သတင်း

ရွှေတိဂုံဘုရားအနီး ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာတွင် Mytel ကုမ္ပဏီရုံးချုပ် ဖွင့်လှစ်ခွင့်ရရှိထား

ဆန္ဒပြကန့်ကွက်မှုများကြောင့် ဒဂုံစီးတီးဆောက်လုပ်ရေးစီမံကိန်း မဆောက်လုပ်ဖြစ်ခဲ့သည့် ရွှေတိဂုံဘုရားတောင်ဘက်အနီး ဒဂုံမြို့နယ်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာတွင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာဖြစ်လာသည့် Mytel ကုမ္ပဏီရုံးချုပ် ဖွင့်လှစ်ထားပြီဖြစ်သည်။

ယခင် ဒဂုံစီးတီးစီမံကိန်းစတင်စဉ်က ရုံးခန်းအဖြစ် ဆောက်လုပ်ခဲ့သော အဆောက်အအုံတစ်ခုနှင့် မြေဧကအနည်းကို ကာကွယ်ရေးဝန်ကြီးဌာနထံမှ Mytel ကုမ္ဗဏီက လွန်ခဲ့သည့် တစ်နှစ်ခန့်က စတင်ငှားရမ်းခဲ့ကြောင်း၊ ရုံးခန်းဖွင့်လှစ်သည်မှအပ အခြားသောလုပ်ငန်းအစီအစဉ်များ ထပ်တိုးလုပ်ဆောင်ရန် မရှိကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းဦးက ပြောသည်။

“ဈေးနှုန်းတော့ ဘယ်လောက်နဲ့ ငှားလိုက်လဲ ကျွန်တော် မသိဘူးဗျ။ ဒါပေမဲ့ ကျွန်တော်ထင်တာတော့ သိပ် သက်သက်သာသာကြီး မဟုတ်ပါဘူး” ဟု ဦးဇော်မင်းဦးက Myanmar Now ကို ပြောကြားသည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ် တိရစ္ဆာန်ဥယျာဉ်လမ်းတွင်ရှိသော ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေနေရာတွင် ဆောက်လုပ်ရန် လျာထားခဲ့သော ဒဂုံစီးတီးစီမံကိန်း၏ မြေဧရိယာမှာ ၂၂ ဧက ကျယ်ဝန်းသော်လည်း၊ ထိုဧရိယာအနက် Mytelက ယူထားသည်မှာ မြေနှစ်ဧကခန့်သာရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

(Mytel) ဟု အတိုကောက်ခေါ်သော Telecom International Myanmar Company Limited သည် မြန်မာစစ်တပ်နှင့် ဗီယက်နမ်စစ်တပ်တို့ ပူးတွဲလုပ်ကိုင်သည့် လုပ်ငန်းဖြစ်ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ကုမ္ပဏီ၏ ဆက်သွယ်ရေးဝန်ဆောင်မှု စတင်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့သည်။

Mytel ကုမ္ပဏီတွင် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ကုမ္ပဏီတို့နှင့်အတူ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်ပိုင် Star High ကုမ္ပဏီက ရှယ်ယာ ၂၈ ရာခိုင်နှုန်းနှင့် အမေရိကန်ဒေါ်လာ သန်း၃၅၀ ကျော် ထည့်ဝင်ထားသည်။ ထို့ပြင် Myanmar National Telecom Holdings ဟုခေါ်သော အများပိုင်ကုမ္ပဏီတစ်ခုကလည်း Mytel တွင် ၂၃ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပါဝင်ထားကြောင်း သိရှိရသည်။

တပ်မတော်ပိုင်မြေတွင် မိုင်တဲကုမ္ဗဏီရုံးချုပ် ဖွင့်လှစ်ခွင့်ရရှိထားမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ယခုကဲ့သို့ Mytel ရုံးချုပ် ဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်၍ တိတိကျကျ မသိရှိထားကြောင်း၊ အကြောင်းအကျိုးသင့်လာပါက ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်တွင် မေးမြန်းသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးကျော်ဇေယျက ပြောသည်။

ဒဂုံစီးတီးအိမ်ရာစီမံကိန်းသည် ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီးတွင် တည်ရှိသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်ပါက ရွှေတိဂုံစေတီ၏ အောက်ခံမြေသားဖွဲ့စည်းပုံကို ထိခိုက်လာနိုင်သည်ဟုဆိုကာ မြန်မာနိုင်ငံဗိသုကာပညာရှင်များက ကန့်ကွက်ခဲ့ကြသကဲ့သို့ သံဃာတော်အချို့ကလည်း ဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ထိုကဲ့သို့ကန့်ကွက်မှုများကြောင့် တပ်မတော်က ဒဂုံစီးတီးစီမံကိန်းအား ဖျက်သိမ်းခဲ့ရပြီး၊ သက်ဆိုင်ရာကုမ္ပဏီများအား ရန်ကုန်မြို့အတွင်း စီမံကိန်းမြေ အစားထိုးပေးခဲ့သည်။

စစ်အုပ်ချုပ်ရေးခေတ်က အစိုးရဌာနများအား ရန်ကုန်မြို့မှ မိုင်၂၀၀ အကွာအဝေးခန့်တွင်ရှိသော တိုင်းပြည်၏ မြို့တော်သစ်ဖြစ်သည့် နေပြည်တော်သို့ ပြောင်းရွှေ.ခဲ့သည်။ ထိုကဲ့သို့ပြောင်းရွှေရာတွင် ရန်ကုန်မြို့ရှိ တပ်မတော်စစ်ရုံးနှင့် ယခု Mytel ကုမ္ပဏီရုံးချုပ် ဖွင့်လှစ်ထားသော တပ်မတော်မော်တော်ယာဉ်ဌာနအပါအဝင် တပ်မတော်နှင့် ပတ်သက်သော ဌာနအချို့လည်း ပါဝင်ခဲ့သည်။

ဌာနဆိုင်ရာလုပ်ငန်းများ ပြုလုပ်တော့ခြင်းမရှိသော ကာကွယ်ရေးပိုင် ဒဂုံစီးတီးစီမံကိန်းမြေနေရာဟောင်းသည် ရွှေတိဂုံဘုရားအနီးတွင် တည်ရှိသောကြောင့် မည်သည့်စီမံကိန်းမျှ ဆက်လက်ဆောင်ရွက်ခြင်း မပြုသင့်ကြောင်းနှင့် ထိုနေရာအား အများပြည်သူအပန်းဖြေရာ နေရာမျိုးအဖြစ်သာ ဆောင်ရွက်သင့်ကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ပြောသည်။

“လွှတ်တော်ကို သေသေချာချာ မေးခွန်းထုတ်စေချင်တယ်။ အစိုးရအကူးအပြောင်းမှာ ဘာတွေများ မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်ကုန်လားပေါ့ မေးခွန်းထုတ်သင့်တယ်။ အခုအစိုးရအနေနဲ့လည်း ဒါကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်တယ် ” ဟု တရားရုံးများနှင့် လွှတ်တော်အား အဓိကစောင့်ကြည့်မှုများပြုလုပ်နေသည့် Yangon Watch အဖွဲ့၏ တည်ထောင်သူလည်းဖြစ်သည့် ဒေါ်ညိုညိုသင်းက ဆိုသည်။

Show More

Related Articles

Back to top button