
နိုင်ငံအတွင်း ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုစားရေး၊ ထပ်မံမပေါ်ပေါက်စေရန် ဟန့်တားနိုင်ရေးအတွက် ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးသဘောတူစာချုပ်တွင် လတ်မှတ်ရေးထိုးရန် လူ့အခွင့်အရေး အဖွဲ့များက ဇွန် ၂၆ရက်နေ့တွင် အစိုးရကို တိုက်တွန်းလိုက်သည်။
အပြင်းအထန် ညှဉ်းပန်းမှုနှင့် ရင်ဆိုင်ခဲ့ရသူ အမျိုးသမီးများ တက်ရောက်သည့် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့ အခမ်းအနားတွင် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ညှဉ်းပန်းနှိပ်စက်မှုများသည် အတိက်ကာလတွင်သာမက ဒီမိုကရေစီ ဖော်ဆောင်နေသောကာလတွင်လည်း နေရာဒေသ အသီးသီးတွင် ပေါ်ပေါက်လျက်ရှိသည်ဟု ပြောသည်။
“အစိုးရထဲမှာရော လွှတ်တော်ထဲမှာရော ဒီလိုညှဉ်းပန်းနှိပ်စက်မှုကို ကျူးလွန်ခံခဲ့ရသူတွေ အများကြီးရှိပါတယ်။ ဒီလူတွေက စာချုပ်ကို အစိုးရ လက်မှတ်ထိုးအောင် ဆက်ပြီးတော့ အကောင်အထည်မဖော်နိုင်ရတာ ဘာကြောင့်လဲ” ဟု ဦးအောင်မျိုးကျော်က မေးခွန်းထုတ်လိုက်သည်။
အစိုးရ၏ လှုပ်ရှားမှု
၂၀၁၄ ဇန်နဝါရီလက ပြည်သူ့လွှတ်တော်တွင် မြန်မာနိုင်ငံအနေဖြင့် စာချုပ်ကို လက်မှတ်ရေးထိုးရန် အဆို တင်သွင်းရာ အောင်နိုင်ခဲ့သည်။ ထိုစဉ်က နိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်က စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ရည်မှန်းချက်ထား ညှိနှိုင်းသွားမည်ဖြစ်သည်ဟု လွှတ်တော်တွင် ပြန်လည် ဖြေကြားခဲ့သည်။
၂ဝ၁၅ မေလတွင် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် စာချုပ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ ကုလသမဂ္ဂ အကြီးတန်းအရာရှိများ၊ စာချုပ်လက်မှတ်ထိုးရန် အစီအစဉ်ရှိသည့်နိုင်ငံတို့မှ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့သည်။ စာချုပ်ဆိုင်ရာမိတ်ဆွေများအဖွဲ့သို့ ဝင်ရောက်မည်ဖြစ်ကြောင်း အောက်တိုဘာလတွင် ဂျနီဗာသို့ အကြောင်းကြားခဲ့သည်။
မိတ်ဆွေများအဖွဲ့သို့ ဝင်ရောက်ပြီးနောက်ပိုင်း ထူးခြားသည့် လှုပ်ရှားမှု မတွေ့ရဘဲ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့တွင် စာချုပ်လက်မှတ်ထိုးရေး ထပ်မံဖိအားပေးခံရခြင်း ဖြစ်သည်။
စာချုပ်ကို ၁၉၈၄ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့ပြီး ယခုအခါ ၁၆၁ နိုင်ငံက လက်မှတ်ထိုးခဲ့ပြီးဖြစ်သည်။ မြန်မာနည်းတူ လက်မှတ်မထိုးရသေးသည့် ဒေသတွင်း နိုင်ငံများထဲတွင် အိန္ဒိယလည်း ပါဝင်သည်။
