သတင်း

လှိုင်သာယာ ညောင်ရွာမီးဒဏ်သင့် ကျူးကျော်မိသားစုအများစု နေစရာအခက်တွေ့

ရန်ကုန်- လှိုင်သာယာမြို့နယ် ကျူးကျော်ရပ်ကွက် မီးဘေးသင့်များ၏ ယာယီကယ်ဆယ်ရေးစခန်း ပိတ်သိမ်းတော့မည် ဖြစ်သည့် အတွက် လူဦးရေ ၄၀၀ ကျော်ပြန်လည်နေထိုင်ရေး အခက်အခဲကြုံတွေ့နေသည်။

ယခုလ ၉ရက် (တနင်္ဂနွေနေ့အစောပိုင်း)က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ပန်းလှိုင်လမ်းမကြီးဘေးရှိ ကျူးကျော်အိမ်ခြေ ၁၂၀ မီးထဲပါခဲ့ပြီး မီးဘေးသင့်ကျူးကျော်နေထိုင်သူ ၄၂၁ ဦး ညောင်ရွာအောင်မင်္ဂလာဘုန်းကြီးကျောင်းတိုက်တွင် ယာယီခိုလှုံနေသည်မှာ လေးရက် ကြာမြင့်ပြီဖြစ်သည်။

မီးဘေးသင့်လူဦးရေ ၄၀၀ ကျော်ထဲမှ ကျူးကျော်နေထိုင်သူများမဟုတ်သည့် မူလပိုင်ဆိုင်မှုရှိသူ အနည်းစုကိုတော့ ၎င်းတို့၏မူလနေရာကို ပြန်လည်ချထားပေးမှာဖြစ်ပြီး ကျူးကျော်နေထိုင်သူများ နေရာချထားရေးကိုတော့ တိုင်းအစိုးရအဖွဲ့၏ဆုံးဖြတ်ချက် တစ်စုံတစ်ရာမကျသေးဟု လှိုင်သာယာမြို့နယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမောင်ကMyanmar Now ကိုပြောသည်။

“ကျူးစမတ်ကတ်ရှိတဲ့သူတွေကို ယခင်မီးလောင်တုန်းကဆောက်ထားတဲ့ ၁၉ ရပ်ကွက်က တန်းလျားမှာ အခန်းတွဲ ခုနစ်တွဲ ရှိသေးတယ်။ အဲဒီခုနစ်ခန်းမှာ ယာယီနေထိုင်ဖို့ ကျွန်တော်တို့ မဲဖောက်ပေးမယ်။ မီးလောင်တဲ့အိမ်က ၁၀၀ ကျော်တယ်လေ။ အရမ်းများနေတော့ စမတ်ကတ်ရထားတဲ့သူတွေထဲကပဲ မဲဖောက်ပြီး ကံစမ်းပေးရင်ပေးဖို့ စဉ်းစားထားတယ်” ဟု ၎င်းက ပြောသည်။

လိုင်းခန်း ခုနစ်ခန်းစာသည် မိသားစု ခုနစ်စုစာသာ နေထိုင်နိုင်မည်ဖြစ်သဖြင့် ကျန်သည့် မိသားစု ၁၀၀ ဝန်းကျင်၏ နေရေးမှာ သောင်မတင်ရေမကျ ဖြစ်နေသည်။

“မီးလောင်သွားတဲ့ကျူးတွေဆိုရင်တော့ အထိုက်အလျောက်ကတော့ ဒီလိုပဲ ဖြေရှင်းကြရတာပဲလေ။ ကျူးရဲ့အနေအထားက နဂိုကတည်းက တရားမဝင်ဘူးပေါ့ဗျာ။ လမ်းရဲ့ဧရိယာ၊ အစိုးရပိုင်မြေတွေမှာ နေကြတဲ့သူတွေပေါ့။ ကျွန်တော်တို့က အဲဒီနေရာမှာပြန်သွားနေပါလို့ ပြောလိုက်ရင် ပြန်ကျူးခိုင်းလိုက်သလို ဖြစ်နေမှာပေါ့။ သို့သော်လည်း… ကျွန်တော်က ဒေသခံလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်နေတော့ အခြေအနေအရပ်ရပ်ကို အစိုးရအဖွဲ့မှာ သွားတင်ပြဖို့ရှိတယ်” ဟု ဦးဝင်းမောင်က ဆက်ပြောသည်။

လတ်တလော ခိုလှုံနေသည့် ကယ်ဆယ်ရေးစခန်းမှာ တစ်ပတ်အတွင်း ပြောင်းရွှေ့မည်ဖြစ်ကြောင်း၊ စားရေးသောက်ရေး လုံလောက်မှုရှိသော်လည်း ပြန်လည်နေထိုင်ရေး အခက်အခဲရှိနေကြောင်း ညောင်ရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောသည်။

