
ရှမ်းပြည်နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသည့် တအာင်း/ပလောင်လက်နက်ကိုင်အဖွဲ့ TNLA က အရပ်သားတို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း၊ မူးယစ်ဆေးနှင့် ပတ်သက်သည်ဟု ယူဆရသူတို့ကို ပြန်လွတ်မည် မဟုတ်ကြောင်း မတ် ၁၈ ရက်နေ့တွင် ပြောလိုက်သည်။
ဆက်လက်ထိန်းသိမ်းခံနေရသော မူဆယ်ခရိုင်၊ ပန်းဆေးဒေသခံ ၈ ဦး ပြန်လွတ်လာရေးအတွက် လူငယ်အဖွဲ့တစ်ခုက စာနယ်ဇင်းများတွင် ရှင်းလင်းနေခြင်းနှင့် ပတ်သက်ပြီး TNLA က ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“ဘိန်းစိုက်တာတွေ၊ ရောင်းဝယ်တာတွေ မကြာခဏ ကျွန်တော်တို့ ဖမ်းဆီးတယ်၊ သူတို့ပြောတဲ့ ၈ ဦး ဆိုတာ ဘယ်ဟာလဲ မသိဘူး၊ သေချာတာကတော့ မူးယစ်ဆေးနဲ့ ဆက်နွှယ်နေတဲ့ တရားခံတွေကတော့ ကျွန်တော်တို့ဆီ ရှိသေးတယ်” ဟု ထိုအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
“ဖမ်းတာကတော့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် ဖမ်းတာပဲ၊ ပထမအကြိမ်က ၁၁ ဦး ရှိတယ်၊ ၅ ဦး ပြန်လွှတ်ခဲ့တယ်၊ ဒီလ ၆ ရက်နေ့မှာ ဖမ်းတဲ့ ၈ ဦးကလည်း လွှတ်ပြီးပြီ” ဟု ၎င်းက ပြောသည်။
မူးယစ်ဆေးဝါး နှိမ်နင်းရေးအတွက် ရွာသားတို့ အဖမ်းခံရခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်ကို ဒေသတွင်း ခိုလုံလီရှောလူငယ်အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ မခင်သိမ့်သိမ့်ထွန်းက ပယ်ချသည်။
ဆက်လက်ထိန်းသိမ်းခံနေရသူတို့မှာ တောင်းသည့်ငွေ မပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု မခင်သိမ့်သိမ့်ထွန်းက ပယ်ချသည်။
“ခုပြန်မလွှတ်သေးတဲ့အထဲ ယောက္ခမရယ် ကလေးရယ်၊ ကလေးအမေရယ် ဖမ်းခံရပြီး ယောက္ခမက သိန်းသုံးဆယ်၊ ကလေးက နှစ်သိန်းပေးလို့ ပြန်လွတ်လာတယ်၊ ကလေးအမေက မပေးနိုင်လို့ ကျန်ခဲ့တာ၊ မျက်နှာတွေ ယောင်ဖောနေတာ၊ အသက် စိုးရိမ်နေရတယ်” ဟု မခင်သိမ့်သိမ့်ထွန်းက ပြောသည်။
ရှမ်းပြည်နယ်တွင် TNLA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ အခြေစိုက် လှုပ်ရှားနေပြီး ဒေသခံတို့နှင့် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့များလည်း အများအပြား ရှိနေသည်။
TNLA သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း နမ့်ခမ်းမြို့ရှိ ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သူ၏နေအိမ်မှ ဖမ်းခေါ်သွားပြီး နှစ်လကြာ ထိန်းသိမ်းခဲ့ဖူးသည်။
ထိုအမျိုးသမီးသည် TNLA က “အခွန်” ဟု သတ်မှတ်သည့် ဆက်ကြေးကောက်ခံမှုနှင့် ပတ်သက်ပြီး အာဏာပိုင်တို့ထံ တိုင်ကြားခြင်းကြောင့် ထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။