သတင်း

TNLA ရန်မှ ကာကွယ်ပေးရန် နမ့်ခမ်းဒေသခံတချို့ တောင်းဆို

ရန်ကုန် – တအာင်း/ပလောင် လက်နက်ကိုင်တပ်ဖွဲ့ (TNLA) ၏ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပြန်ပေးဆွဲငွေတောင်းခံမှုများမှ အကာအကွယ်ပေးရန် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်းမှ ဒေသခံတချို့က အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

နမ့်ခမ်းမြို့နယ်၊ ပန်ဆေးကျေးရွာ ဒေသခံ တချို့က မန္တလေးမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၂၀ ရက်နေ့တွင် TNLA သည် အသက် ငါးနှစ်မှ ၁၁ နှစ်အတွင်းရှိ သူ၏ သားသုံးဦးအား စာသင်ကျောင်းမှ အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ကျပ်သိန်း ၁၂၀ ကျော် တောင်းခံခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သည့် မမော်ဆွေရှန်းက ပြောသည်။

“အိမ်မှာရှိတဲ့ ဝက်တွေကြက်တွေရောင်း၊ ငွေတွေချေးပြီး ရွေးခဲ့ရတယ်။ အကြွေးတောင် မကျေသေးပါဘူး။ နောက်ထပ် ဒါမျိုးတွေ ထပ်လုပ်နေအုံးမှာ စိုးထိတ်နေရတယ်” ဟု ၎င်းကပြောသည်။

သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြသူတို့က ၎င်းတို့ဒေသတွင် လွန်ခဲ့သည့် ၁၀ နှစ်က ခိုလုံလီရှော (လီဆူတိုင်းရင်းသား) ၅၀,၀၀၀ ကျော် နေထိုင်ခဲ့သော်လည်း TNLA အပါအဝင် လက်နက်ကိုင်များ၏ လှုပ်ရှားမှုများကြောင့် အများစုမှာ ထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်တွင် ၂၀,၀၀၀ ကျော်သာ ရှိတော့သည်ဟု ဆိုသည်။

“ဒါမျိုးတွေ ဘာလို့ လုပ်နေတာလဲ သိချင်ပါတယ်။ အရင်ကဆို ကျွန်မတို့နဲ့စုပေါင်းပြီး နေခဲ့တယ်…….ခုဆို TNLA ကိုကြောက်လို့ ရွာတွေတောင် မနေရဲကြတော့ဘူး။ အကုန်ပြောင်းကုန်ကြပြီ” ဟု မခင်သိမ့်သိမ့်ထွန်းက ပြောသည်။

အဆိုပါဒေသတွင် ဖမ်းဆီးမှုများရှိကြောင်း TNLA ဘက်က ဝန်ခံခဲ့သည်။

၎င်းတို့ထိန်းချုပ်ရာဒေသတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်ဖြင့် ဘိန်းစိုက်ပျိုးသူများအား ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း၊ ယင်းဖမ်းဆီးမှုသည် မျိုးနွယ်စုတစ်ခုခုကို ဦးတည်တိုက်ခိုက်ခြင်းမဟုတ်ဘဲ ဘိန်းစိုက်ပျိုးသူ အားလုံးကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း TNLA ပြောခွင့်ရ အရာရှိ တာအိုက်ကျော်က ပြောသည်။

ပြန်ပေးဆွဲ ငွေကြေးတောင်းခံသည့် စွပ်စွဲချက်များကိုလည်း ၎င်းက ငြင်းဆိုခဲ့ပြီး ဘိန်းစိုက်ခင်းများတွင် တွေ့ရသည့် ကလေးငယ်များအား ခေတ္တထိန်းသိမ်းခဲ့ခြင်းသာ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဘိန်းစိုက်လို့ ဖမ်းတာပါ။ ခိုလုံလီရှောမို့ ဖမ်းတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဒေသမှာ မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေ လုပ်နေတယ်။ သူတို့က အခင်းတွေဖျက်လည်း ပြန်စိုက်ကြတယ်။ ဒါ့ကြောင့်ဖမ်းတာပါ” ဟု ၎င်းက ပြောသည်။

မခင်သိမ့်သိမ့်ထွန်းကမူ TNLA ၏တုံ့ပြန်ချက်သည် အခြေအမြစ်မရှိဟု ဆိုသည်။ လမ်းပန်းဆက်သွယ်ရေး မကောင်းသည့် အတိတ်ကာလတွင် ဘိန်းစိုက်ပျိုးခဲ့သည်မှာ မှန်ကန်သော်လည်း ယနေ့အချိန်တွင် ဘိန်းခင်းများ မရှိတော့ကြောင်း ၎င်းက ပြောသည်။

“သူတို့ဓားပြတိုက်ကောင်းအောင် ပြောတာပါ။ ဒါဆို အသက် ၉၆ နှစ်အဘိုးကြီးက သူ့ ဘာသာတောင် မထနိုင်တာ ဘိန်းစိုက်မှာလား။ ကျောင်းကပြန်လာတဲ့ ကလေးတွေက ဘိန်းစိုက်မှာလား ကျွန်မ မေးချင်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် TNLA က အမျိုးသမီး သုံးဦးနှင့် အမျိုးသား ၁၃ ဦး စုစုပေါင်း ၁၆ ဦးကို ထိန်းသိမ်းထားဆဲဟု ဒေသခံများက ဆိုသည်။

Show More

Related Articles

Back to top button