ရွေးကောက်ပွဲ

ရန်ကုန်မဲရုံများတွင် ပြည်သူများ တက်ကြွစွာ မဲပေး

ရန်ကုန် – ပုံမှန်အားဖြင့် ကားသံ၊ လူသံတွေနဲ့ ဆူညံနေတဲ့ ရန်ကုန်မြို့ရဲ့လမ်းတွေဟာ နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေနေ့) မှာ တိတ်ဆိတ်လျက်ရှိပါတယ်။ ဒါပေမယ့် မြို့လယ် ဆူးလေဘုရားဝန်းကျင်က လမ်းတွေမှာရှိတဲ့ ကျောင်းတွေမှာ ယာယီဖွင့်လှစ်ထားတဲ့ မဲရုံတွေမှာတဲ့ လူတွေဟာ မဲပေးဖို့ တန်းစီပြီး စနစ်ကျစောင့်နေကြပါတယ်။

ကျောက်တံတားမြို့နယ်က မဲရုံအမှတ် ၂ မှာ မဲပေးမယ့်သူ ၉၉၄ ဦးရှိတယ်လို့ သိရပါတယ်။ အသက် ၄၇ နှစ်အရွယ်ရှိတဲ့ ဦးမျိုးညွှန့်ကတော့ မဲပေးဖို့ ၉ နာရီခွဲလောက်မှာ ရောက်လာပါတယ်။

“ကျွန်တော် တန်းစီနေတာ ငါးမိနစ်လောက်ရှိသွားပြီ။ သိပ်မကြာပါဘူး” လို့ အရောင်းအဝယ်လုပ်သူတစ်ဦးဖြစ်တဲ့ ဦးမျိုးညွန့်က ပြောပါတယ်။ သူက ၁၉၉ဝ၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွေ နဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

“နည်းနည်းတော့ ကွာခြားလာတယ်။ အခုဟာက ပိုပြီးလွတ်လပ်တာပေါ့။ တိုင်းပြည်ရဲ့ အနာဂတ် အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်တဲ့သူကိုပဲ ရွေးချယ်ရမှာပေါ့” လို့ သူက ဆိုပါတယ်။

တပ်ရင်းတပ်ဖွဲ့များရှိတဲ့ မင်္ဂလာဒုံမြို့နယ်မှာ တပ်ဖွဲ့ဝင်တို့၏ မိသားစုများဟာ စစ်တပ်ဝင်းနဲ့ စစ်ဆေးရုံတွေအတွင်းမှာရှိတဲ့ ယာယီမဲရုံတွေမှာ မဲပေးနေရမှာပါ။ တပ်ဖွဲ့ဝင် ရာပေါင်းများစွာနဲ့ သူတို့ရဲ့မိသားစု တွေဟာ နံနက် ၆ နာရီ မဲရုံမဖွင့်ခင်ကတည်းက အမှတ် ၁ မိခင်နှင့်ကလေး စစ်ဆေးရုံတွင် ရောက်ရှိနေကြပြီဖြစ်ပါတယ်။

မနက် ၁၁ နာရီဝန်းကျင်မှာတော့ မဲပေးမယ့်သူ ၇ဝဝ အနက်က ထက်ဝက်လောက် မဲပေးပြီးသွားပါပြီ။ မဲမပေးရသေးသူတွေက ဆေးရုံဝင်းအတွင်းမှာ ချပေးထားတဲ့ ပလတ်စတစ်ခုံတွေမှာ အေးအေးဆေးဆေးပဲ ထိုင်နေကြတယ်။

အသက် ၅၉နှစ်အရွယ် ဗိုလ်မှူးစိုးမြင့်က သူကတော့ စစ်တပ်ရဲ့ ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုပဲ မဲထည့်ခဲ့တယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ အခြားပါတီကို မဲပေးလိုက်ရင် အငြိမ်းစားပင်စင်ခံစားခွင့် ဆုံးရှုံးရမှာ စိုးရိမ်တယ်လို့ ဆိုပါတယ်။

“တပ်မတော်မှာ အကြာကြီး တာဝန်ထမ်းဆောင်ခဲ့လို့ စစ်တပ်ရဲ့ ပါတီကလွဲပြီး အခြားပါတီကို ပေးဖို့မရှိပါဘူး” လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့လယ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မွတ်စလင်တစ်ဦးဖြစ်သူ ဦးကျော်ကောင်းက သူ့မိဘတွေနဲ့ မဲလာပေးပါတယ်။ မဲပေးရတာ အားလုံးအဆင်ပြေကြောင်းနဲ့ မြန်မာနိုင်ငံမှာ မွတ်စလင်ဆန့်ကျင်ရေး ခံစားချက်တွေရှိနေတာကို ပြန်လည်သင့်မြတ်အောင် လုပ်ပေးဖို့ လိုမယ်လို့ ဆိုပါတယ်။

“မြန်မာပြည်က လူမျိုးတစ်မျိုးက မိမိကိုယ်ကို ပြုပြင်မှ ကမ္ဘာကြီးတိုးတက်လာမှာပါ။ ကိုယ့်တာဝန်ကိုယ် သိရမယ်။ ညီညီညွတ်ညွတ်နေရင် ကောင်းတယ်” လို့ ဆိုပါတယ်။

