
နေပြည်တော် – နေပြည်တော်တွင် ယနေ့ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်းနှင့် အခန်း(၁) ဖြစ်သည့် နိုင်ငံတော်အခြေခံမူများ တွင်ပြင်ဆင်ရမည့် အချက်များကို စတင်ဆွေးနွေးခဲ့ကြသည်။
“ပူးပေါင်းကော်မတီ” ဟုလည် လူသိများသည့် အဖွဲ့ဝင် ၄၅ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့် လအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ခု ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ကော်မတီသည် ဇူလိုင်လ ၁၇ ရက်မတိုင်မီ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်သည်။
ယင်းအစီရင်ခံစာကို လွှတ်တော်တွင်း ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ခုကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ကော်မတီတစ်ခုဖွဲ့ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က တင်သွင်းသည့် အဆိုကို လွှတ်တော်က ဖေဖော်ဝါရီလဆန်းတွင် မဲခွဲအတည်ပြုပြီးနောက် ကော်မတီကို လွှတ်တော်တွင်း မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။
လွှတ်တော်တွင်းရှိ ကိုယ်စားလှယ် အချိုးအတိုင်း ခွဲတမ်းချ ဖွဲ့စည်းထားသည့် ယင်းကော်မတီ ဖွဲ့စည်းစတွင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးအမတ်များက ကိုယ်စားလှယ်စာရင်းမပေးဘဲ နေခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့ကိုယ်စားလှယ်များလည်း ပါဝင်လာခဲ့သည်။