သတင်း

ရခိုင်ဒေသတိုက်ပွဲ မြောက်ဦးမြို့ထဲအထိ ရွှေ့လာ

ဒေသခံတချို့  ဒဏ်ရာရစေသည့် ပစ်ခတ်မှုများကြောင့် တိုက်ပွဲဖြစ်နေသော မြောက်ဦးမြို့တွင် ယနေ့နံနက်ပိုင်းမှစ၍ လမ်းသွားလမ်းလာ ကင်းမဲ့သွားသည်ဟု ဒေသခံများက ပြောသည်။

လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု မြောက်ဦးမြို့ခံ ဦးအေးမောင်က ပြောသည်။

ဈေးဆိုင်တွေ အားလုံးနီးပါး ပိတ်ထားကြတယ်၊ လမ်းပေါ်မှာလည်း ခြောက်ကပ်နေတာပဲဟု ၎င်းက ပြောသည်။

မြို့မဈေး အပါအဝင်၊ ဘဏ်များလည်း ပိတ်ထားကြောင်း မြောက်ဦးမှ လာသော ဓာတ်ပုံများတွင် တွေ့ရသည်။

ကျည်ဆန်များက ရှေးဟောင်းစေတီပုထိုးတို့ရှိရာ ယဉ်ကျေးမှုနယ်မြေသို့လည်း  ကျရောက်ခဲ့သည်။ တိုက်ပွဲနှင့် မသက်ဆိုင်ဘဲ အကြောင်းမဲ့ ပစ်ခတ်ခြင်း ဖြစ်ဟန်တူသည်ဟု ဒေသခံတချို့က ဝေဖန်ကြသည်။

ဂုဏ်ကျွန်းရွာမှ ဒဏ်ရာရ ရွာသားတစ်ဦး မြို့နယ် ဆေးရုံသို့ ရောက်ရှိလာသည်ဟု ရခိုင်အမျိုးသားပါတီ၏ မြောက်ဦးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ကိုထွန်းနေဝင်းထံမှ သိရသည်။

ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ယမန်နေ့ည ၇ နာရီဝန်းကျင်ခန့်တွင်  ပစ်ခတ်သံများ  နေရာအနှံ့မှ ထွက်ပေါ်လာကြောင်း၊  တချို့သော လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများမှာ မြို့မြောက်ဘက် ကျောက်ကျပ်၊ စေတီတောင်ဘက်မှ လာသည်ဟု ယူဆကြောင်း၊ မြို့ခံတချို့က လုံခြုံရေးအတွက် ကိုယ်တိုင်ကိုယ်ကျ စီစဉ်နေကြကြောင်း ပြောသည်။

ဗုံးတွေဘာတွေကျလာရင် သူတို့အသက်အန္တရာယ်လုံခြုံအောင်ဆိုပြီး ဗုံးခိုကျင်းတွေတူးနေကြတယ်ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့  ပစ်ခတ်မှုများနှင့် ပတ်သက်၍ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား အပြန်အလှန် ပြစ်တင်စွပ်စွဲလျက်ရှိသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မြောက်ဦးမြို့အနီးအနားရှိ တပ်မတော်စခန်းကို AA အဖွဲ့က ပစ်ခတ်ခဲ့သည်၊ မြို့တွင်းကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ချောင်းမြောင်းပစ်ခတ်ခံရသည်ဟု  Myanmar Now ကို ယနေ့ ပြောပြသည်။

သူတို့က ပစ်လို့ ကျွန်တော်တို့က ပြန်ပစ်ရတာ၊ လုံခြုံရေး အဖွဲ့သားတွေက အကြောင်းမဲ့ ပစ်ခတ်တာ လုံးဝ မရှိဘူးဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း AA အဖွဲ့သည် မြို့တွင်းရှိ နေအိမ်များပေါ်မှ နေရာယူ တိုက်ခိုက်ခဲ့သည်ဟု  ယနေ့ သတင်းထုတ်ပြန်သည်။

AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက မြောက်ဦးမြို့တွင်း၌ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ မရှိသကဲ့သို့ တိုက်ခိုက်မှုများလည်း မလုပ်ကြောင်း ငြင်းဆိုသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့ဝင်များဖြစ်ကြသည့်  MNDAA၊  TNLA, AA တို့က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် မြောက်ဦးမြို့နယ်အတွင်းသို့ တပ်မတော်၏ ပစ်ခတ်မှုများကို ရှုတ်ချကြောင်း ဖော်ပြထားသည်။

နှစ်ဖက်တိုက်ပွဲများ မြောက်ဦးယဉ်ကျေးမှုနယ်မြေသို့ ရောက်လာခြင်းကြောင့် စေတီပုထိုးများပျက်စီးမည်ကို ဒေသခံများနှင့် မြန်မာရှေးဟောင်းသုတေသနပညာအသင်းတို့က စိုးရိမ်နေကြသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ကြိုးပမ်းနေသည့်ကာလ ဖြစ်သောကြောင့် မြောက်ဦးယဉ်ကျေးမှု ဒေသကို စစ်မဲ့ဇုန်အဖြစ် ဖန်တီးပေးရန် ထိုအသင်းက လက်နက်ကိုင်အဖွဲ့အစည်းများကို မေတ္တာရပ်ခံထားသည်။

မြို့နယ်အတွင်း ပြီးခဲ့သည့်လမှစ၍ တိုက်ပွဲပြင်းထန်ခဲ့ရာ ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးသင့်ခဲ့ပြီး ဒေသခံတို့ တိမ်းရှောင်ခဲ့ရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်တွင် လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင် ၈ ဖွဲ့ မတ်လ ၂၁ ရက်နေ့ နေပြည်တော်သို့ သွားရောက်သည့်အခါ မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဟု သိရသည်။

 

 

 

 

 

 

Show More

Related Articles

Back to top button