္ဂိုလ်ရေးအရ စော်ကားတာ တိုက်ခိုက်တာ မပါပါဘူး၊ သို့သော်ပြည်သူတွေက အကဲဖြတ်တာ ရှိတယ်လေ၊ ကျွန်တော်က တပ်မတော် အရာရှိကြီးတွေ ဘယ်လစာနဲ့ ဘယ်လိုချမ်းသာနေလဲ မေးရင် ပြည်သူတွေက ခိုးတာလို့ ဖြေတယ်၊ ဒါတွေကြောင့် ထင်ပါတယ်”
ရဲစခန်းတွင် အမှုဖွင့်ခြင်း မဟုတ်ဟု တိုက်ကြီးရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။
“တိုက်ကြီးမြို့နယ် တရားရုံးကို တိုက်ရိုက် ဦးတိုက်လျှောက်တာပါ၊ ဘယ်အရာရှိကလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး၊ ဘာအတွက်စွဲတာလဲ ဆိုတာလည်း မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။ တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်သည် နယ်လှည့်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံပွဲများတွင် ပါဝင် ဟောပြောနေသူဖြစ်သည်။
အာဏာရပါတီက အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ် ပေါ်ပေါက်လာရန် နေပြည်တော် လွှတ်တော်တွင် မကြာသေးမီ ကြိုးပမ်းရာ တပ်မတော်၊ အတိုက်အခံပါတီ ပြည်ခိုင်ဖြိုးတို့၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော်လည်း ထိုကော်မတီသည် အာဏာရပါတီအမတ် အားကောင်းသော လွှတ်တော်တွင် ပေါ်ပေါက်လာသည်။
တစ်ချိန်တည်းတွင်ပင် အခြေခံ ဥပဒေပြင်ဆင်ရေး ထောက်ခံပွဲများကို မြို့ကြီး မြို့ငယ် အများအပြားတွင် တွေ့ခဲ့ရသည်။
အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံသူ တစ်ဦးဖြစ်သည့် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည်လည်း Facebook ရေးသားမှုများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရားရုံး၊ ရဲစခန်းတို့တွင် တိုင်ကြားခံခဲ့ရသည်။
တိုင်ကြားသူမှာ တပ်မတော် အရာရှိတစ်ဦး ဖြစ်သည်။