
ယုံကြည်ချက် အကျဉ်းသား ကိုသက်ဝင်းအောင် ကွယ်လွန်တာ ၁ဝ နှစ် ပြည့်သွားပါပြီ။
တနင်္ဂနွေနေ့က နှစ်ပတ်လည် အမှတ်တရအစီအစဉ်ကို ရန်ကုန်၊ တာမွေမြို့နယ် ကောဝီဒါရာမကျောင်းတိုက်မှာ ပြုလုပ်ပါတယ်။
စစ်အစိုးရခေတ် အကျဉ်းထောင်တွင်း ကွယ်လွန်သွားတဲ့ နိုင်ငံရေးသမားတွေထဲမှာ ၈၈မျိုးဆက် အခြေခံပညာကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုသက်ဝင်းအောင်ဟာ ထင်ရှားသူတစ်ယောက် ဖြစ်ပါတယ်။
နှစ်စဉ် ပေးအပ်နေကျ ကိုသက်ဝင်းအောင်ဆုလည်း ဒီနှစ် ပေးပါတယ်။ ဆုရသွားတာကတော့ ရန်ကုန်၊ အင်းစိန်မြို့နယ် မြို့သစ် (က၊ ခ) ရပ်ကွက် အခြေစိုက် မေတ္တာရောင်ခြည် ပညာဒါနလူငယ်များအဖွဲ့ ဖြစ်ပါတယ်။
အထိမ်းအမှတ်ဆုနဲ့ ဆုကြေးငွေ ကျပ် နှစ်သိန်းခွဲကို အဖွဲ့ဝင်များ ကိုယ်တိုင် လက်ခံ ရယူပါတယ်။