သတင်း

ပြည်ခိုင်ဖြိုးက ပါတီဝင်များကို ဝါးရင်းတုတ်နှင့် ဝါးချွန်များ ထုတ်ပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်၊ ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင်တို့က နေပြည်တော် ဒက္ခဏသီရိမြို့နယ်တွင် ပါတီဝင်များနှင့် တွေ့ဆုံစဉ် ဝါးရင်းတုတ်နှင့် ဝါးချွန်များ ထုတ်ပေးခဲ့သည်။

ပါတီဝင်များကို တွေ့ဆုံသည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ အခမ်းအနားကို လက်နက်တပ်ဆင်ပေးအပ်ပွဲဟု အမည်တပ်ထားပြီး ပါတီဝင် ၂၀၀ နီးပါးကို ပါတီဝတ်စုံများအပါအဝင် လူသေကျေထိခိုက်နိုင်သည့် ဝါးချွန်များနှင့် ဝါးရင်းတုတ်များ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

စစ်တပ်ကို ထောက်ခံသည့် အရပ်သားများကို “လက်နက်တပ်ဆင်ပေးနိုင်မှ တော်ကာကျမယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်က အဆိုပါပွဲတွင် ပြောဆိုခဲ့သည်။

ဦးမြင့်လှိုင်သည် လယ်ဆည်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဓနုဖြူမြို့နယ် လယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေ ကျေပွန်စွာဆပ်ရန်၊ မဆပ်နိုင်ပါက ထမင်းတစ်နပ်လျှော့စားရန် ပြောဆိုခဲ့မှုကြောင့် ‘တစ်နပ်စား မြင့်လှိုင်’ ဟု ခေါ်ဝေါ်သမုတ်ခံခဲ့ရသူဖြစ်သည်။

နိုင်ငံတကာနှင့် ရွေးကောက်ပွဲလေ့လာသူများက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၈၇ ရာခိုင်နှုန်းကျော် အနိုင်ရသည်ဟု အခိုင်အမာ ပြောဆိုကြသော်လည်း ဦးမြင့်လှိုင်ကမူ NLD ကို ပြည်ဖျက်ပါတီဟု သမုတ်သည်။

“တိုင်းဖျက်ပြည်ဖျက်ပါတီကတော့ ဘေးထားလိုက်ပေါ့။ NLD လို ပါတီကတော့ ဖျက်ပစ်ရမယ်။ အစောကြီးကို ဖျက်ပစ်ရမယ်။ ကျွန်တော်တို့က အသက်သွင်းပေးလိုက်တဲ့အခါကျတော့ လွှတ်တော်ထဲ ရောက်လာပြီးတော့ ၅ နှစ်လောက် တိုင်းပြည်ကို ဖျက်ပစ်လိုက်တယ်” ဟု သူက ပြောသည်။

ပါတီဝင်များကို အမှာစကားပြောနေသည့် ဦးမြင့်လှိုင်၏ ၃၅ မိနစ်ကြာ ရုပ်သံဖိုင်ကို စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတချို့တွင် တင်ခဲ့ပြီးနောက် မကြာခင်တွင် ပြန်လည်ဖြုတ်ချသွားခဲ့သည်။ ဤလှုပ်ရှားမှုသည် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန့်ကျင်တော်လှန်နေသူများကို တန်ပြန်တိုက်ခိုက်ရန် စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီ၏ ပြင်ဆင်မှုတစ်ခုလည်း ဖြစ်သည်။

ဝါးချွန်များ လက်ခံရယူခဲ့သည့် ကြံ့ခိုင်ရေးပါတီဝင်များ

မဲစာရင်းမှားယွင်းမှုအကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်တပ်ကို ဗိုလ်ချုပ်ကြီးဟောင်းက အမွှမ်းတင်ပြောသွားပြီး စစ်တပ်မရှိပါက တိုင်းပြည်မရှိနိုင်ကြောင်းလည်း ပြောဆိုသွားသည်။

နိုင်ငံကို ပုံမှန်အခြေအနေပြန်ရောက်ရန် အားထုတ်ရဦးမည်ဖြစ်ပြီး အရေးပေါ်ကာလ ၆ လ ထပ်မံတိုးထားသည့် အချိန်အတွင်း ပုံမှန်ပြန်ဖြစ်လာနိုင်ပါ့မလားဟုလည်း ပွဲတက်လာသူများကို ဦးမြင့်လှိုင်က မေးခွန်းထုတ်သည်။

