ရန်ကုန် – ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှစ်ရပ်စလုံးမှာ မဲဆန္ဒနယ် ၈၂ ရာခိုင်နှုန်း အနိုင်ရပြီး အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို ရရှိသွားပြီလို့ နိုဝင်ဘာ ၁ဝ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဒီကိန်းဂဏန်းတွေဟာ နိုင်ငံအနှံ့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲရုံကိုယ်စားလှယ်တွေဆီကနေရရှိတဲ့ အရေအတွက်ဖြစ်တယ်လို့ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ဆိုပါတယ်။ NLD က ဧရာဝတီတိုင်းဒေသကြီးမှာ ၁ဝဝ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၉၇ ရာခိုင်နှုန်း အနိုင်ရတာဖြစ်ပြီး ရှမ်း၊ ကချင်ပြည်နယ်တွေက တက်လာမယ့် စာရင်းတွေကိုတော့ စောင့်နေတုန်းလို့ သူက ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရလဒ်တွေ ထုတ်ပြန်ပေးတာ နှေးလွန်းတယ်လို့ သူက ပြောပေမဲ့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကတော့ ဒီရွေးကောက်ပွဲမှာ မဲပေးမှု၊ မဲရေတွက်မှုတွေဟာ မျှော်မှန်းထားတာထက် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ပြောထားပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က အပြည့်အစုံ မထုတ်ပြန်တဲ့အတွက် ကျွန်တော်တို့ကိုယ်တိုင် ရလဒ်တွေကို ဆက်လက်ပြီးစုဆောင်းနေရပါတယ်” လို့ ဦးဝင်းထိန်က Myanmar Now ကို ပြောပါတယ်။
NLD ထောက်ခံသူများက ရွေးကောက်ပွဲနေ့ ညနေပိုင်းကတည်းက ပါတီရုံးချုပ်ရှေ့ စုရုံးကာ ပါတီအလံတွေကို ဝှေ့ယမ်း၊ ရုံးကနေဖွင့်ပေးထားတဲ့ ပါတီအောင်နိုင်ရေး သီချင်းတွေကို လိုက်ဆိုနေကြပြီး အသက် ၇ဝ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရရှိကြောင်း ကြေညာမယ့်အချိန်ကို စောင့်ဆိုင်းနေကြပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၁ဝ ရက်နေ့အထိ ပြောဖို့အခြေအနေ မရှိသေးကြောင်း ဦးဝင်းထိန်က ရှင်းပြပါတယ်။
စစ်အုပ်ချုပ်ရေးစနစ်ကို ဆယ်စုနှစ်နဲ့ချီပြီး အန်တုရင်ဆိုင်ခဲ့တဲ့ NLD ပါတီအနေနဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့ နဲ့ ဖေဖော်ဝါရီလမှာ စတင်မယ့် လွှတ်တော်မှာ သမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်နေရာ သုံးပုံနှစ်ပုံကို ရရှိခဲ့ပါတယ်။
ယခင်စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲမှာ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ နေရာယူထားတဲ့ တပ်မတော်သားတွေကြောင့် NLD အနေနဲ့ ပြီးခဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရဖို့ လိုအပ်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ၈၈ နေရာမှာ ၅ နေရာသာ အနိုင်ရရှိကြောင်း ကော်မရှင်က ကြေညာထားပါတယ်။ NLD ကတော့ ၇၈ နေရာနိုင်ထားတယ်လို့ ဆိုပါတယ်။
ပြည်ခိုင်ဖြိုးပါတီက ထင်ရှားတဲ့ ခေါင်းဆောင်အများအပြား ရှုံးနိမ့်ခဲ့ရာမှာ ပါတီဥက္ကဋ္ဌ ဦးဌေးဦး၊ လွှတ်တော်နာယက သူရဦးရွှေမန်းတို့လည်း ပါဝင်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေကတော့ စနစ်တကျ အာဏာလွှဲပြောင်းပေးသွားမယ်လို့ ကတိပြုထားကြပါတယ်။
NLD မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲတုန်းကတော့ စစ်အစိုးရက ရလဒ်ကို လက်မခံခဲ့ပါဘူး။
အခုထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြု လက်ခံမယ်ဆိုရင်တော့ မြန်မာပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရတစ်ရပ်ကို နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံးအကြိမ် တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်တပ်ကတော့ လွှတ်တော်အရပ်ရပ်မှာ ကိုယ်စားလှယ် နေရာပေါင်း ၂၅ ရာခိုင်နှုန်း၊ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေကို ဆက်လက်ချုပ်ကိုင်ထားဦးမှာပါ။
နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေကတော့ အခုရွေးကောက်ပွဲရဲ့ မဲပေးမှုနဲ့ မဲရေတွက်မှုလုပ်ငန်း စဉ်တွေဟာ စနစ်ကျပြီး ပွင့်လင်းမြင်သာမှုရှိတယ်လို့ နိုဝင်ဘာ ၁ဝ ရက်က ထုတ်ဖော်ချီးမွမ်းခဲ့ပါတယ်။
“ပြည်သူတွေ အများအပြား ရွေးကောက်ပွဲမှာ ငြိမ်းချမ်းစွာနဲ့ မဲပေးခဲ့ကြပါတယ်။ ဒီအခြေအနေဟာ ကြိုတင်မျှော်လင့်ထားတာထက် ကောင်းမွန်နေပါတယ်” လို့ ဥရောပသမဂ္ဂရဲ့ ရွေးကောက်ပွဲစောင့် ကြည့်ရေးအဖွဲ့အကြီးအကဲ Alexander Graf Lambsdorff က သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့် သူတို့စိုးရိမ်ပူမှုဖြစ်တဲ့ အကြောင်းအရာတွေထဲမှာ ကြိုတင်မဲကိစ္စ၊ ရိုဟင်ဂျာ/ဘင်္ဂါလီမွတ်စလင်တွေ မဲပေးခွင့်ဆုံးရှုံးမှု၊ စစ်တပ်ကိုယ်စားလှယ်တွေက ရွေးချယ်မခံရဘဲ လွှတ်တော်ထဲမှာ နေရာယူမှုတို့ပဲ ဖြစ်ပါတယ်။