ရန်ကန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက စာချုပ် လက်မှတ်ထိုးရေးအတွက် အစိုးရကို တိုက်တွန်းရာတွင် ပူးပေါင်း ပါဝင်သွားမည်ဟု ပြောသည်။
“အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက အဆင့်ဆင့်ဆွေးနွေးမှုတွေ လုပ်ပြီး အစိုးရကို တိုက်တွန်းသွားရင်တော့ ကျွန်တော့စိတ်ထင် ဒီ ၅ နှစ် (လက်ရှိအစိုးရ) သက်တမ်းမှာပဲ ရနိုင်မယ်လို့ ထင်ပါတယ်” ဟု ပန်းဘဲတန်းမြို့နယ်မှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးသန်းနိုင်ဦးက ဆိုသည်။
“ဒီစာချုပ်မှာ လတ်မှတ်ရေးထိုးဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆိုနေတာဖြစ်တဲ့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လျှောက်လှမ်းနေတဲ့ အတွက် တဖြည်းဖြည်းနဲ့ ပူးပေါင်းပါဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု လွှတ်တော်အမတ်က ဆက်ပြောသည်။
မြန်မာနိုင်ငံပြောင်းလဲနေပြီဖြစ်သဖြင့် ကလေးလုပ်သား၊ အိမ်အကူတို့ နှိပ်စက်ညှဉ်းပန်းခံရမှုများ ကြုံတွေ့ရပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်တို့ထံ တိုင်ကြားရန် လိုအပ်ကြောင်း၊ အစိုးရကလည်း တတ်နိုင်သမျှ အရေးယူနေပြီဖြစ်ကြောင်း သူက ပြောသည်။
တိုင်းရင်းသားဒေသငရဲခန်းများ
AAPP အသင်း အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ပြုလုပ်ရာ ဒေသအသီးသီးမှ ညှဉ်းပန်းမှုနှင့် ရင်ဆိုင်ရသည့် အမျိုးသမီးများ၏ အတွေ့အကြုံ ရှင်းလင်းသည့် စီအစဉ်ကိုလည်း ထည့်သွင်းခဲ့သည်။
ကချင်ပြည်နယ်မှ ဒေါ်ဇေညွယ်က ၂၀၁၂ခုနှစ်တွင် ထိန်းသိမ်းခံရသည့် သူ၏ခင်ပွန်းသည် ဦးဘရန်ရှောင် စစ်ကြောရေးစခန်းတွင် ညှဉ်းပန်း နှိပ်စက်ခံရပုံများကို အခမ်းအနားသို့ တက်ရောက်သည့် ပရိသတ်ကို ပြန်လည်ပြောပြသည်။
ဦးဘရန်ရှောင်သည် မျက်ခုံးကို ဆေးလိပ်မီးဖြင့်ထိုးခြင်း၊ ဓာမြှောင်မီးကင်၍ ပါးတွင်ကပ်ခြင်း၊ ပေါင်ကို ဓားမြှောင်ဖြင့် ထိုးသွင်းခြင်း စသည့် နှိပ်စက်မှုများနှင့် ကြုံခဲ့ရသည်ဟု ပြောသည်။
“ ဒီညှဉ်းပန်းနှိပ်စက် ခံခဲ့ရတာကြောင့် ကျွန်မအမျိုးသားမှာ ဉာဏ်ရည်မမီတဲ့ဒဏ်ကို ခံစားနေရပါတယ်။ လူအများရှိတဲ့ နေရာကို မသွားရဲတော့ဘူး” ဟု ဒေါ်ဇေညွယ်က ငိုပြီး ပြောပြသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ မိုင်တောကျေးရွာ ရွာသူကြီးဒေါ်စုက ရွာမှ အမျိုးသမီးအများအပြား ဖမ်းဆီးခေါ်ဆောင်ခံသွားရပြီး နှိပ်စက်ညှဉ်းပန်းမှုများ ကြုံတွေခဲ့ရပုံများကို ပြန်လည်ပြောပြသည်။
