သတင်း

ခင်ဦးမြို့ မိုင်းကွဲမှုများတွင် စစ်သား ၅ ဦးသေ၊ အရပ်သား ၂ ဦး ဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများတွင် ဒေသခံတို့၏ပစ္စည်းများကို စစ်တပ်က သယ်ထုတ်သွားသည်၊ စစ်သားများကို ယမန်နေ့ (မတ် ၁) က မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၅ ဦး သေသည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ရေဦးမြို့မှ လာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ဖေဖော်ဝါရီ ၂၆ တွင် ခင်ဦးမြို့နယ်အနောက်ခြမ်း မြင်းဒေါင်းကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲစခန်းချလိုက်ပြီး ထိုရွာအပါအဝင် အနီးအနား သရက်ပင်စု၊ မကျီးအုပ်၊ ပျဉ်ထောင်ကျေးရွာတို့တွင် နေအိမ်များအတွင်း ဝင်ရောက်ကာ ဆန်၊ စပါးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ကြသည်။

ယမန်နေ့က ထိုပစ္စည်းများကို ကားများဖြင့် ရေဦးမြို့သို့ သယ်ဆောင်နေစဉ် ယာတော်ကျေးရွာအနီး အဆိုပါစစ်ကြောင်းအတွက် လုံခြုံရေးယူပေးနေသည့် တပ်ဖွဲ့တစ်ဖွဲ့ မိုင်းထိသွားသည်။

ပဒေသာမိုင်း ခေါ် အတန်းလိုက်ထောင်ရသည့် မိုင်းအမျိုးအစား အသုံးပြုခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ဒေသအခြေစိုက် KSO တပ်ဖွဲ့က ပြောသည်။

“ပဒေသာမိုင်းနှစ်စုံ ခွဲလိုက်ရတာ၊ စစ်ကြောင်းရဲ့ ရှေ့ပြေးတပ်ဖွဲ့တစ်ခုပဲ၊ ငါးယောက်ကတော့ နေရာမှာတင် သေသွားတာ။ ကျန်တဲ့ကောင်တွေက ကျွန်တော်တို့ မိုင်းတပ်ဖွဲ့ဝင် သုံးယောက်ကို ဝိုင်းပိတ်ပစ်ကြသေးပေမဲ့ လွတ်လာခဲ့တယ်” ဟု ထိုအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကြောင်းပြန်ထွက်သွားချိန် မိုင်းရှင်းလင်းခြင်း မပြုလုပ်ရသေးမီ ထိုကျေးရွာမှ လင်မယားနှစ်ဦး ရွာအတွင်း ပြန်ဝင်စဉ် မိုင်းထိသဖြင့် ဒဏ်ရာအနည်းငယ်စီ ရသွားသည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် စစ်တပ်ကို တိုက်ခိုက်နိုင်ရန် မိုင်းများ ယာယီထောင်ထားလေ့ရှိသည်၊ တပ်ဆင်ထားလေ့ရှိကြပြီး၊ စစ်တပ်ပြန်ထွက်သွားချိန်တွင် မိုင်းများကို လိုက်လံဖြုတ်သိမ်းလေ့ရှိကြသည်။

စစ်ကြောင်း ဝင်နေသဖြင့် ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးမြို့နယ်အနောက်ခြမ်းမှ ဒေသခံတချို့ကို ယမန်နှစ် နိုဝင်ဘာ တတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-မိုးဦး/Myanmar Now) 

မိုင်းများ ပြန်မဖြုတ်နိုင်သေးချိန်တွင် ရွာခံလူထုကို ရွာအတွင်း ဝင်ရောက်ခြင်းမပြုရန် ကာကွယ်ရေးအဖွဲ့များက သတိပေးလေ့ရှိသည်။

အလားတူ စစ်တပ်ကလည်း ကျေးရွာများအတွင်း မိုင်းထောင်ထားတတ်ကြသည်။

နှစ်ဖက်လုံးက ထောင်ထားသော မိုင်းများကြောင့် ဒေသခံတို့ ထိခိုက်သေဆုံးမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိသည်။

မိုင်းခွဲခံရသည့်နေရာအနီးမှ ယာတော်ကျေးရွာ၊ ကပ်လျက် ကျွန်းတောကြီးရွာတို့ကို စစ်တပ်က ဝင်ရောက်ခဲ့ပြီး ယနေ့တွင်လည်း ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့ရာ ယာတော်ကျေးရွာသား အသက် ၆၀ ခန့်အရွယ် ဦးကျော်ဝေ သေနတ်မှန် ဒဏ်ရာရရှိခဲ့သည်။

“ဒီကောင်တွေ ရမ်းပစ်လို့ ထိသွားတာ။ လက်မောင်းတစ်ချက်၊ ပေါင်တစ်ချက် ထိသွားတယ်။ ဆေးကုပေးပြီး ထားခဲ့တာ တွေ့ရတယ်” ဟု တိုက်ခိုက်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

မတ် ၁ နှင့် ၂ တို့တွင် စစ်ကောင်စီတပ်က အနည်းဆုံး ကျေးရွာ ၄ ရွာခန့်မှ စပါး၊ ပရိဘောဂ စသည့် ပစ္စည်းများကဲ့သို့သော အိမ်အသုံးအဆောင်ပစ္စည်းများကို မြေသယ်ကားကြီးများဖြင့် သယ်ဆောင်နေသည်ကို တွေ့ရကြောင်း၊ ထို့နောက် ကျွန်းတောကြီးကျေးရွာဘေးရှိ မူးမြစ်ကို ဖြတ်ကူးကာ တစ်ဖက်ကမ်း ရေဦးမြို့ ရွှေပြည်သာရပ်ကွက်အတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဒေသခံတို့၏ပစ္စည်းများကို ခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီ ပြန်ကြားရေးအရာရှိများနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

ယမန်နှစ် နိုဝင်ဘာ ၁၈ ကလည်း ရေဦးမြို့၊ မူးမြစ်ကူးတံတားအရှေ့ဘက်မှ ခင်ဦးအနောက်ဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် တပ်မ ၆၆ လက်အောက်ခံတပ်၏ နောက်သို့ လိုက်လံ ကင်းထောက်သည့် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ စစ်တပ်ကို ပစ်မှတ်ထားသည့် မိုင်းနင်းမိပြီး ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့သည်။

ထိုစဉ်ကလည်း ခင်ဦးအနောက်ခြမ်းကို စစ်ကြောင်းဝင်နေ၍ အနည်းဆုံး ကျေးရွာ ၁၆ ရွာမှ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button