
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ တပ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဖေဖော်ဝါရီ ၂၂ တွင် တာဝေးပစ်လက်နက်ကြီး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်။
လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အစပ် အရှေ့ဘက်တောင်ကြောပေါ်တွင် ရှိသည့် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း အမှတ် ၂၀၃၁ ကို ထိုနေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော် PDF က ပြောသည်။
“တာဝေးပစ် မစ်ဇိုင်းတွေနဲ့ နေပြည်တော်အတွင်းကို စမ်းသပ်ပစ်ခတ်တဲ့ သဘောပါပဲ။ နေပြည်တော်အနီးတစ်ဝိုက်မှာ ရှိတဲ့ လေကြောင်းရန်တပ်တွေကို စတင်ပစ်ခတ်ပြီး စမ်းသပ်တာပါ” ဟု ထိုအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။
တောင်ဖီလာကျောက်ကွင်း၊ အမှတ် ၆၀၅၊ ၆၀၄ ခြေလျင်တပ်ရင်းတို့၏ အနီးတွင် ရှိသည့် အမှတ် ၂၀၃၁ လေကြောင်းရန် ကာကွယ်ရေးတပ်ဝင်းအလယ်ရှိ အဆောက်အအုံပေါ်တစ်လုံး၊ တပ်ဝင်းထဲသို့ တစ်လုံးကျကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိတ်မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
မည်သည့်အကွာအဝေးမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
တိုက်ခိုက်ခံရပြီးနောက် လေကြောင်းကာကွယ်ရေးတပ်က လက်နက်ကြီးဖြင့် ပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သည်၊ ထိုတပ်အနီး တိုက်လေယာဉ်တစ်စီး ရောက်လာသော်လည်း ပစ်ခတ်မှုမရှိဟု အထက်ပါ တာဝန်ခံက ဆက်ပြောသည်။
လေကြောင်းရန်တပ် ပစ်ခတ်ခံရမှုကို စစ်ကောင်စီက ဖုံးကွယ်ထားသော်လည်း လက်နက်စမ်းသပ်ခြင်းသာ ဖြစ်သည်ဟု အနီးအနားရှိ ကျေးရွာများတွင် ဝါဒဖြန့်နေကြောင်း၊ ထိုနေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီ မြေပြင်တပ်ရင်းများ စစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒေသခံ ဖမ်းဆီးတာ၊ တိုက်ပွဲဖြစ်နေတာတော့ ဘာမှမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

နေပြည်တော်သည် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်များ နေထိုင်သည့် မြို့ဖြစ်သည့်အလျောက် မြို့တွင်း အချက်အချာကျသော နေရာများ၌ပင် အရံအတားများ တည်ဆောက်၍ လုံခြုံရေးတင်းကျပ်ထားသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်နေဆဲဖြစ်ရာ နေပြည်တော်တွင်လည်း တော်လှန်ရေးအဖွဲ့တို့၏ တိုက်ခိုက်မှုများ ရံဖန်ရံခါ ဖြစ်နေသည်။
ဖေဖော်ဝါရီ ၂၁ နံနက်ကလည်း နေပြည်တော်-တောင်ငူ ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ကရင်ပြည်နယ် လိပ်သိုမြို့အနီး စစ်ကောင်စီဗျူဟာကုန်းသို့ တာဝေးပစ်လက်နက်ကြီးတစ်လုံးဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု နေပြည်တော် PDF ဘက်က ဆိုသည်။
တော်လှန်ရေးအဖွဲ့က ပစ်ခတ်သည့် လက်နက်အမျိုးအစားနှင့် လေကြောင်းရန် ကာကွယ်ရေးတပ်အတွင်း ထိခိုက်မှုအခြေအနေတို့ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)