ခင်ပွန်းသည်လည်း ဖမ်းဆီးနှိပ်စက်ခံရပြီး မျက်နှာတွင် ဒဏ်ရာ အကြီးအကျယ် ရခဲ့သည်ဟု သူကြီးက ပြောပြသည်။
“ကျွန်မယောက်ျားရဲ့မေးစေ့ကို သူတို့က ဓားနဲ့ လှီးဖြတ်လိုက်ကြပါတယ်” ဟု ဒေါ်စုက ပြောပြသည်။

မြေပြန့်ဒေသ ညှဉ်းပန်းနှိပ်စက်မှု
နှိပ်စက်ညှဉ်းးပန်းမှုများမှာ ရန်ကုန်ကဲ့သို့ သော မြို့ကြီးပြကြီးများတွင်လည်း ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်ကို လက်တွေ့ ခံစားခဲ့ရသူများထဲတွင် ဒေါ်စိန်ထွေးသည်လည်း တစ်ဦး အပါအဝင်ဖြစ်သည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင်ဖြစ်ပွားသည့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အတွက် ဒေါ်စိန်ထွေး အဖမ်းခံရပြီးနောက် ကျိုက္ကဆံ စစ်ကြောရေး စခန်းတွင် သူရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရမှုများကို ပြန်လည်ပြောပြသည်။
“မှတ်မိတယ်၊ သူ့နာမည်က စည်သူတဲ့။ ထောက်လှမ်းရေးက.. ကျန်သူတွေတော့ မသိဘူး။ မှတ်မိသေးတယ်။ ‘အဲဒီကောင်မ ဖာသည်မ၊ မင်းပါးစပ်ပိတ်’ ဆိုပြီး နှမချင်း မစာမနာ ပြောတယ်။ နင်နှမချင်း မစာမနာပြောတယ်၊ နင့်နှမကို နင်ပြောပါလားလို့ ပြန်ပြောတော့ ထိုးတယ်။ တုတ်နဲ့ရိုက်တယ်” ဟု ဒေါ်စိန်ထွေးက စစ်ကြောရေးစခန်းတွင် တွေ့ကြုံခဲ့ရသည်များကို ပြန်ပြောပြသည်။
“ဖွက်ထားတဲ့ စာရွက်စာတမ်းတွေ ဘယ်မှာလဲဆိုပြီး လာ လာမေးတယ်။ ဘာစာရွက်လဲ မသိဘူးလို့ ပြောတော့ ပါးရိုက်တယ်၊ ဆံပင်ကိုဆောင့်ဆွဲတယ်၊ ရင်ဘတ်ကို ဆောင့်ကန်တယ်။ တုတ်နဲ့ ကျောကိုရိုက်တယ်၊ ခြေထောက်ကို ရိုက်တယ်။ ခေါင်းကိုလည်း အကြိမ်ကြိမ်ရိုက်တယ်”
၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဒေါ်သန်းသန်းဌေးမှာ မိသားစုလိုက် အထိန်းသိမ်းခံရသူဖြစ်သည်။
“စစ်ကြောရေးမှာ သစ်သားပြားနဲ့ အချက်ပေါင်း မရေတွက်နိုင်အောင် ကျွန်မပေါင်ကို ရိုက်တယ်။ ကျွန်မရဲ့ ညာဘက်ပေါင်တလျှောက်လုံးကို ရိုက်တာ” ဟု ၁၉၉၁ ခုနှစ် စစ်ထောက်လှမ်းရေးအဖွဲ့၏ စစ်ကြောပုံကို ပြန်လည် ပြောပြသည်။
“နင့်မှာ ကျောက်ကပ်ရောဂါရှိတယ်လို့ ပြောတယ်။ ဒါကြောင့်မို့ နင့်ကိုကုပေးချင်တယ် ဆိုပြီး ကျွန်မကို မျက်စိစည်းပြီး မတ်တတ်ရပ်ခိုင်းထားတယ်။ ပြီးတော့ နောက်ကနေ ပြေးကန်တယ်။ ကျွန်မက ရှေ့ကို မှောက်လျက်ကြီး လဲကျသွားတယ်။ အဲဒီလိုမျိုးတွေ နှိပ်စက်ခံခဲ့ရတယ်” ဟု ဒေါ်သန်းသန်းဌေးက ပြောသည်။