သတင်း

မြောက်ဦးစေတီများ၊ နေအိမ်များပေါ်မှ AA ပစ်ခတ်ဟု တပ်ကစွပ်စွဲ

ရက္ခိုင့်တပ်မတော် AA သည် အရပ်သားနေအိမ်များနှင့် မြောက်ဦးရှေးဟောင်း စေတီပုထိုးများကို အကာအကွယ်ယူကာ တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က ယနေ့ စွပ်စွဲလိုက်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်း မတ်လ တတိယပတ်ကဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုများတွင် ရှေးဟောင်းစေတီပုထိုးများ ထိခိုက်မှုနှင့် ပတ်သက်ပြီး နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်  သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အထက်ပါအတိုင်း စွပ်စွဲလိုက်ခြင်းဖြစ်သည်။

မတ်လ ၁၈ ရက်နေ့က တပ်မတော်တပ်ရင်းဌာနချုပ်စခန်းနှင့် စစ်ကြောင်းတစ်ခုကို မြောက်ဦးမြို့ ပေါက်တောပြင်ရပ်ကွက်ရှိ လူနေအိမ်များ၊ ရှေးဟောင်းစေတီပုထိုးများမှနေ၍ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က အရပ်ဝတ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်က တစ်ဖက်သတ်ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း တပ်မတော် ပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေရှင်းသည်။

“ဒါက တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ အကွက်ကျကျဆောင်ရွက်တာ” ဟု ၎င်းက ပြောသည်။

သို့သော် AA ပြောခွင့်ရ အရာရှိ ခိုင်သုခက မြောက်ဦးမြို့ပေါ်တွင် ၎င်းတို့တပ်ဖွဲ့များမရှိသကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိကြောင်း လွန်ခဲ့သည့်ရက်အနည်းက Myanmar Now ကို ပြောခဲ့သည်။

မြောက်ဦးမြို့ပေါ်နှင့် ကျေးရွာအချို့မှ ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ ရှေးဟောင်း အမွေအနှစ်များကို ထိခိုက်ခဲ့ပြီးနောက် မြောက်ဦးမြို့ကို စစ်မဲ့ဇုန် အဖြစ် ထားရှိပေးရန် လက်နက်ကိုင်အဖွဲ့များကို မြန်မာနိုင်ငံရှေးဟောင်း သုတေသန ပညာအသင်းက တောင်းဆိုထားသည်။

ရခိုင်စစ်ရှောင်များအရေး ဆောင်ရွက်ပေးနေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အဖွဲ့၏ အချက်အလက်များအရ မြောက်ဦးမြို့တွင် စစ်ရှောင်စခန်း ၁၃ ခုနှင့် စစ်ဘေးရှောင်အရေအတွက် ၃၈၀၀ ကျော် ရှိနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button