အသက် ၄ဝ အရွယ် ဦးသိန်းနိုင်ဆိုသူက ၃၈ လမ်းမှာ မဲပေးခဲ့သူတစ်ဦးပါ။ ညနေမဲရုံတွေ မပိတ်ခင်မှာ အားလုံးမဲပေးနိုင်ဖို့ မလွယ်ကြောင်း ပြောပါတယ်။

“မနက် ၇ နာရီကနေ ၈ နာရီခွဲအထိ တန်းစီရတယ်။ မဲပေးတာကတော့ ၁၅ မိနစ်လောက်ကြာတယ်။ အားလုံး မပြီးလောက်ဘူးလို့ ထင်တယ်” လို့ ပြောတယ်။

“ဖြစ်စေချင်တာက ပြည်သူတွေကို ဆော်သြဖို့၊ အသိပညာပေးဖို့ ဖြစ်စေချင်တယ်။ လူတိုင်းက မဲသုံးနေရာ အနည်းဆုံးပေးရမယ်ဆိုတာ မသိဘူး။ ကျွန်တော့် ဘေးနားက လူ ၁ဝဝ လောက်ကိုတော့ မဲဘယ်လို ပေးရမယ်ဆိုတာ တန်းစီနေတုန်း ပြောပြခဲ့တယ်။ ဒါမှ သူတို့မဲတွေ အလဟဿမဖြစ်မှာ” လို့ သူက ဆိုပါတယ်။

သူ့အနေနဲ့ အရင်ရွေးကောက်ပွဲတွေတုန်းက မဲပေးခွင့်ရခဲ့ပေမယ့် ဒါဟာ ပထမဆုံးအကြိမ် မဲပေးတာဖြစ်ကြောင်း ပြောပါတယ်။

“ဘယ်တုန်းကမှ မဲမပေးခဲ့ဘူး။ ဒီနှစ်ကိုတော့ စိတ်ဝင်စားတယ်။ ကိုယ့်ဆန္ဒတွေ ပြည့်သွားမယ်ထင်လို့။ ပြီးခဲ့တဲ့နှစ်တွေက ဘာသံမှ မကြားရဘူး။ ဒီနှစ် အမှားမျိုးစုံ တွေ့ရတယ်။ အရင်က ဒီလိုအသံတွေ မကြားခဲ့ရဘူး။ အမှန်အတိုင်းပြောရရင်တော့ အင်န်အယ်လ်ဒီ နိုင်စေချင်တယ်” လို့ သူက ပြောပါတယ်။

မဲပေးရာမှာ အခက်အခဲရှိတယ်လို့ ပြောသူအချို့လည်း ရှိပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်က ကျော်ကျော်ဦးက ရခိုင်-ဗမာတစ်ဦးအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားအတွင်းမှာ ဖော်ပြခံထားရပေးမယ့် ရခိုင်တိုင်းရင်းသားစာရင်းထဲမှာ သူ့နာမည်မပါခဲ့သလို သူတို့မိသားစုဝင် ခြောက်ဦးထဲက တစ်ဦးပဲ တိုင်းရင်းသားလွှတ်တော် နေရာအတွက် မဲပေးခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

သူက မဲရုံက တာဝန်ရှိသူတွေကို ပြောခဲ့ပေမယ့် သူတို့ကလည်း ဘာမှ လုပ်ပေးလို့ မရခဲ့ပါဘူး။ ရန်ကုန်မြို့က ဦးစံဖေရပ်ကွက် မဲရုံမှာတော့ တိုင်းရင်းသားလွှတ်တော်အတွက် မဲပုံးမရှိတာကြောင့် မဲပေးခွင့်မရခဲ့သူတွေလည်း ရှိပါတယ်။

မင်္ဂလာဒုံမြို့နယ်က စစ်တပ်ဝင်းထဲမှာတော့ တပ်မတော်သားတွေက သူတို့ ထည့်ချင်တဲ့ ပါတီကို မဲပေးခဲ့ကြတယ်လို့ မဲရုံလုံခြုံရေးမှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကျော်ဝင်းက ဆိုပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အပေါ် နားလည်မှုရှိတဲ့၊ အမျိုး၊ဘာသာ၊ သာသနာကို စောင့်ရှောက်လိုတဲ့၊ ပြည်ပရဲ့ လွှမ်းမိုးမှုမခံရတဲ့ ပါတီကို မဲပေးဖို့ တပ်မတော်သားတွေကို ညွှန်ကြားထားပါတယ်။

“တပ်ရင်းတပ်ဖွဲ့တွေကို ဒီညွှန်ကြားချက် ပေးပို့ထားပြီးဖြစ်ပေမယ့် တပ်ဖွဲ့ဝင်တွေနဲ့ သူတို့မိသားစုတွေကတော့ သူတို့နှစ်သက်ရာ ပါတီကို မဲပေးနိုင်ကြပါတယ်”လို့ ဗိုလ်မှူး ကျော်ဝင်းက ဆိုပါတယ်။

Show More

Related Articles

Back to top button