
မြန်မာနိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ကို ကိုယ်စားပြုထားသော အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ် အများအပြားမှာ နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်နေခြင်းကြောင့် တိုင်းပြည်တွင်း ဦးနှောက်ယိုစီးမှု ဖြစ်ပေါ်သည်ဟု ပြော၍ရနိုင်သော်လည်း ၎င်းတို့ ပြည်ပတွင် ရရှိသည့်ဝင်ငွေ၊ ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းပေးသည့် ငွေကြေးများကြောင့် နိုင်ငံ့စီးပွားရေးအတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်သည်ဟု စီးပွားရေးသုတေသီတစ်ဦးက ပြောသည်။
အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ပံ့ပိုးမှုဖြင့် ရန်ကုန်မြို့တွင် ယနေ့ ကျင်းပသည့် “မြန်မာ့စီးပွားရေးနှင့် ရွှေ့ပြောင်းလုပ်သားများအခြေအနေ” ဆွေးနွေးပွဲတွင် ပြောခြင်းဖြစ်သည်။
“လုပ်သားဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ပေမယ့် စီးပွားရေးရှုထောင့်က ကြည့်မယ်ဆိုရင် ရွှေ့ပြောင်းလုပ်သားရှိတဲ့အိမ်တွေက စီးပွားရေး ပိုပြီးအဆင်ပြေတာကို ကျွန်တော်တို့တွေ့ရတယ်” ဟု လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့မှ စီးပွားရေးသုတေသီ ဦးမင်းဇာနည်က ပြောသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် ရွှေ့ပြောင်းလုပ်သားများမှ ပြည်ပလွှဲငွေ ကန်ဒေါ်လာ လေး ဘီလျံ ရရှိနေကြောင်း ၂၀၁၅ ခုနှစ် ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက်အရ သိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်ပသို့ ထွက်ခွာလုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားအများစုမှာ မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် နေထိုင်သူများ ဖြစ်ပြီး သွားရောက်လုပ်ကိုင်သည့် လုပ်သားအများစုမှာ အသက်အရွယ်အားဖြင့် ၁၅ နှစ်မှ ၂၉ နှစ်ကြား အများဆုံးဖြစ်ကြောင်း၊ ပညာအရည်အချင်းအားဖြင့် အခြေခံပညာအဆင့်ဖြင့် သွားရောက်လုပ်ကိုင်နေသူ အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။
“မူလတန်းအဆင့်၊ အလယ်တန်းအဆင့်လောက်နဲ့ သာသွားရောက်လုပ်ကိုင်တာမျိုးတွေ ဖြစ်တယ်။ ပြည်ပမှာ အလုပ်လုပ်တာလောက် အဆင်ပြေမယ် မထင်တော့ဘူး။ မြန်မာနိုင်ငံရဲ့ကျောင်းတွေဟာ ဆွဲဆောင်မှု မရှိတော့ ပညာရေးဟာ အရေးမကြီးတော့ဘူးဆိုတဲ့ ဟာမျိုးဖြစ်လာတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် မဟာမဲခေါင်ဒေသအတွင်း ရွှေ့ပြောင်းလုပ်သား အများဆုံးစေလွှတ်ရာ နိုင်ငံဖြစ်လာပြီး ပြည်ပရောက် မြန်မာနိုင်ငံသားပေါင်း ၄ ဒသမ ၂၅ သန်းခန့် ရှိမည်ဟု မြန်မာအစိုးရက ခန့်မှန်းထားသည်ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်း(IOM) ၏ ဝက်ဘက်ဆိုက်တွင် ဖော်ပြထားသည်။ မြန်မာရွှေ့ပြောင်းလုပ်သားစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေကြပြီး ၎င်း၏နောက်တွင် မလေးရှား (၁၅ ရာခိုင်နှုန်း)၊ တရုတ် (၄ ရာခိုင်နှုန်း)၊ စင်ကာပူ (၄ ရာခိုင်နှုန်း) နှင့် အမေရိကန် (၂ ရာခိုင်နှုန်း) တို့ အသီးသီးရှိသည်ဟုလည်း ဆိုသည်။