ဦးမြင့်လှိုင်၏ ပြောဆိုချက်များ၊ ဝါးချွန်များ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ပါတီဝင်များကို လုံခြုံရေးသတိရှိရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပေးခြင်းဟု သူက ပြောသည်။

“ဒါလေးတွေနဲ့ လိုတဲ့အချိန်မှာ ထုတ်သုံးနိုင်တယ်ဆိုတဲ့ အသိလေးပါပဲ။ ရပ်ဓလေ့၊ ရွာဓလေ့ပေါ့။ ဝါးလေးတွေ၊ တုတ်လေးတွေနဲ့ လုပ်လို့ရတယ်ဆိုတဲ့ အကြံဉာဏ်လေးကို ရွာသူရွာသားတွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေခိုင်းတာပါပဲ။ ကျွန်တော်ကတော့ ကိုယ့်ဟာကိုယ် နိုးနိုးကြားကြားရှိတာ ကောင်းတယ်ဆိုတဲ့ မှတ်ချက်ပေးတဲ့ သဘောပါပဲ” ဟု Myanmar Now ကို ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့ (နေပြည်တော်) အဖွဲ့ဝင် ဗိုလ်လရောင်ကမူ ကြံ့ခိုင်ရေးပါတီ၏ လှုပ်ရှားမှုများအားလုံးကို စောင့်ကြည့်နေသည်ဟု Myanmar Now ကို ပြောသည်။

“အကုန်လုံး ကျွန်တော်တို့ သိထားတယ်။ အင်အားဘယ်လောက်တက်တယ်။ ဘယ်သူတွေတက်တယ်။ ဘာတွေပေးတယ်။ သူတို့ ချိတ်ဆက်ဆောင်ရွက်မယ့် လုပ်ငန်းတွေအကုန်လုံးကို ကျွန်တော်တို့ သိထားတယ်” ဟု သူက ပြောသည်။

စစ်အာဏာသိမ်းမှု တော်လှန်သူများကို စစ်တပ်နှင့် ပေါင်းကာ ချေမှုန်းရန် ဆော်ဩခဲ့သူ ဦးမြင့်လှိုင်သည် ဒက္ခိဏသီရိမြို့နယ်ရှိ နေအိမ်တွင် လုံခြုံရေးအပြည့်ဖြင့် ရှိနေတတ်ကြောင်းလည်း နေပြည်တော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

နိုင်ငံတစ်ဝန်း စစ်မျက်နှာဖွင့်ထားရကာ စစ်ရေး၊ နိုင်ငံရေးတို့တွင် အဘက်ဘက်မှ မကြုံစဖူး အကျပ်အတည်းကြုံနေရသည့် စစ်ကောင်စီသည် စစ်တပ်ထောက်ခံသူ အရပ်သားများအား တရားဝင် လက်နက်ပေးကိုင်မည့် မူဝါဒကို မကြာသေးခင်က ထုတ်ပြန်ထားသည်။

စစ်တပ်က ထူထောင်ထားသည့် ကြံ့ခိုင်ရေးပါတီကို မကြာသေးမီက ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်ရာ ရဲချုပ်ဟောင်း ဦးခင်ရီက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင် စေလွှတ်လိုက်သည့် စစ်တပ်အရာရှိဟောင်းအများအပြား ခေါင်းဆောင်ပိုင်းသို့ ရောက်လာသည်။

ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို အစဉ်တစိုက်ဝေဖန်လေ့ရှိသည့်၊ ဘူးလက်လှဆွေဟု လူသိများသည့် ဒုဗိုလ်မှူးကြီးဟောင်း ဦးလှဆွေသည်လည်း နေပြည်တော် ၈ မြို့နယ်၏ ပါတီဥက္ကဋ္ဌဖြစ်လာသည်။

ပါတီအောက်ခြေတွင်မူ အာဏာသိမ်းမှုကို မည်မျှထောက်ခံမှန်း မသိရသေးပေ။

ပြီးခဲ့သည့် ၂ နှစ်အတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့က လမ်းပေါ်မထွက် အသံတိတ်ဆန္ဒပြလှုပ်ရှားမှု အကြိမ်ကြိမ်ပြုလုပ်ကြရာ ပြည်ခိုင်ဖြိုးပါတီဝင် များစွာရှိသည့် မြို့ကြီးများတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button