“အခုအချိန်က လက်ဗလာနဲ့ ကျန်ခဲ့တာဖြစ်တဲ့အတွက် သူတို့တွေရဲ့နေအိမ်တွေ ဘယ်မှာပြန်ဆောက်ရမလဲ၊ ဘယ်လို ပြန်အခြေချရမလဲ ဆိုတာတွေ မသိသေးတဲ့အခါကျတော့ သူတို့မှာ အခက်အခဲရှိတာပေါ့။ ကျွန်တော် ဆုံးဖြတ်ချက်ချလို့ ရတာလည်းမဟုတ်ဘူး။ ကျွန်တော်ကတော့ သူတို့ကို ဥမကွဲသိုက်မပျက် နေစေချင်တာပေါ့” ဟုဆိုသည်။

လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာတွင် ကျူးကျော်နေထိုင်သည့် အိမ်ထောင်စု ၂၀,၀၀၀ ဝန်းကျင်ရှိပြီး ၂၀၁၇ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားချက်အရ ကျူးကျော်နေထိုင်သူများအား စမတ်ကတ်များ ထုတ်ပေးထားခဲ့သည်။

မီးလောင်ကျွမ်းမှုတွင် နေအိမ်ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု ၁၂၀ အနက် အများစုမှာ ကျူးကျော်စမတ်ကတ် ကိုင်ဆောင်ထားပြီးသူများဖြစ်ပြီး စမတ်ကတ်များ၊ မှတ်ပုံတင်များနှင့် အိမ်ထောင်စုစာရင်းများလည်း မီးထဲဆုံးရှုံးခဲ့ကြရသည်ဟု ပြောသည်။

မီးလောင်ပြင်နေရာ၌ အသုံးပြု၍ရနိုင်မည့်ပစ္စည်းများကို ပြန်လည်ရှာဖွေနေကြသူများကို မတ်လ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ကေဇွန်နွေး)

မီးဘေးသင့်ပြည်သူ ၄၂၁ဦးတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦး ပါဝင်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသူကျောင်းသား ၅၃ ဦးလည်း ပါဝင်သည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၁၂၀ ကျော်ရှိကြောင်း လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်မှုတွင် အိမ်ထောင်စုစာရင်းများ၊ မှတ်ပုံတင်များနှင့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များ မီးထဲပါသွားခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေသူများလည်း ရှိသည်။

“ကိုယ့်မှာအရေးကြီးဆုံးက မှတ်ပုံတင်နဲ့ ဒီဆယ်တန်းအောင်လက်မှတ်ပဲ။ လင်မယားနှစ်ယောက်စလုံး (အိမ်ထဲကနေ) သွားယူချင်ပေမဲ့ အဲ့နေ့က မီးက တအားကြီးတယ်။ အခု ဒီအလုပ်တွေနဲ့အလုပ်မဆင်းနိုင်တော့ စက်ရုံက အထုတ်ခံလိုက်ရပြီ။ မှတ်ပုံတင်လည်းမရှိ၊ ဆယ်တန်း အောင်လက်မှတ်လည်းမရှိ ဘယ်အလုပ်အသစ် သွားရှာရမလဲ” ဟု ကယ်ဆယ်ရေးစခန်းရောက် အသက် ၂၄ နှစ်အရွယ် ကိုစိုးမြင့်အောင်က ပြောသည်။

ပြန်လည်နေထိုင်ရေးအတွက် တိတိကျကျ မသိရှိရသေးသော်လည်း ၎င်းတို့နေထိုင်ခဲ့သည့် မူလနေရာများ၌ ပြန်လည်နေထိုင်ခွင့်ရရန် မျှော်လင့်နေသည်ဟု အဆိုပါရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့် အသက် ၆၆ နှစ်အရွယ် ခေါက်မုန့်သည် ဒေါ်အေးမြင့်က ပြောသည်။

လက်ရှိတွင် အဆိုပါ မီးဘေးသင့်ပြည်သူများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အရပ်ဘက် ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများက စောင်၊ ခေါင်းအုံး၊ ခြင်ထောင်နှင့် စားရေးသောက်ရေးတို့ကို အဓိက ကူညီထောက်ပံ့ပေးထားသည်။

ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ညောင်ရွာအောင်မင်္ဂလာကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးသောဘိတက ၎င်းတို့၏ နေရေးမှာ အဓိကအရေးကြီးသဖြင့် ကျောင်းတွင်ခိုလှုံနေသူများအား အလှူငွေ တတ်နိုင်သမျှ ကူညီသွားမည်ဖြစ်ကြောင်း Myanmar Nowကို မိန့်ကြားသည်။

မတ်လ ၁၀ ရက်နေ့ မနက် ၉ နာရီကျော်ကလည်း မြောက်ဥက္ကလာပမြို့နယ် ဆရပ်ကွက်၊ ကရဝိက် (၁) လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၄ လုံးမီးလောင်ဆုံးရှုံးခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် လူဦးရေ ၁၄၃ ဦး မီးဘေးသင့်ခဲ့ရပြီး နီးစပ်ရာဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့် ယာယီခိုလှုံနေရသည်။

Show More

Related Articles

Back to top button