သတင်း

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံနေအိမ် ဗုံးပစ်ခံရ

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးမြညိမ်း ပိုင်ဆိုင်သော နေပြည်တော်ရှိ နေအိမ်တွင် ဖေဖော်ဝါရီ ၂၈ ရက် ညဦးပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းဆုံရှိ အိမ်အမှတ် ဇ-၁၁၁၇ နေအိမ်အပေါ်ထပ် ပျက်စီးခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သည့် နေပြည်တော်မှ သတင်းရင်းမြစ်တစ်ခုက အတည်ပြုသည်။

၂၀၁၀ ရွေးကောက်ပွဲဖြင့် အာဏာရှင်ဟောင်း ဦးသန်းရွှေ အာဏာလက်လွှဲပေးခဲ့သည့် ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်တွင် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ၂၀၁၅ အထိ တာဝန်ယူခဲ့သူ ဦးမြညိမ်း၏ နေအိမ် တိုက်ခိုက်ခံရမှုကို အာဏာသိမ်းစစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း သတင်းဖော်ပြထားသည်။

ရဲမှတ်တမ်းတစ်ခု၏ အဆိုအရ ပေါက်ကွဲမှုဖြစ်ချိန်က နေအိမ်တွင် ခြံစောင့်နှစ်ဦးသာ ရှိကြောင်း၊ လူထိခိုက်မှုမရှိဘဲ နေအိမ်အပေါ်ထပ် လေသာဆောင် ကြမ်းခင်း ပျက်စီးပြီး လက်လုပ်မိုင်းအစဟု ယူဆရသည့် ခဲနှင့် သံစအချို့ တွေ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်များက ဆန္ဒပြသူတို့ကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် ပေါ်ပေါက်လာသည့် နေပြည်တော်အခြေစိုက် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ခံက ထိုနေအိမ်ကို စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်း (ကပစ) စက်ရုံထုတ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။

“ဦးမြညိမ်းက အရင်ကတည်းက အကြမ်းဖက်လိုစိတ်ရှိသူ ဖြစ်တယ်။ ဘာလို့ အဲ့လိုပြောလဲဆိုရင် တစ်ချိန်က သူ့ရဲ့ (၂၀၁၅) ရွေးကောက်ပွဲ မဲဆွယ်စကားတွေကို လေ့လာရင် သိနိုင်ပါတယ်။ အခုလည်း မင်းအောင်လှိုင်နဲ့ လူတစ်စု အာဏာသိမ်းတော့ လူတစ်စုအထဲ ပါနေတဲ့သူက ပူးပေါင်းနေတယ်။ ဒါကို သိလို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု အထက်ပါ ပြောက်ကျားအဖွဲ့တာဝန်ခံက ပြောသည်။

Myanmar Now က ကြည့်ရှုခွင့်ရသည့် ရုပ်သံဖိုင်တစ်ခုတွင် ဦးမြညိမ်းနေအိမ်ဝင်းအတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်၊ ညအချိန် အဝေးမှ ရိုက်ကူးထားသည်ဖြစ်၍ ထိခိုက်ပျက်စီးမှုပမာဏကို ရှင်းလင်းစွာ မခန့်မှန်းနိုင်ပေ။

လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရသည့် နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ ဦးမြညိမ်း၏ နေအိမ် (ဓာတ်ပုံ- ပေးပို့) 

အသက် ၇၇ နှစ်အရွယ် ဦးမြညိမ်းသည် ကြံ့ခိုင်ရေးအစိုးရလက်ထက် ၂၀၁၀ မှ ၂၀၁၅ အထိ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ၂၀၁၅ မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ အောက်တိုဘာလဆန်းပိုင်းတွင် ပြုလုပ်သည့် ပါတီညီလာခံ ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲတွင် ဦးမြညိမ်းက ပါတီဗဟိုအတိုင်ပင်ခံဖြစ်လာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအကြို အောက်တိုဘာ ၁၀ ရက်နေ့ ရန်ကုန်မြို့ မဲဆွယ်ပွဲတစ်ခုတွင် ရန်ကုန်တိုင်းအတွင်း အနီရောင် မလွှမ်းရဘူးဟူသော  ဦးမြညိမ်း၏ ပြောကြားချက်သည် လူထုအကြား ဝေဖန်မှုများ မြင့်တက်ခဲ့ဖူးသည်။

ထိုမဲဆွယ်ပွဲတွင် “ရန်ကုန်တိုင်းမှာ အနီမလွမ်းရဘူး၊ အစိမ်းပဲ လွှမ်းရမယ်။ အနီဆိုတာ အာဇာနည်ကုန်း ဗုံးခွဲသွားတာကိုကြည့်။ အာဇာနည်ကုန်းကြီး ဘာဖြစ်သွားလဲ” ဟု ဦးမြညိမ်းက ပြောခဲ့သည်။ NLD ပါတီ သင်္ကေတများ၏ နောက်ခံအရောင်သည် အနီရောင်ဖြစ်သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် ညွှန်ကြားရေးမှူးချုပ်အဆင့်ဖြင့် ၂၀၀၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည့် အရပ်သားတစ်ဦးဖြစ်သူ ဦးမြညိမ်းသည် စစ်တပ်ဝါဒဖြန့် ‘နဂါးနီ’ သီချင်းကို အမြဲသီဆိုလေ့ရှိသူဖြစ်ပြီး သန်းခေါင်ယံအာဏာသိမ်းပွဲဟု လူသိများသည့် ၂၀၁၅ ခုနှစ်က ကြံ့ခိုင်ရေးပါတီအကွဲအပြဲတွင် ဦးသိန်းစိန်၏ ဘက်တော်သားတစ်ဦးဖြစ်ခဲ့သည်ဟု ၎င်းနှင့် ရင်းနှီးသည့် တပ်မတော်အရာရှိဟောင်းတစ်ဦးက ပြောကြားသည်။

