
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့ ရဲစခန်းကို တော်လှန်ရေးအဖွဲ့က စီးနင်းကာ လက်နက် ၄၀ ကျော် သိမ်းဆည်းပြီးနောက်တွင် ထိုဒေသကို လေတပ်က ငါးကြိမ် သွားရောက်ပစ်ခတ်သည်။
စစ်သားနှင့် ရဲ ၄၀ နီးပါး အခြေချတပ်စွဲထားသည့် ရဲစခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၈) ည ၉ နာရီခန့်မှ နံနက် ၂ နာရီဝန်းကျင်အထိ တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖြစ်ပွားပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၈) နံနက်အစောပိုင်းမှစ၍ စစ်ကောင်စီ မီးရှို့မှုကြောင့် မြို့ပျက်ဖြစ်နေသည့် ထန်တလန်မြို့ထဲနှင့် အနီးဝန်းကျင်ရှိ တော်လှန်ရေးအဖွဲ့အခြေစိုက် စခန်းငယ်များကို စစ်တပ်က ဗုံးလာကြဲသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။
“ဗုံးကြဲလေယာဉ်လာပေမဲ့ အထိအခိုက်တော့ မရှိဘူးပေါ့” ဟု ၎င်းက ဆိုသည်။
ထိုရဲစခန်းကို စီးနင်းချိန်တွင် အင်အား ၅၀ နီးပါး တပ်စွဲအခြေချထားရာ စစ်ကောင်စီတပ်စခန်းကုန်းဘက်မှ ပစ်ကူပေးမှု မရှိဟု ဆလိုင်းထက်နီထံမှ သိရသည်။
“ကျွန်တော်တို့ သိမ်းတဲ့ စခန်းနဲ့ တပ်ကုန်းကတော့ အများဆုံးက ၄ ဖာလုံလောက်ပဲ ဝေးတယ်ဆိုတော့လေ။ လက်နက်ကြီးပစ်ကူတွေ ရောက်နိုင်ပေမဲ့ သူတို့ အဲ့သလို လှုပ်ရှားမှုတော့ မရှိဘူးပေါ့”
တိုက်ပွဲအပြီး ရုပ်အလောင်း ၄ ခု တွေ့ရကြောင်း၊ ကျန်တပ်ဖွဲ့ဝင်များမှာ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ ၎င်းတို့ဘက်မှ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရသည်ဟု ဆိုသည်။
ရဲစခန်းကို ဝင်တိုက်ပြီးနောက် ထန်တလန်မြို့နှင့် မိုင် ၄၀ ခန့်အကွာ ချင်းပြည်နယ်မြို့တော် ဟားခါးဘက်မှ စစ်ကား ၃ စီး လာနေသည်ဟု သတင်းရထားသော်လည်း ယနေ့မွန်းလွဲပိုင်းအထိ ထိုတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ မဖြစ်သေးကြောင်း ၎င်းထံမှ သိရသည်။
ရဲစခန်းတိုက်ခိုက်မှုကို CNF ၏ လက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ် (CDF) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

ထန်တလန်မြို့သည် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ဒေသခံလူထု မြို့ကို စွန့်ခွာသွားချိန်တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များသာ ရှိနေပြီး ပစ်ခတ်မှုများ မကြာခဏဖြစ်နေသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ မြို့လယ်ရှိ CB ဘဏ်အဆောက်အအုံကို တော်လှန်ရေးအဖွဲ့က တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးရမိပြီး သေနတ် ၈ လက် ရရှိထားသည်။
တစ်ပတ်ကျော်အကြာတွင် ရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လူဦးရေ တစ်သောင်းဝန်းကျင် နေထိုင်ပြီး အိမ်ခြေ ၂၃၀၀ ကျော်ရှိသည့် ထန်တလန်တွင် အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခံရမှုကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၃၂ ခုအပါအဝင် မြို့၏ သုံးပုံနှစ်ပုံဖြစ်သည့် အိမ်ခြေ ၁၆၀၀ ကျော် ပြာကျခဲ့ရသည်။ မီးရှို့မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းလေ့ရှိသည်။
အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန် ဇန်နဝါရီ ၃၁ ရက်တွင် နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ ကျော်အနက် ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်နိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံထားရသည်။
ထို့နောက်တွင် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကြေညာခဲ့ရာ ထိုအထဲတွင် တောင်တန်းဒေသ ချင်းပြည်နယ်မှ ထန်တလန်အပါအဝင် ၇ မြို့နယ် ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)