သတင်း

မိတ္ထီလာတွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရ

ရန်ကုန် – မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ပြည်သာယာ (မြောက်) ရပ်ကွက်တွင် နေထိုင်သော ဦးလှအောင်သည် ဇူလိုင် ၁ဝ ရက်နေ့ ညဉ့်သန်းခေါင်က နေအိမ်သို့ ရောက်လာသော လူတစ်စု၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သိရသည်။

၎င်းတို့၏ တူတော်စပ်သည့် လူငယ်တစ်ဦးကို လာရောက် ရှာဖွေရာမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု ဦးလှအောင်၏ ဇနီးသည် ဒေါ်သူဇာဝင်းက Myanmar Now ကို နောက်တစ်နေ့တွင် ပြောပြသည်။

“သူတို့က ကျွန်မအမျိုးသားရဲ့တူကို ဖွက်ထားတယ်ဆိုပြီး ထုတ်ပေးဖို့ပြောတာ။ ကျွန်မအမျိုးသားက ဖွက်ထားတာ မဟုတ်ဘူး။ မယုံရင်ဝင်ကြည့်ပါဆိုပြီး ပြောတာ။ မရှိရင်၊ ရှိတဲ့လူကို လုပ်သွားမယ်ဆိုပြီး ကျွန်မ အမျိုးသားကို ဓားနဲ့ခုတ်တာ” ဟု ဒေါ်သူဇာဝင်းက ပြောသည်။

“လုပ်တဲ့သူတွေကိုတော့ ဖမ်းစေချင်ပါတယ်။ သူများတွေလည်း ကျွန်မတို့လို အနိုင်ကျင်ခံရမှာ စိုးရိမ်ပါတယ်”

နေအိမ်သို့ ရောက်လာပြီး ဝင်ရောက်ရိုက်နှက်သူများထဲမှ တစ်ဦးကို ရပ်ကွက်အတွင်း နေထိုင်သူများက သိရှိကြောင်း၊ ရိုက်နှက်ခံရမှုအတွက် ယခုအချိန်ထိ အမှုဖွင့်ခြင်း မရှိသေးကြောင်း ဒေါ်သူဇာဝင်းက ပြောသည်။

ဦးလှအောင်သည် ဦးခေါင်း၊ နားရွက်၊ မျက်စိတို့တွင် ဒဏ်ရာအများအပြားရရှိခဲ့ပြီး မိတ္ထီလာဆေးရုံကြီးတွင် ကုသမှုခံယူနေကြောင်း သူက ဆက်ပြောသည်။

မိတ္ထီလာမြို့ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်သောအခါတွင် တာဝန်ကျ ရဲအရာရှိက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သူ့အထက်အရာရှိသာ ဖြေကြားနိုင်မည်ဟု ပြောသည်။

ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့သော်လည်း မြို့ပေါ်တွင် အခြေအနေ တည်ငြိမ်နေပြီး ဒေသခံများ အေးချမ်းစွာ သွားလာနေလျက်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးစန်းဝင်းရှိန်က ပြောသည်။

Show More

Related Articles

Back to top button