
ရန်ကုန် – ဦးကိုနီလုပ်ကြံခံရမှုမှ တရားလိုပြ သက်သေများစစ်ဆေးရာတွင် ရုံးချိန်တိုးမြှင့်ပေးရန် တရားလိုရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က သြဂုတ် ၁၁ ရက်နေ့ တရားခွင်တွင် တောင်းဆိုလိုက်သည်။
“စစ်ဆေးချိန်က ၁နာရီနဲ့ မိနစ်၂၀ပဲ ကြာတယ်။ လက်ပံတန်းကျောင်းသားသပိတ်တုန်းကဆိုရင် ညနေ ၃နာရီထိုးတဲ့အထိ စစ်ခဲ့တယ်။ အဲဒါကြောင့် ထမင်းစားချိန် နာရီဝက်လောက်နားပြီး ဆက်လက် စစ်ဆေးပေးစေလိုပါတယ်” ဟု ၎င်းက သက်သေ ၅ ဦးကို စစ်ဆေးသည့် တရားခွင်တွင် တောင်းဆိုသည်။
ဥပဒေအရာရှိနှင့် ညှိနှိုင်းရန်ပြော
ခရိုင်တရားသူကြီး ဦးတင်ထွေးက တရားရုံး၏ ပုံမှန်စစ်ဆေးမှုမှာ သက်သေတစ်ဦးပြီးမှ တစ်ဦးကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ သက်သေတစ်ဦးနှင့် တစ်ဦးကြားတွင် နားချိန် ၁၅မိနစ်ရှိကြောင်း၊ ဦးကိုနီအမှုတွင်မူ နားချိန်မယူဘဲ ဆက်တိုက် စစ်ဆေးခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သက်သေ၏ ထွက်ချက်မှာ နှစ်ဖက်ရှေ့နေများအတွက် အငြင်းပွားဖွယ် ရှိ၊ မရှိဆိုသည်မှာလည်း ရုံးထုတ်သည့် အချိန်မှသာ သိရကြောင်း၊ ရုံးချိန် တိုးမြှင့်ပေးရန်အတွက် ဥပဒေအရာရှိနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
တရားခွင်မှအထွက်တွင် ရှေ့နေဦးရောဘတ်စန်းအောင်က ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၃ အရ ဥပဒေအရာရှိလက်အောက်မှ ရှေ့နေအဖြစ် ဆောင်ရွက်နေရကြောင်း၊ ဥပဒေအရာရှိက ရုံးချိန်တိုးမြှင့်ပေးရေးကို ဆောင်ရွက်ခြင်း မပြုသေးသောကြောင့် အထူးခုံရုံးတရားခွင်တွင် တိုက်ရိုက်တင်ပြရခြင်းဖြစ်ကြောင်း ပြောပြသည်။
“အမှုက ခြောက်လလည်း ကျော်လာပြီဗျ၊ နိုင်ငံတကာကလည်း ကျွန်တော်တို့ကို မေးလာပြီ။ ဒီအမှုနဲ့ ပတ်သက်လို့ အချိန်ကာလ ကြာလာတာနဲ့အမျှ သက်သေရဲ့မှတ်ဉာဏ်အားကလည်း လျော့သွားနိုင်ပါတယ်။ အမှန်တရားက မှုန်ဝါးသွားနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။
တရားခံရှေ့နေတစ်ဦးဖြစ်သူ ရှေ့နေဦးအောင်ခိုင်က လိုပြသက်သေများကို ပိုမိုမြန်ဆန်အောင် စစ်ဆေးလိုသော်လည်း ဥပဒေအရာရှိမှာ သက်သေကို အမိန့်ဖြင့်ခေါ်၍ မရနိုင်ကြောင်း၊ တရားရုံးသမ္မန်စာနှင့် ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ခေါ်ယူရခြင်းဖြစ်ကြောင်း တရားခွင်အပြီးတွင် ပြောသည်။
သက်သေထွက်ဆိုမည့်သူတို့တွင်လည်း လူမှုရေးကိစ္စများရှိနိုင်ကြောင်း၊ နောက်ပိုင်းတွင်တော့ မြန်ဆန်သွားမည်ဟု ယူဆကြောင်း သူက ဆက်ပြောသည်။
နောက်တိုးတရားခံများ၊ သက်သေများ
ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအမှုတွင် နောက်တိုး တရားခံ၄ဦးနှင့် နောက်တိုးသက်သေ၂ဦးကို တင်ပြထားသော်လည်း စစ်ဆေးခွင့်မရသေးကြောင်း ဦးရောဘတ်စန်းအောင်ထံမှ သိရသည်။
ဥပဒေအရာရှိထံ တင်သွင်းထားသည့် ထိုသူတို့၏ အမည်များကို ပြောကြားရန် ၎င်းက ငြင်းဆန်သည်။ ပြည်ထဲရေးဝန်ကြီး၏ သတင်းစာရှင်းလင်းပွဲတွင် ထိုအခြင်းအရာနှင့် ပတ်သက်သူများ ပါရှိသည်ဟု ပြောသည်။
“ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကျော်ဆွေရဲ့ သတင်းစာရှင်းလင်းပွဲမှာ အစရှာရင် တွေ့မှာပါ” ဟု သူက သတင်းထောက်များကို ပြောသည်။
သြဂုတ်လ ၁၁ရက်နေ့ရုံးချိန်းတွင် လုပ်ကြံမှုတွင် သေနတ်သမားကြည်လင်း အသုံးပြုခဲ့သည့် သေနတ်(၂)လက်၊ ကျည်ဆန်ခွံများ၊ ပိုက်ဆံအိတ်၊ ဖုန်းတို့ကို သိမ်းဆည်းရာတွင် သက်သေအဖြစ် ပါဝင်ခဲ့သူ မင်္ဂလာဒုံမြို့နယ်မှ အရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး ဦးမြင့်ဇော်၊ မင်္ဂလာဒုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲမင်းလတ်၊ ရာအိမ်မှူး ဦးတင်ဌေး၊ အငှားယာဉ်မောင်း ဦးခိုင်ဖွား၊ CCTV ကုမ္ပဏီတစ်ခု၏ ဝန်ထမ်း ကိုခိုင်ဝေဖြိုးတို့ကို စစ်ဆေးခဲ့သည်။
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရပြီး အမှုဖြစ်စဉ် ၆လအကြာတွင် လိုပြသက်သေ ၈၀ ဦးရှိသည့်အထဲမှ ၁၉ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။