သတင်း

စစ်တပ်၏ ရိုဟင်ဂျာပြန်လည်လက်ခံရေး အစီအစဉ်ကို AA ဝေဖန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေသော ရိုဟင်ဂျာများ ရခိုင်ပြည်နယ်ဘက်သို့ ပြန်လာစေရန် အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်နေသည်ဟူသော အစီအစဉ်သည် ဟန်ပြသက်သက်သာ ဖြစ်နိုင်ကြောင်း ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော် (AA) က ပြောသည်။ 

“မွတ်စလင်တွေကို ပြန်လည်လက်ခံဖို့ လုပ်နေတာဟာ ဟန်ပြဖြစ်ဖို့ များပါတယ်။ …. တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် တည်ငြိမ်မှု မရှိ၊ လုံခြုံရေးအရ စိတ်မချရ ဖြစ်နေတဲ့အခြေအနေမှာ လက်ခံဖို့ကိစ္စ လုပ်ပြနေတာက အဲ့ဒီကိစ္စမှာ စစ်ကောင်စီဘက်က နိုင်ငံရေးနောက်ခံ စဉ်းစားချက်တွေ အများကြီး ပါနိုင်တယ်ဆိုတာကို ကျွန်တော်တို့ သုံးသပ်ပါတယ်” ဟု AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆိုသည်။ 

၂၀၁၇ တွင် စစ်တပ်က ရွာများကို စီးနင်းတိုက်ခိုက်ရာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက နယ်မြေတည်ငြိမ်နေချိန်တွင် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တချို့ ဆောင်ရွက်ခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ 

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် လအတန်ကြာတွင် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဟု ပြောဆိုလာသည်။

၂၀၂၁ ဒီဇင်ဘာ ၁၇ တွင် ပြန်လည်လက်ခံရေးလုပ်ငန်းများ အကြောင်းပြကာ စစ်ကောင်စီ၏ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့က ရခိုင်ပြည်နယ်ရှိ မောင်တောနယ်စပ် တောင်ပြိုလက်ဝဲနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင် ယာယီနေရာချထားရေးစခန်း စသည့် နေရာများသို့ သွားရောက်ခဲ့ကြသည်။

၂၀၂၃ ဖေဖော်ဝါရီ ၅ တွင်လည်း ရခိုင်ဒေသသို့ ထပ်မံသွားရောက်ကြရာတွင် သူတို့နှစ်ဦးအပြင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့လည်း ပါဝင်သည်။ ဦးကိုကိုလှိုင်သည် ICJ ခေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရခိုင်ဒေသ သတ်ဖြတ်မှုစွဲချက်များကို သွားရောက်ချေပရာတွင် ဦးဆောင်သူတစ်ဦးလည်း ဖြစ်သည်။ 

ရခိုင်သို့သွားသည့်အဖွဲ့သည် သက်ဆိုင်သူများနှင့် ၂ ရက်ခန့် တွေ့ဆုံကာ ICJ ဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၇ ပထမခရီးစဉ်အတွင်း ရောက်ခဲ့သော မောင်တောမြို့ စခန်းများသို့လည်းကောင်း၊ နောက်တစ်ရက်တွင် စစ်တွေမြို့နယ်အတွင်းရှိ IDP စခန်းများ၊ ကျောက်ဖြူ ကျောက်တလုံး IDP စခန်း ပြောင်းရွှေ့နေရာချမည့် နေရာသို့လည်းကောင်း သွားရောက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ပြန်လည်လက်ခံရေးလှုပ်ရှားမှုများသည် ၎င်းတို့၏ အုပ်ချုပ်ရေးကို နိုင်ငံတကာက အသိအမှတ်ပြုလာရန် ရည်ရွယ်ပုံရသည်ဟု AA ပြောခွင့်ရှိသူက ဆိုသည်။

“အနှစ်သာရရှိရှိ လုပ်ဆောင်တာထက် အပြင်ပန်းသဘောတရားအရ လုပ်ဆောင်ခြင်းတစ်ခုသာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

စစ်ကောင်စီကမူ ရိုဟင်ဂျာများကို ပြန်လည်လက်ခံရေး အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် တရားရုံးတွင် ခုခံချေပရေးအတွက် အပူတပြင်း အချက်အလက်စုဆောင်းနေရာ ထိုဝန်ကြီးအဖွဲ့ လာရောက်စဉ် ၂၀၁၇ ဖြစ်စဉ်တွင် ကိုယ်တိုင် တွေ့ကြုံခဲ့ကြရသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်မှ ဒေသခံ ရခိုင်နှင့် ဟိန္ဒူဘာသာဝင် စုစုပေါင်း ၃၀ ကျော်ကို စစ်တွေမြို့သို့ ခေါ်ယူကာ မေးမြန်းသည်၊ ထွက်ဆိုချက်များ မှန်ကန်ကြောင်း သက်သေခံ လက်မှတ်ရေးထိုးခိုင်းသည်ဟုလည်း မြို့ခံများထံမှ သိရသည်။

