ရွေးကောက်ပွဲ

ထူးခြားသည့်အခြေခံဥပဒေကြောင့် ရွေးကောက်ပွဲရှုံးအမတ်များ လွှတ်တော်ထဲ ပြန်ရောက်

၂ဝ၁၅ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီး အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်အသတ် ရှုံးနိမ့်သွားသော်လည်း ရွေးကောက်ပွဲတွင် အရေးနိမ့်သွားသည့် လွှတ်တော်အမတ်များ တနင်္လာနေ့တွင် ပြန်လည်စတင်သည့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်နေကြပြီဖြစ်သည်။

မဲမသမာမှုများ ဖြစ်ပွားခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးကောက်ခံရသည့် ပြည်ခိုင်ဖြိုးအမတ်များ လွှမ်းမိုးထားသည့် လက်ရှိလွှတ်တော်သက်တမ်းသည် ၂ဝ၁၆ ဇန်နဝါရီလကုန်အထိ ဆက်လက်တည်မြဲမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ရှံးနိမ့်သည့် လွှတ်တော်အမတ်များနှင့် ကျင်းပသော၊ မြန်မာနိုင်ငံတွင်သာရှိသော ယင်းကဲ့သို့ ထူးထူးခြားအစီအစဉ်သည် စစ်တပ်က ရေးဆွဲခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိနေသည်။

ယင်းကဲ့သို့ လုပ်ဆောင်ထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲမကျင်းပမီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝေဖန်ခဲ့ပြီး၊ အာဏာလက်လွှတ်ရတော့မည့် ပါတီတစ်ခုအနေဖြင့် အာဏာလွှဲပြောင်းမပေးမီ မည်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ရန် ကြိုးပမ်းသွားမည်ဆိုသည့် အချက်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။

“ရွေးကောက်ပွဲတစ်ခုနဲ့ အစိုးရသစ်တစ်ခုဖွဲ့တာရဲ့ ကြားကာလကို ကြီးကြီးမားမားဖြစ်အောင်လုပ်ထားတာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပဲရှိတယ်။ ဒါဟာစိုးရိမ်စရာ ကိစ္စရပ်တစ်ခုပါ၊ ရွေးကောက်ပွဲပြီးမှာ မြင်ကွင်းတစ်ခုလုံး ပြောင်းလဲသွားကောင်း ပြောင်းလဲသွားသလိုရှိမှာပါ။ ဒါပေမယ့် လက်ရှိလွှတ်တော်ကတော့ လာမယ့် ၂ဝ၁၆ ဇန်နဝါရီ ၃၁ ရက်နေ့ထိ ဆက်ရှိနေဦးမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ရွေးကောက်ပွဲ ကျင်းပပြီးသည်နှင့် တစ်ပြိုင်နက် လွှတ်တော်ကို ဖျက်သိမ်းပစ်ပြီး အနိုင်ရပါတီက လွှတ်တော်ခေါ်ယူလေ့ရှိကြောင်း စင်ကာပူနိုင်ငံမှ အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံမှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်မောင်မောင်သန်းက ပြောကြားသည်။

“ဗမာပြည်က စနစ်ကတော့ တော်တော်ထူးခြားတယ်။ တစ်ခါမှလည်း ဒီစနစ်ကို လက်တွေ့မကျင့်သုံးရသေးဘူး။ ပြည်သူ့လွှတ်တော်မှာရှိတဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေက နောက်ငါးနှစ် လွှတ်တော်မှာ မပါတဲ့လူတွေလည်း ရှိတယ်၊ ပါတဲ့လူတွေလည်း ရှိတယ်။ အဲဒီတော့ ဆုံးဖြတ်လိုက်တဲ့ ဥပဒေတွေက နောက်တက်တဲ့ လွှတ်တော်အတွက်ကို လုပ်ဖို့ကိုင်ဖို့ ခွင့်ပေးထားမလား၊ ဒါမှမဟုတ် ဖြတ်ချလိုက်မလား။ နောက်… လွှတ်တော်အင်အားကြီးပါတီက ဒီလွှတ်တော်မှာ ပြဋ္ဌာန်းခဲ့တာတွေ မကြိုက်လို့ ပြန်ပြင်ဆင်နိုင်တာမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ပြဿနာ ထွေပြားလာနိုင်ပါတယ်။ ဖြစ်ချင်တာဖြစ်ဆိုပြီး ရှိတဲ့ (၃) လမှာ လုပ်ချင်တာတွေ လုပ်သွားမယ်ဆိုပြီး အဲလိုမျိုးတော့ ဖြစ်မယ်လို့တော့ မထင်ပါဘူး။ တည်ငြိမ်မှု ပြဿနာကိုတော့ ကြည့်ရမှာပေါ့” ဟု သူက လွှတ်တော် မစတင်မီ ရက်ပိုင်းအလိုတွင် ပြောပြသည်။

အစိုးရဘဏ္ဍာငွေ ခွဲဝေအသုံးချရေးဥပဒေ၊ လွှတ်တော်အမတ်များ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ၊ မူပိုင်ခွင့်ဥပဒေများကို ယခုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးကြမည် ဖြစ်သည်။

