
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဂယက်တွေ ဆက်လက်ရိုက်ခတ်နေပါတယ်။ ဦးရွှေမန်းဟာ ဘယ်လိုလူစားမျိုးလဲ၊ သူ့အပေါ်ဘယ်လိုမြင်လဲဆိုတာကို ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဖြစ်သူ ဦးသာဝင်းကို မေးမြန်းထားပါတယ်။ သူ့အနေနဲ့ကတော့ ရာထူးအပြောင်းအလဲမရှိပေမဲ့ ဦးရွှေမန်းအပါအဝင် နာမည်ကြီး ပါတီခေါင်းဆောင်တချို့ ရာထူးကနေ ဖယ်ရှားခံရတာနဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို ကြာသပတေးနေ့က ပြောပြထားပါတယ်။ ဦးသာဝင်းက ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။
မေး – ထိပ်တန်းခေါင်းဆောင်ပိုင်းမှာ ဦးရွှေမန်းအပါအဝင် ဘယ်သူတွေ အပြစ်ပေးခံရသလဲခင်ဗျ။
ဖြေ – သိတဲ့အတိုင်းပါပဲ။ ပါတီဗဟိုကော်မတီဝင်တွေကို အသစ်ပြန်ဖွဲ့လိုက်တာပါ။ ရိုးရိုးပါတီဝင်အဖြစ်နဲ့ရှိတာက အဘဦးရွှေမန်း၊ ဦးမောင်မောင်သိမ်း၊ သူရဦးအောင်ကို၊ ဦးအောင်သိန်းလင်း၊ ဦးဇော်မြင့်ဖေ တို့ပါပဲ။ အရင်က ၄၈ ယောက်၊ အခုကတော့ ၅၃ ဦးပါ။
ထွက်လိုက်တဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေက ဗဟိုအလုပ်အမှုဆောင်ကော်မတီထဲမှာ ပါလာတာပေါ့။ ဦးမောင်မောင်သိန်း၊ ဦးသန်းထွန်း၊ သာသနာရေးဒုဝန်ကြီးက ဒီဘက် (CEC) ကို ပါသွားတာပေါ့။
ဝန်ကြီး၊ ဒုဝန်ကြီးတာဝန်ကို နားပြီး CEC ဘက်ကို လွှဲပေးလိုက်တဲ့သူတွေက တကယ်တမ်းတော့ ပြည်ခိုင်ဖြိုးအမာခံတွေပါပဲ။ ပြည်ခိုင်ဖြိုးကလူတွေပဲ ပြန်လွှဲပေးတာပါ။ အဲဒီထဲမှာ တစ်ယောက်စ နှစ်ယောက်စတော့ တပ်ကပါလာတာပေါ့။ တပ်ကဆိုပေမဲ့လည်း သူတို့ကလည်း သူစိမ်းမဟုတ်ပါဘူး၊ အရင်ကတည်းက ရှိနေတဲ့သူပါ။ ဦးမြတ်ဟိန်း၊ ဦးလှဌေးဝင်း ၊ သူရဦးသက်ဆွေ ဒီသုံးယောက်ပဲ စိမ်းတာပါ၊ တခြားသူတွေက အရင်ကတည်းက ပြည်ခိုင်ဖြိုးမှာလုပ်တဲ့သူ များပါတယ်။
မေး – ဦးရွှေမန်းနောက်ဆုံးအခြေအနေ ဘယ်လိုသိထားပါသလဲခင်ဗျ။
ဖြေ – ဦးရွှေမန်း နေအိမ်အကျယ်ချုပ် ချခံရတာတော့ မဟုတ်လောက်ဘူးထင်တယ်။ လွှတ်တော်ပဲ ၁၈ ရက်နေ့ ပြန်စတော့မှာလေ။ ၁၈ ရက်နေ့မှာ လွှတ်တော်ပြန်စမှာဆိုတော့ ဦးထင်တာကတော့ ဦးရွှေမန်းအနေနဲ့ ပါတီဒုဥက္ကဋ္ဌနေရာက နားရပေမဲ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ်နဲ့ ဆက်လုပ်ရမယ်လို့ ထင်တာပဲ။ ဆက်လုပ်ဖို့လည်း လွှတ်တော်ခေါ်ထားပြီးပြီဆိုတော့ ဆက်လုပ်မယ့်သဘောပါပဲ။
မေး – ခု အပြောင်းအလဲလုပ်ရတာ ပါတီတွင်း ဂိုဏ်းဂဏတွေကြောင့်၊ ကိုယ်ကျိုးစီးပွားရှာကြတာကြောင့်လို့ ပြောဆိုတာတွေရှိတယ်၊ ဒါတွေက ဘယ်လောက်ထိ မှန်ကန်ပါသလဲ။
ဖြေ – ဦးရွှေမန်းက လူတော်တစ်ယောက်ပဲ။ တော်လည်း တော်တယ်၊ လူလည်း လူကောင်း။ ပြုပြင်ပြောင်းလဲစရာရှိတာလည်း ပြုပြင်ပြောင်းလဲဖို့အတွက် လုပ်တယ်။ လေးစားဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။
မေး – ဒီဖြစ်စဉ်ကြောင့် ပါတီတွင်း ဘယ်လိုရိုက်ခတ်မှုတွေရှိနိုင်လဲ။ အန်ကယ်တို့လို ဦးရွှေမန်းကို သဘောကျတဲ့သူတွေ ဘေးထုတ်ခံရနိုင်လား။
ဖြေ – ပါတီမှာ မူချထားတာတော့ ရှိတာပေါ့။ အဲဒီမူက ဘာလဲဆို ပါတီတွင်းလုပ်ဆောင်မှုကို ပါတီကလူတွေ လိုက်နာရမှာဖြစ်တဲ့အတွက် ဒီတိုင်းလေးပဲ ပါတီလုပ်ဆောင်မှုကို လိုက်နာလို့ပဲ အသံတွေ မထွက်တာပေါ့။ လူကိုမကြည့်ဘဲ ပါတီရဲ့မူဝါဒအပေါ်မှာပဲ ရပ်တည်ရမှာပေါ့။ ဒါမှလည်း စည်းလုံးညီညွတ်မှု ရှိမှာပေါ့၊ ပုဂ္ဂိုလ်ရေးက ဖြစ်ကြပြုကြတာတော့ တစ်ပိုင်းပေါ့။
မေး – ဒီအပြောင်းအလဲကို လုပ်သွားတဲ့ပုံစံကော ဘယ်လိုမြင်လဲခင်ဗျ၊ ပါတီစည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီပါသလား။
ဖြေ – ပါတီထဲမှာ ရှိနေတဲ့သူဆိုတော့ အပြင်လူတစ်ယောက်လို သုံးသပ်ဖို့တော့ ခက်တာပေါ့။ အပြင်ကလူဆိုရင်တော့ ကိုယ်ထင်ရင် ထင်တဲ့အပိုင်း ပြောလို့ရတာပေါ့။ တို့တတွေက ပါတီစည်းကမ်း၊ ပါတီမူဝါဒပေါ်မှာ မူတည်ပြီး လိုက်နာဆောင်ရွက်ရမှာပါပဲ။ ကိုယ်တွေအနေနဲ့ သုံးသပ်ဖို့ဆိုတာကတော့ ခက်တာပေါ့။