ယခုကဲ့သို့ ICJ တွင် ချေပလွှာတင်သွင်းနိုင်ရေးကိစ္စ မြန်မာစစ်ကောင်စီဘက်က ပြင်ဆင်နေသော်လည်း စစ်တပ် ကျူးလွန်သည်ဟု စွပ်စွဲချက်များထဲမှ အချို့သည် မှန်ကန်ထင်ရှားနေသည့်အတွက် ကျူးလွန်ခြင်း မရှိကြောင်း သက်သေပြ ချေပရန် အလွန့်အလွန်ခက်ခဲသည့် အချိန်ဖြစ်သည်ဟု ရခိုင်ပြည်နယ်မှ တက်ကြွလှုပ်ရှားသူများက သုံးသပ်ကြသည်။

ICJ တွင် တရားစွဲခံရခြင်း

၂၀၁၇ သြဂုတ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်ဖြင့် ၂၀၁၉ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် တရားစွဲခဲ့သည်။

NLD ပါတီ အစိုးရလက်ထက် ကန့်ကွက်လွှာများ တင်ထားခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာ ပထမအကြိမ်ကြားနာစစ်ဆေးခဲ့မှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

၂၀၁၉  ဒီဇင်ဘာတွင် နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ ICJ တရားခွင်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-KOEN VAN WEEL/ANP/AFP via Getty Images)

စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုအမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်ခြင်းဆိုင်ရာကော်မတီကို ၂၀၂၁ ဇွန်လအတွင်း ဖွဲ့စည်းကာ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးကိုကိုလှိုင်နှင့် ဒေါ်သီတာဦးတို့ကို ကော်မတီတွင် ခန့်အပ်ခဲ့သည်။

၂၀၂၂ ဖေဖော်ဝါရီ ၂၁ မှ ၂၈ အတွင်း ဒုတိယအကြိမ် နှစ်ဖက်ကြားနာရန် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးသို့ စစ်ကောင်စီ၏ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ICJ တရားရုံးအနေဖြင့် ထိုသတ်ဖြတ်မှုအပေါ် ဆုံးဖြတ်စီရင်ပိုင်ခွင့် ရှိမရှိ ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့မှ နှစ်ဖက်ကိုယ်စားလှယ်များ လျှောက်လဲချက် ပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုသော စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခွင့် မရှိ၊ ICJ တရားခွင်ကလည်း စီရင်ပိုင်ခွင့်မရှိဟု စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့က လျှောက်လဲခဲ့သည်။ ထိုလျှောက်လဲချက်ကို ICJ တရားရုံးက ယင်းနှစ် ဇူလိုင် ၂၂ တွင် ပယ်ချလိုက်ပြီး စွဲချက်တင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

“ဂမ်ဘီယာအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသဖြင့် မြန်မာနိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှု ရှိမရှိ၊ ကျူးလွန်မှု ရှိမရှိနှင့် ပတ်သက်ပြီး တရားစွဲဆိုနိုင်ကြောင်း” ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

NUG နှင့် NLD အစိုးရတို့၏ လုပ်ဆောင်ချက်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသူများကို NLD အစိုးရက  ပြန်လည်လက်ခံရေး လုပ်ဆောင်ခဲ့သော်လည်း လုံလောက်သော လုံခြုံရေးနှင့် နေထိုင်ရေး အာမခံချက်မရှိမှုကြောင့် အများစုက ပြန်မလာခဲ့ဘဲ ဆန္ဒအလျောက် ပြန်ဝင်လာသူ အနည်းငယ်သာရှိကာ လူသားချင်းစာနာမှုကူညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အစီအစဉ်ဖြင့် လက်ခံခဲ့သည်။

ယင်းသို့ ဝင်ရောက်လာသူ ၃၀၀ ခန့်သည် လုံခြုံပြီးသိက္ခာရှိသည့် ဘဝကို ထူထောင်နေကြပြီဟု NLD အစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ၇၄ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံတွင် ပြောဆိုခဲ့သည်။

ယင်းနောက်ပိုင်း၂၀၂၀ ဇွန်လအထိ လူပေါင်း ၇၀၀ နီးပါး ပြန်လည်ဝင်ရောက်ခဲ့ပြီး ထိုအထဲမှ လူပေါင်း ၁၃၀ ကျော်မှာ အသိမပေးဘဲ ပြန်လည်ဝင်ရောက်လာသည်ဟု အစိုးရစာရင်းများအရ သိရသည်။