အာဏာမလွှဲပြောင်းမီ ကြားကာလအတွင်း လက်ရှိအုပ်ချုပ်ရေးယန္တရားက နောက်တက်လာမည့် အစိုးရအတွက် ဒုက္ခများပေးတတ်ကြောင်း၊ ထိုကဲ့သို့မဖြစ်ပွားစေရန် သက်ဆိုင်သူများအားလုံး ညှိညှိနှိုင်းနှိုင်း ဆွေးနွေးအဖြေရှာရန်လိုကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာမှုသိပ္ပံမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါ်ခင်မမမျိုးက ပြောကြားသည်။

“ခွာစစ်မှာ ကိုယ်တပ်စွဲခဲ့တဲ့နေရာကို မြေမြှုပ်မိုင်းတွေ အပြည့်ထားခဲ့ပြီးမှ ဆုတ်ခွာတာလည်း ရှိပါတယ်” ဟု သူက လွန်ခဲ့သည့်အပတ်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။

ယခုလွှတ်တော်သို့ တက်ရောက်သူများမှာ ငါးနှစ် တာဝန်ထမ်းဆောင်ပြီးသည့် လူဟောင်းများဖြစ်ပြီး အများစုမှာ ယခုရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့သူများ မဟုတ်သောကြောင့် ၎င်းတို့ မည်သူ့ကို ကိုယ်စားပြုသူများ ဖြစ်သနည်းဆိုသည့် မေးခွန်း ထွက်ပေါ်လာသည်။

ရွေးကောက်ပွဲတွင် ၎င်းကိုယ်တိုင် မဲရှုံးသွားသည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကမူ တနင်္လာနေ့တွင် စတင်သည့်လွှတ်တော်တွင် ၎င်းနှင့် ရွေးကောက်ပွဲရှုံး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် “ မဲရံႈးလို့ ဒုတိယအကြိမ်လွှတ်တော်အတွင်း ပြန်လာစရာမရှိသော်လည်း” ယခုကျန်ရှိသည့် လွှတ်တော်သက်တမ်းအတွင်း တာဝန်ဝတ္တရားများအပေါ် သစ္စာရှိရှိ ဆက်လက်လုပ်ဆောင်ရန် မိန့်ခွန်းပြောကြားခဲ့သည်။

အငြင်းပွားဖွယ်ရာ

အမတ်တစ်ဦးကို တာဝန်မှ ပြန်ရုပ်သိမ်းနိုင်သည့် ဥပဒေကြမ်းကို ပြီးခဲ့သည့်နှစ်ကပင် ဆွေးနွေးခဲ့သော်လည်း ယခုလွှတ်တော်တွင် ဆုံးဖြတ်ချက်ချရမည်။ အဆိုပါဥပဒေအရ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွင်းမှ မဲဆန္ဒရှင်ပြည်သူများအနက် တစ်ရာခိုင်နှုန်းက ၎င်းတို့၏ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုကြောင်း တင်ပြလာပါက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို ဖယ်ရှားနိုင်မည့် အခြေအနေများ ပေါ်ပေါက်လာမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် ခေါင်းဆောင်ရေးရာပိုင်းတွင် ပြဿနာဖြစ်ပွားနေသည့် ပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားနိုင်ရန် အဆိုပါဥပဒေကို အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။

“ဒီဥပဒေကြမ်းကို ထပ်ဆွေးနွေးသွားဦးမယ်။ ကျွန်တော်ကတော့ ဒါဟာ ပြဋ္ဌာန်းသင့်တယ်လို့ ထင်တယ်” ဟု ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည့် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် တစ်ယောက်ဖြစ်သည့် ဦးလှဆွေက ပြောကြားသည်။

ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစိုးဝင်းကလည်း သူတို့၏ပါတီအနေဖြင့် ကြားကာလတွင် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။
“ဖွဲ့စည်းပုံအခြေခံနဲ့အညီ အာဏာလွှဲပြောင်းရေးက ဖြစ်သွားမှာပါ။ ကျွန်တော်တို့သက်တမ်းမှာ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ နောက်တက်လာမယ့်သူတွေလည်း သူတို့ဟာ သူတို့ အကောင်းဆုံး ကြိုးစားမယ်လို့ ထင်ပါတယ်” ဟု သူက ဆိုသည်။

လက်ရှိလွှတ်တော်သည် သူရဦးရွှေမန်း၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သဖြင့် ပြည်သူလူထုဆန္ဒနှင့် မကိုက်ညီသော ဥပဒေများ တင်သွင်းအတည်ပြုလာလိမ့်မည်ဟု မထင်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ဉာဏစိုးက သုံးသပ်သည်။

သူရရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ကောင်းမွန်သောသူဖြစ်ပြီး ၎င်းတို့နှစ်ဦး ကြာသပတေးနေ့တွင် တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးရန် ရှိသည်။

ပြန်လည်သင့်မြတ်ရေးနှင့် နောက်အစိုးရဖွဲ့ရေးအတွက် လုပ်ငန်းစဉ်များကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံရန် လွန်ခဲ့သည့်အပတ်က မေတ္တာရပ်ခံထားသည်။ ။

Show More

Related Articles

Back to top button