ဦးမြညိမ်းတွင် ဇနီးနှင့် သားတစ်ဦး၊ သမီးနှစ်ဦး၊ မြေးအချို့ ရှိပြီး ရန်ကုန်မြို့တွင်လည်း နေအိမ်နှင့် ခြံများ ပိုင်ဆိုင်ကြောင်း စုံစမ်း သိရှိရသည်။

“အရင် (စစ်အာဏာမသိမ်းခင်) က လမ်းထိပ်ထွက်ပြီး မတ်တတ်ရပ် လမ်းလျှောက်နေတာ အမြဲတွေ့တယ်။ အိမ်ထဲမှာလည်း ကားတွေ့တယ်။ ခု အာဏာသိမ်းပြီးနောက်ပိုင်း အိမ်ပြောင်းနေလားတော့ မသိဘူး။ ကားရော၊ လူရော မတွေ့ရတော့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရွှေကြာပင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ်က ကြံ့ခိုင်ရေးပါတီ၏ ရန်ကုန်မြို့ မဲဆွယ်ပွဲတစ်ခုတွင် တွေ့ရသည့် ဦးမြညိမ်း။ (ဓာတ်ပုံ – ပေးပို့)

ဗုံးပေါက်ကွဲမှုအပြီး နောက်တစ်ရက်အကြာ မတ်လ ၁ ရက်နေ့တွင် ဦးမြညိမ်း၏ နေအိမ်ပတ်ဝန်းကျင်တွင် ပုံမှန်အခြေအနေသာရှိပြီး အိမ်နှင့် မလှမ်းမကမ်းတွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်ဟု ယူဆရသူ အရပ်ဝတ်ဖြင့် လူ ၃ ဦး ရှိနေသည်ကို တွေ့ရသည်။

ဗုံးဖြင့် တိုက်ခိုက်ခံရသည့် ဦးမြညိမ်း၏ နေအိမ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရသော်လည်း စစ်တပ်က ငြင်းပယ်ကာ အာဏာသိမ်းခံလိုက်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဆောက်လက်စ နေပြည်တော်ရုံးနှင့် မီတာ ၅၀၀ ခန့်သာ ကွာဝေးသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် NLD ရုံးဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရပြီး ထိုနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ပုံမှန် ကင်းပုန်းဝပ်လေ့ရှိသည်ဟု ရွှေကြာပင်ရပ်ကွက်တွင် နေထိုင်သူအချို့ထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ (မတ်လ ၁) ည ၇နာရီခန့်တွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်အတွင်း လူစည်ကားရာ ဧရာဝတီလမ်းမပေါ်ရှိ Mandalay Paradise စားသောက်ဆိုင်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့သေးသည်။ စားသောက်ဆိုင်၏ အမှိုက်ပုံးအတွင်းမှ ပေါက်ကွဲမှု ဖြစ်သည်ဟု သိရသော်လည်း အသေးစိတ် စုံစမ်းနိုင်ခြင်းမရှိသေးပေ။

Mandalay Paradise စားသောက်ဆိုင်ပိုင်ရှင်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၊ ကြံ့ခိုင်ရေးပါတီ၏ သမ္မတဟောင်း ဦးသိန်းစိန်တို့နှင့် အလွန်ရင်းနှီးသည့် ခရိုနီစီးပွားရေးသမားတစ်ဦးဖြစ်သူ လယ်/ဆည် ညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင် ဖြစ်သည်။ ၎င်း၏ဇနီးဖြစ်သူမှာ ကြံ့ခိုင်ရေးအစိုးရလက်ထက် ယဉ်ကျေးမှုဒုဝန်ကြီးဟောင်း ဒေါ်စန္ဒာခင် ဖြစ်သည်။

Mandalay Paradise စားသောက်ဆိုင်ပိုင်ရှင် လယ်/ဆည်ညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင် (ဓာတ်ပုံ- Myanmar Now) 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်၊ ညဦးပိုင်းကလည်း ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ငဝန်လမ်းပေါ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတင်ခိုင်၏နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့သေးသည်။

“ပြည်သူတွေနဲ့အတူ ကျွန်တော်တို့အလှည့် ကျန်သေးတယ်ဆိုတာ ပြောချင်ပါတယ်” ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ခံက ပြောသည်။

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်တော်လှန်နေသူများကို တန်ပြန်တိုက်ခိုက်ရန် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကြံ့ခိုင်ရေးပါတီမှ ထိပ်သီးခေါင်းဆောင်အချို့က ရာနှင့်ချီသည့် ပါတီဝင်များကို ဝါးချွန်နှင့် ဝါးရင်းတုတ်များ ထုတ်ပေးခဲ့သေးသည်။

ကြံ့ခိုင်ရေးပါတီဝင်များကို သေနတ်များပါ ပေးသည်၊ စစ်သင်တန်းပေးနေသည်ဟု သိရကြောင်း အထက်ပါ တော်လှန်ရေးအဖွဲ့က ပြောသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်နေသည်။ လုံခြုံရေးအထူးတင်းကျပ်ထားသည့် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်တွင်မူ တော်လှန်ရေးအဖွဲ့တို့က ရံဖန်ရံခါသာ တိုက်ခိုက်နိုင်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button