ထိုနောက်ပိုင်း ကမ္ဘာအနှံ့ ဖြစ်ပွားလာသော ကိုဗစ်နိုင်တင်းကပ်ဘေးကြောင့် ပြန်လက်ခံရေးအစီအစဉ်မှာ ရပ်တန့်သွားသည်။

NLD ပါတီဝင် အများအပြားပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၁ ဇွန် ၃ တွင် “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထားထုတ်ပြန်ချက်” ထုတ်ပြန်ခဲ့သည်။

မြန်မာစစ်တပ်ကြောင့် ထွက်ပြေးလာရသော နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၉ ဩဂုတ်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် အခမ်းအနား ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ-MUNIR UZ ZAMAN/AFP via Getty Images)

“ရိုဟင်ဂျာပြည်သူများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးများကို ရက်ရက်စက်စက် ချိုးဖောက်မှုများကြောင့် လူဦးရေ သောင်းပေါင်းများစွာ နေရပ်မှ စွန့်ခွာထွက်ပြေးရခြင်း၏ ဘေးဒုက္ခများအား ကောင်းစွာသိရှိပြီး အထူးစိတ်မကောင်းဖြစ်ရပါသည်” ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို သုံးစွဲပြီး နိုင်ငံသားဖြစ်ရေးမူဝါဒကို NUG က တရားဝင်ထုတ်ဖော်ပြောသည်မှာ နိုင်ငံတကာ၏ ထောက်ခံမှုရရှိရေးတစ်ခုအတွက်သာ ဖြစ်နေပြီး ရခိုင်အရေးအပါအဝင် ရခိုင်ရှိ မွတ်စလင်အရေးကိစ္စများကို NUG ဘက်က လုပ်ဆောင်ပေးနိုင်ခြင်း မရှိဟု တက်ကြွလှုပ်ရှားသူ ရခိုင်ဒေသခံများက ယူဆသည်။

ဒေါ်အောင်ဆန်းစုကြည်က ICJ တွင် စစ်တပ် အပြစ်မရှိကြောင်း ကာကွယ်ပြောဆိုချက်များ အားလုံးကို ပြန်လည်ရုပ်သိမ်းကြောင်း NUG က ၂၀၂၂ ဖေဖော်ဝါရီ ၁ တွင် ထုတ်ပြန်သည်။

အိမ်ပြန်ချင်ကြသူများ

ပြီးခဲ့သည့် ကမ္ဘာ့ဒုက္ခသည်များနေ့အထိမ်းအမှတ်အကြိုနေ့ ၂၀၂၂ ခု ဇွန်လ ၁၉ ရက်နှင့် ဇွန်လ ၂၀ ရက်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ သောင်းနှင့်ချီသော ဒုက္ခသည်များက “Go Home” ဟူသော ဆိုင်းဘုတ်ထောင်ကာ အိမ်ပြန်ချင်ပြီဖြစ်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

၎င်းတို့၏ တောင်းဆိုချက်များထဲ၌ ဒေသတွင်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေးတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းပြီး ၎င်းတို့အတွက် နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပြန်လည်ရရှိရေးတို့ ပါဝင်သည်။

ကုလသမဂ္ဂ၏ စာရင်းများအရ ၂၀၁၇ ခုနှစ်က ၇ သိန်းကျော်သော ဒုက္ခသည်ဦးရေသည် ၅ နှစ်အကြာ လက်ရှိတွင် ၁၀ သိန်းအထိ တိုးလာနေပြီဖြစ်သည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့လှူဒါန်းမှုဖြင့် ရပ်တည်နေထိုင်နေကြရသော ထိုသူများ၏ နေရပ်ပြန်ရေးမျှော်လင့်ချက်သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုဝေးကွာသွားခဲ့သည်။

အိမ်ပြန်ချင်သည့် ရိုဟင်ဂျာတချို့မှာ နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်လမ်းကြောင်းဖြင့် ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ကာ ဝင်ရောက်ရသည့် တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာရာ နယ်ခြားစောင့်တပ်နှင့် တွေ့၍ ဖမ်းဆီးခံရမှုဖြစ်စဉ်များကို ရခိုင်ပြည်နယ်စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ရှိသည်။

ကော့ဘဇားဒုက္ခသည်စခန်းများတွင် နေရပ်စွန့်ခွာသူ ၁ ဒသမ ၁ သန်းကျော် ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် နိုင်ငံတကာက ပြောဆိုနေသော်လည်း ၂၀၁၇ ဖြစ်စဉ်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာသွားသူ ငါးသိန်းကျော်သာ ရှိပြီး ၎င်းအရေအတွက်နှင့် ထပ်တိုးကလေးအရေအတွက်ကိုသာ ပြန်လည်လက်ခံသွားမည်ဟု စစ်တပ်ဘက်က ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button