
ယမန်နေ့ (ဖေဖော်ဝါရီ ၈) ညသန်းခေါင်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အနောက်ခြမ်းရှိ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့၏ စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ လက်နက်ကိုင်ကာကွယ်ရေးအဖွဲ့က ပြောသည်။
မြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာ စိန်းနားကျေးရွာတွင်ရှိသည့် ပျူစောထီးစခန်းကို တစ်နာရီနီးပါးကြာ တိုက်ခိုက်ပြီး MA 1 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ M2 ကာဘိုင်တစ်လက်ကို ရရှိခဲ့သည်ဟု တန့်ဆည်အခြေစိုက် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဘန်ကာတွေအကုန် မရှင်းလင်းနိုင်ဘူး၊ တစ်ခုကနေပဲ စစ်သားအလောင်းနှစ်လောင်းကိုပဲ မှတ်တမ်းယူနိုင်ခဲ့တာ၊ ပျူစောထီးတွေက အကုန်ထွက်ပြေးသွားတာ” ဟု သူက ဆိုသည်။
ညအချိန်ဖြစ်သဖြင့် မည်မျှ ထိခိုက်မှု ရှိသွားသည်ကို အတိအကျမသိရကြောင်း၊ လက်နက်များမှာ ဘန်ကာတစ်ခုအတွင်း အလောင်းနှစ်လောင်းအနီး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တန့်ဆည်အခြေစိုက် ရွှေဘိုခရိုင် တပ်ရင်း ၁၆၊ ကန့်ဘလူခရိုင် တပ်ရင်း (၁) နှင့် ဒေသခံပကဖအဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။
PDF များ၏ မှတ်တမ်းဓာတ်ပုံတွင် ဦးခေါင်းပွင့် ဒဏ်ရာရှိသည့် ယူနီဖောင်းဝတ် ၂ ဦး ၏ ရုပ်အလောင်းများကို တွေ့ရသည်။
ထိုစခန်းတွင် အရေအတွက် အတိအကျမသိရပေ။ သို့သော်လည်း အိမ်ခြေ ၇၀ ခန့်ရှိသည့် စိန်းနားရွာနှင့် တစ်မိုင်ခန့် အကွာတွင်ရှိသော ကမ်းဖြူကျေးရွာအုပ်စုတွင် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး အယောက် ၄၀ ခန့် ရှိကြောင်း စစ်ကောင်စီ၏ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ရိက္ခာထောက်ပံ့သည့် မှတ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ပေါက်ကြားလာသည့် မှတ်တမ်းတစ်ခုတွင် ကန့်ဘလူမြို့နယ် ကမ်းဖြူကျေးရွာအုပ်စုရှိ ပျူစောထီး ၄၀ ဦးအတွက် နှစ်လစာ အခြေခံစားကုန် (၄) မျိုး ဝယ်ယူရန် ငွေကျပ် ၁,၆၅၇,၄၀၀၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်တို့အတွင်းရှိ အခြားပျူစောထီး ၁၂၀ ဦးအတွက် တစ်လစာ အခြေခံစားကုန် (၄) မျိုး ဝယ်ယူရန် ငွေကျပ် ၂,၄၈၆,၁၀၀ တို့ကို တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ပျူစောထီးခေါင်းဆောင် ဦးဝါသဝမှတစ်ဆင့် ထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။
ပျူစောထီးများအားကောင်းရာ အဆိုပါနေရာကို သွားရောက်တိုက်ခိုက်ရသဖြင့် အခက်အခဲတစ်ချို့ ရှိသော်လည်း ကာကွယ်ရေးပူးပေါင်းအဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်တစ်ဦးက ပြောသည်။
“မှော်တော (ပျူစောထီးရွာ) နဲ့လည်း နီးတယ်ဗျာ၊ ပျူနဲ့ အားကောင်းရာကို သွားသိမ်းရတာဗျ၊ မူး (မြစ်) ကျော်ပြီး သွားသိမ်းကြတာ။ ရေစီးက တော်တော်သန်တယ်။ ပြန်ဆုတ်တော့ (မှော်တောဘက်ကနေ) လက်နက်ကြီးတွေနဲ့ ထုတာ” ဟု ဆိုသည်။
လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ၎င်းနှင့် ဆက်စပ်နေသည့် ကျွန်းလှမြို့နယ်အတွင်း လက်ရှိတွင် ပျူစောထီး အားကောင်းသည့် ကျေးရွာပေါင်း ၄၀ ကျော် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီ ၁၇ တွင် ကန့်ဘလူမြို့အနောက်ဘက်ရှိ ပျူစောထီးသင်တန်းပေးသော ယောကျေးရွာ၊ ဇန်နဝါရီ ၂၂ တွင် ရွှေဘိုမြို့နယ်မြောက်ပိုင်း တဲကြီးကျေးရွာရှိ ပျူစောထီးစခန်းတို့ကို ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)