သတင်း

ငြိမ်းစုစီဖြင့် အမှုဖွင့်ခံထားရသည့် ရွာသားများ တရားရုံးမလာဘဲ သပိတ်မှောက်သဖြင့် ဖမ်းဝရမ်းထုတ်

မန္တလေး – ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးလုပ်မှုပုဒ်မဖြင့် တရားစွဲခံထားရသည့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှ ရွာသူရွာသား လေးဦးသည် ယနေ့ အမိန့်ချမည့်နေ့တွင် တရားရုံးသို့မလာဘဲ သပိတ်မှောက်ခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်သည်။

ယင်းမြို့နယ် အောင်သပြေကျေးရွာအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီက တည်ဆောက်မည့် တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစီမံကိန်းကို ရွာသူရွာသားများက ဆန့်ကျင်လျက်ရှိကြရာတွင် ဦးကျော်ဇေယျ အပါအဝင် လေးဦးသည် ယင်းဘိလပ်မြေစီမံကိန်းကို ကန့်ကွက်ကြောင်း ယမန်နှစ် ဇူလိုင်လ ၂၅ ရက်နေ့က ရွာထိပ်ဇရပ်တွင် စုဝေးခဲ့ကြသဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉ ဖြင့် ရဲက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် အာမခံဖြင့် အချုပ်လွတ်အမှုရင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ အမိန့်ချမည့်နေ့တွင် တရားရုံးသို့ မဖြစ်မနေလာရမည်ဟု ပြောထားသော်လည်း မလာရောက်သဖြင့် ဖမ်းဝရမ်းထုတ်ရခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်တရားရုံးမှ အမည်မဖော်လိုသူ ပြန်ကြားရေးအရာရှိက ပြောသည်။

ဒီနေ့ရုံးချိန်းမှာ ကျော်ဇေယျပါ လေးဦး တရားရုံးမလာဘူး၊ အဲဒီအတွက် ခရီးလွန်နေတယ်ဆိုပြီး ခွင့်တင်တယ်။ တရားရုံးကတင်တဲ့ခွင့်ကို ပယ်ချတယ်။ တရားခံတွေကို ဖမ်းဆီးမယ်ဆိုပြီး ဖမ်းဆီးမိန့်ထုတ်တယ်” ဟု ရွာသူရွာသားများ၏ရှေ့နေ ဦးစည်သူက ပြောသည်။

ယနေ့တွင် အောင်သပြေရွာမှ တောင်သူ ၁၀ ဦးခန့်က တရားရုံးသို့ လာရောက်ကာတောင်သူတွေကို မတရားလုပ်တဲ့ တရားရုံးဟာ ပုသိမ်ကြီးတရားရုံးဟု အော်ဟစ်ခဲ့ကြသည်။

၎င်းတို့ လေးဦးအပြင် ထိုစီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သူ နောက်ထပ်ငါးဦးသည်လည်း ရုံးချိန်းမလာသဖြင့် ပုသိမ်ကြီးတရားရုံးက မတ်လ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်ခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ခံရသူ ရွာသား ကိုးဦးအထိ ရှိလာခဲ့သည်။

ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် အဆိုပါ ဘိလပ်မြေစက်ရုံစီမံကိန်းသည် သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက ရန်ကုန်အခြေစိုက်မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီ လီမိတက်ကို လုပ်ပိုင်ခွင့်ပြုခဲ့သည့် စီမံကိန်းဖြစ်သည်။

အဆိုပါစက်ရုံစီမံကိန်း အဝင်အထွက်လမ်းသည် တောင်သူများ၏ယာခင်းများပေါ်မှ ဖြတ်သွားသည်ဆိုသော စွပ်စွဲချက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် အနီးအနားရွာများက ထိုစီမံကိန်း စသည့် ယမန်နှစ်ဇူလိုင်လကတည်းက တောက်လျှောက်ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ စီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကြောင့် လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ ၁၉၊ တားဆီးပိတ်ဆို့မှု ရာဇသတ်ကြီးပုဒ်မ ၃၄၁ တို့ဖြင့် အောင်သပြေကျေးရွာမှ စက်ရုံစီမံကိန်းကို ကန့်ကွက်ခဲ့သည့် တောင်သူ ၁၆ ဦးနှင့် သရက်ကိုင်းကျေးရွာမှ တောင်သူ တစ်ဦးစုစုပေါင်းတောင်သူ ၁၇ ဦးတို့သည် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button