နိုင်ငံတကာသတင်းသတင်း

တရုတ်ထိပ်တန်းအရာရှိဟောင်း လာဘ်စားမှုဖြင့် ထောင်တစ်သက်ချမှတ်ခံရ

တရုတ်နိုင်ငံခေါင်းဆောင်ပိုင်းရာထူးအတွက် တစ်ချိန်က ထင်ကြေးပေးခံရသော တရုတ်ကွန်မြူနစ်ပါတီ အရာရှိဟောင်းတစ်ဦးကို လာဘ်စားမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျုရို အဖွဲ့ဝင်ဟောင်းဖြစ်သော စွန်ကျန်ချိုင်သည် တရုတ်သမ္မတ ရှီကျင်းပင်၏ အဂတိခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် နောက်ဆုံးအရေးယူခြင်းခံရသော အကြီးပိုင်းအရာရှိဖြစ်သည်။

၎င်းသည် ဒေါ်လာ ၂၆.၇ သန်းကျော် လာဘ်စားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ကျုံကင်းမြို့၏ ပါတီခေါင်းဆောင်ဟောင်းဖြစ်သော ၅၄နှစ်အရွယ် စွန်ကျန်ချိုင်သည် ဧပြီလတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။

နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ထုတ်လွှင့်သော သတင်းအရ လာဘ်စားမှုကြောင့် ရရှိခဲ့သော စွန်၏ပိုင်ဆိုင်မှု အားလုံးကို သိမ်းဆည်းမည်ဖြစ်သည်။

တရုတ်သမ္မတ စီသည် တရုတ်နိုင်ငံအတွင်း ပျံ့နှံ့နေသော လာဘ်ယူမှုများကို တိုက်ဖျက်ရန် သန္နိဋ္ဌာန်ချထားသူ ဖြစ်သည်။ ၎င်းသမ္မတဖြစ်သည့် အချိန်မှစ၍ အရာရှိတစ်သန်းကျော် အရေးယူခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ဝေဖန်ရေးသမားများက သမ္မတသည် အဂတိခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို အကြောင်းပြ၍ နိုင်ငံရေးပြိုင်ဘက်များကို နှုတ်ပိတ်စေပြီး ၎င်း၏ ရာထူးကို စိန်ခေါ်နိုင်သော အရာရှိများကို ချုပ်ကိုင်ခဲ့သည်ဟု စွပ်စွဲဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

(ကိုးကား။ ဘီဘီစီ)

Show More

Related Articles

Back to top button