ပဲခူးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးစိုက်ရာ စည်ပင်ပိုင်မြေနေရာအငှားချထားသည့် အခြေအနေကို ပြန်လည်စိစစ်ရန် ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီက ပြင်ဆင်လျက်ရှိသည်။
အဆိုပါ အစီအစဉ်ကို ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ခင်က လက်မှတ်ရေးထိုးကာ ပဲခူးပြည်ခိုင်ဖြိုးဥက္ကဋ္ဌထံ လိပ်မူပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့က အကြောင်းကြားစာ ပို့ခဲ့ခြင်းဖြစ်သည်။
Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည့် ယင်းအကြောင်းကြားစာတွင် ပဲခူးမြို့ ရှင်စောပုရပ်ကွက်၊ ရွှေမော်ဓောဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးပါတီ၏ ပဲခူးတိုင်းဒေသကြီးရုံး မြေနေရာသည် ယခင်က မြူနီစပါယ်ဟု ခေါ်ကြသည့် စည်ပင်သာယာရေးအဖွဲ့ပိုင်မြေဖြစ်ပြီး ပါတီက နှစ် (၃၀) နှစ်ရှည် မြေငှားဂရန်များ ရယူထားသည်ဟုလည်း ရေးသားထားသည်။
ပါတီ ရုံးစိုက်ရာ မြေနေရာများနှင့် ပတ်သက်သည့် ဂရန်မိတ္တူများကို ပြသရန်လည်း ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီက တောင်းဆိုထားသည်။
ယင်းမြေနေရာများကို အဆင့်မြင့် စားသောက်ဆိုင်၊ ဆေးဆိုင်၊ စတိုးဆိုင်များ ပါဝင်သည့် ကွန်ဒိုတိုက်ခန်းများဆောက်လုပ်နိုင်ရန် မြေဆက်မငှားတော့ဘဲ အဆောက်အအုံများဖယ်ရှားပေးရန် စည်ပင်က အကြောင်းကြားခဲ့သည်ဟု ယနေ့ထုတ် News Watch သတင်းဂျာနယ်တွင် ရေးသားထားသည်။
စည်ပင်ပိုင်မြေနေရာများ မည်သည့်ပုံစံဖြင့် အငှားချထားခဲ့သည်ဆိုသည့် သမိုင်းကြောင်းကို ပြန်လည်စိစစ်နေပြီး၊ အငှားစာချုပ် သက်တမ်းကုန်ဆုံးနေသည့် မြေနေရာများ၊ ငှားရမ်းခ မပေးဆောင်ဘဲ အခွန်ရှောင်တိမ်းနေထိုင်သူများ ရှိမရှိကိုလည်း စိစစ်မည်ဟု ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ခင်က Myanmar Now ကို ပြောသည်။
“စည်ပင်ဝင်ငွေရှိမှ မြို့တိုးတက်အောင် လုပ်လို့ရမှာ” ဟု ဒေါက်တာအောင်ခင်က ပြောသည်။
ပါတီ၏ ပဲခူးတိုင်းဒေသကြီးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းခန့်ကျော်က ယင်းမြေနေရာအတွက် ဥပဒေအရ အသိအမှတ်ပြုထားသည့် နှစ် (၃၀) ဂရန် ရှိပြီးသားဖြစ်သောကြောင့် အငှားဂရန်ပြခိုင်းသည်ကို နားမလည်နိုင်ဟု ဆိုသည်။
“အစိုးရက သိမ်းချင်လည်း သိမ်းမယ်၊ မသိမ်းချင်လည်း မသိမ်းဘူး။ ဒါကသူ့အလုပ် ကျွန်တော်တို့ နဲ့မဆိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာတော့ ပိုင်ဆိုင်မှုတွေ အကုန်ရှိတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ အခြေအနေကို နေပြည်တော် ပါတီဌာနချုပ်သို့လည်း အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။
ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ချိုဦးက ၎င်းတို့ပါတီ ရုံးစိုက်ရာ မြေနေရာအားလုံးအတွက် ဥပဒေနှင့်အညီ မြေရာပိုင်ဆိုင်မှု စာချုပ်စာတမ်းများ ရှိထားသည်ဟု ဆိုသည်။
“ကျွန်တော်တို့က (ပိုင်ဆိုင်မှု) ခိုင်မာပြီးသား။ ဘာမှလည်း ပေးစရာ အကြောင်းမရှိသလို ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းစရာ အကြောင်းကို မရှိတာ” ဟု ၎င်းကပြောသည်။
ပြည်ခိုင်ဖြိုးပါတီသည် တပ်မတော်ခေါင်းဆောင်များ ၁၉၉၃ တွင် တည်ထောင်ခဲ့သော ပြည်ခိုင်ဖြိုးအသင်းကို ၂ဝ၁၀ တွင် ပါတီအဖြစ် အသွင်ပြောင်းထားခြင်း ဖြစ်သည်။
ပဲခူးတိုင်းရုံး၏ မြေနေရာ ဂရန်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများသည် နေပြည်တော် ဌာနချုပ်တွင်သာ ရှိသည်ဟု ဦးမင်းခန့်ကျော်က ပြောသည်။
ပြည်ခိုင်ဖြိုးအသင်းဘ၀ ကတည်းက ရုံးစိုက်ခဲ့သည့် အဆိုပါမြေနေရာကို စည်ပင်က ပြန်သိမ်းမည် ဆိုသည့် သတင်းများ ၂၀၂၀ ရွေးကောက်ပွဲနီးမှ တစ်ကျော့ပြန်ထွက်လာခြင်းသည် “နိုင်ငံရေး တိုက်ကွက်တစ်ခု” ဖြစ်နိုင်ကြောင်း ဦးမင်းခန့်ကျော်က ဆိုသည်။
“သိမ်းချင်မှလည်း သိမ်းမယ်၊ မသိမ်းချင်လည်း မသိမ်းဘူးပေါ့။ ဒါပေမယ့် ကြံ့ခိုင်ရေးရုံးတွေကို စည်ပင်က ပြန်သိမ်းမယ်ဆိုပြီး သတင်းလွှင့်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ပါတီ နာမည်ပျက်တာပေါ့။ ရှင်းရတာတော့ နောက်မှပေါ့” ဟု ၎င်းက ဆိုသည်။
သို့သော် အဆိုပါစွပ်စွဲချက်ကို ပဲခူးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ခင်က ပယ်ချခဲ့ပြီး ယခုစစ်ဆေးမှုသည် နိုင်ငံရေးပါတီတစ်ခု၊ လူပုဂ္ဂိုလ် တစ်ယောက်ကို ဦးတည်သည့် စုံစမ်းစစ်ဆေးမှု မဟုတ်ဘဲ စည်ပင်ပိုင်မြေများကို စာရင်းပြုစုခြင်းဖြစ်ကြောင်း တုံ့ပြန်ပြန်သည်။
ပဲခူးစည်ပင်က စိစစ်မည့် မြေနေရာများထဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးတို့၏ မြေနေရာများလည်း ပါဝင်ကြောင်း ရန်ကုန်အခြေစိုက် News Watch နှင့် ပဲခူး အခြေစိုက် ပဲခူးသတင်းစဉ် တို့က ရေးသားကြသည်။
ကာလတန်ဖိုးနှင့် မကိုက်ညီသည့် ငှားရမ်းခများ၊ ဥပဒေနှင့် မကိုက်ညီသည့် ငှားရမ်းမှုများ တွေ့ရှိပါက စာချုပ်ပြင်ဆင်ချုပ်ဆိုခြင်း၊ စာချုပ်ဖျက်သိမ်းခြင်း စသည်တို့ ပြုလုပ်ကောင်း ပြုလုပ်မည်ဟု ပဲခူးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ခင်က ဆိုသည်။



