သတင်း

ဦးကိုနီအမှုမှ ဇေယျာဖြိုး ဘာသာရေးကိုင်းရှိုင်းဟု ရှေ့နေပြော

ရန်ကုန်- ရှေ့နေဦးကိုနီကို ရန်ကုန်လေဆိပ်တွင် လုပ်ကြံရာတွင် ပါဝင်သည်ဟု ယူဆခံရသည့် ဇေယျာဖြိုးသည် မြန်မာနိုင်ငံရဲချုပ်က ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ အပါအဝင် ဆုတံဆိပ်များ ရရှိထားသူ တပ်မတော်အရာရှိဟောင်း ဖြစ်ကြောင်း၊ ဘာသာရေးကိုင်းရှိုင်းသူဖြစ်ကြောင်း ၎င်း၏ရှေ့နေက အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြောသည်။

ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၏ ရုံးခန်းမှ ရရှိသည့် မစိုးရိမ် ဂန္ထဝင်တရားတော်များ တရားခွေ၊  မစိုးရိမ်စာသင်သား၏တရားခွေ၊ ဆုတံဆိပ်များ၊  ဂုဏ်ပြုလွှာများကိုလည်း တရားခွင်တွင် ထုတ်ပြခဲ့သည်။

“အမှုနဲ့တော့ ဆက်စပ်မှုမရှိဘူး၊ ကျွန်မတို့ဆိုလိုချင်တာက သူက အလှူအတန်း ဝါသနာပါတယ်၊ အလှူအတန်းလုပ်တဲ့လူတစ်ယောက်၊ ဘာသာရေး ကိုင်းရှိုင်းတဲ့လူတစ်ယောက်ဟာ ဒီလိုအလုပ်မျိုးကို ကျူးလွန်ဖို့ရာ တော်တော် ခဲယဉ်းတယ်ဆိုတဲ့အကြောင်း ကျွန်မတို့က ပြချင်တဲ့ ဦးတည်ချက်နဲ့ပါ”ဟု ရှေ့နေက သတင်းထောက်များကို ပြောသည်။

ဇေယျာဖြိုးကုမ္ပဏီသည် မြန်မာနိုင်ငံအနှံ့တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းပေါင်းများကြောင့်  ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရဲအဖွဲ့နှင့် စီးပွားရေး စာချုပ် စာတမ်းများ ရှိခဲ့သည်ဟု ဆိုသည်။

“လုပ်ငန်းနဲ့ပတ်သက်တဲ့ စာချုပ်တွေပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းတွေရှိမယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီးတော့ မော်တော်ဘုတ်တင်လာတဲ့အခါမှာ သူတို့ဆက်သွယ်ပြီးတော့ အရောင်းအဝယ်လုပ်ရတယ်။ အဲ့ဒီလုပ်ငန်းတွေအတွက် စာချုပ်တွေပါ”ဟု ရှေ့နေက ပြောသည်။

ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၏ ရုံးခန်းကို သွားရောက်ရှာဖွေရာတွင် ပါဝင်သည့် နယ်ထိန်းအရာရှိ ဒုရဲအုပ်ကျော်ကျော်ထွန်း၊  ဆရာစံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်အေး၊  ရာအိမ်မှူး ဦးစည်သူအောင်တို့ကို အောက်တိုဘာ ၁၃ ရက်နေ့က ဦးကိုနီလုပ်ကြံခံရမှုကို စစ်ဆေးနေသည့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့သည်။

Show More

Related Articles

Back to top button