သတင်း

ရွှေဘိုခရိုင်နှင့် ငါန်းဇွန်တွင် စစ်တပ်ယာဉ်များ မိုင်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း ဖေဖော်ဝါရီ ၄ ရက်နေ့က စစ်တပ်သုံးယာဉ်များကို မိုင်းဖြင့် တိုက်ခိုက်ရာ သေဆုံးသူ စစ်သားအရေအတွက် ၁၄ ဦးခန့် ရှိနိုင်သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ ရွှေဘိုမြို့နယ်ဘက်သို့ လာသည့် စစ်သား ၂၀ ခန့်ပါ အဖြူရောင် ၁၂ ဘီးကားတစ်စီး ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာနှင့် စိုင်နိုင်ကြီးရွာအကြား တစ်ကြိမ်၊ ရွှေဘိုနယ် ဇီးဖြူတော်ကျေးရွာအနီး တစ်ကြိမ် တိုက်ခိုက်လိုက်သည်ဟု Buffalo Soldiers Freedom Force အဖွဲ့က ပြောသည်။

“မနက်ပိုင်းမှာ ပဒေသာမိုင်းနဲ့ ဆွဲကတည်းက အပြင်းအထန်ထိသွားတယ်။ အဲဒီမှာ စခ ငါးကောင်အထိ ရလိုက်ပြီးတော့ ရွှေဘိုမုခ်ပေါက်မှာ ဒဏ်ရာရတဲ့ကောင်တွေကို လူနာတင်ကားတွေနဲ့ လာတင်သွားတာ မြင်လိုက်တယ်” ဟု ထိုအဖွဲ့မှ တပ်ဖွဲ့ဝင် ကိုကျွဲကြီးက ပြောသည်။

ထိုကားပေါ်မှ မိုင်းထိသေဆုံးသူများနှင့် ဒဏ်ရာရသူ ယူနီဖောင်းဝတ်စစ်သားများကို ရွှေဘိုမြို့အဝင် မုခ်ဦးအနီး လူနာတင်ကားများပေါ်သို့ ပြောင်းတင်ပေးခဲ့ပြီး ကျန်သူများက ၁၂ ဘီးတပ် မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာလာစဉ် ဇီးဖြူတောကျေးရွာအနီး မိုင်းထပ်ထိသည်ဟု ဆိုသည်။

“ဒုတိယအကြိမ်မှာ ကားကတော့ စုတ်ပြတ်သတ်သွားတယ်။ ကားပေါ်ကကောင်တွေ ဆင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တော့ အနားကပ်ဖို့ အခွင့်မသာ၊ စခ ဘယ်နှကောင် ရလိုက်လဲ သေချာမသိတော့ဘူး” ဟု ကိုကျွဲကြီးက ပြောသည်။

ပေါက်ကွဲမှုအားကောင်းသည့် ရှေ့ထွက်ပဒေသာမိုင်းများကို တစ်နေရာစီတွင် ဆယ်လုံးစီ အသုံးပြုခဲ့သည်ဟုလည်း သူက ဆိုသည်။

ထိုတိုက်ခိုက်မှုများကို တောကျီးကန်း၊ Hero Brothers Guerilla Force, Shwebo Defence Force(SBLDF) တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကားပေါ်ပါ စစ်သားများက ဇီးဖြူတောရွာအနီးရှိ တဲအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ရွှေဘိုနယ်အတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

အပြင်းအထန်တိုက်ခိုက်ခံနေရသည့် အာဏာသိမ်း စစ်ကောင်စီတပ်သည် အရပ်သားတို့၏ မြေသယ်ယာဉ်များ၊ ကုန်တင်ကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေရာ ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း လမ်းကြောင်းများကို စုံစမ်းထောက်လှမ်း၍ မိုင်းထောင်တိုက်ခိုက်လျက်ရှိသည်။

မြန်မာပြည်အလယ်ပိုင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခု လက်လုပ်ရှေ့ထွက်မိုင်းတချို့ ပြင်ဆင်နေသည်ကို ၂၀၂၂ နိုဝင်ဘာ တတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-မိုးဦး/Myanmar Now) 

မန္တလေးတိုင်းအတွင်း တိုက်ခိုက်မှု

ထိုနေ့မှာပင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့တွင် ကင်းလှည့်နေသော ယာဉ်တန်းကို ညသန်းခေါင်အချိန်၌ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သား ၉ ဦးခန့် သေဆုံးသွားသည်ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

ငါန်းဇွန်-တံတားဦးလမ်းအတိုင်း ထွက်လာသော ယာဉ်တန်းတွင် ကား ၁ စီး၊ ဆိုင်ကယ် ၅ စီး ပါဝင်သည်၊ မြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာ၊ ငွေစင်ကုန်းရွာနှင့် ညောင်ပင်ကြီးရိုးရွာကြား မိုင်းဖြင့် တိုက်ခိုက်ပြီးနောက် မိနစ် ၂၀ ခန့် သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု မြို့နယ်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရှေ့က ကားတစ်စီးကို ကျွန်တော်တို့ လွှတ်ပေးလိုက်ပြီး နောက်က ဆိုင်ကယ်ငါးစီးကို (မိုင်း) ဆွဲပစ်လိုက်တယ်။ ပြီးမှ ပစ်တယ်” ဟု သူက ဆိုသည်။

ဆိုင်ကယ်များပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး လိုက်ပါလာပြီး ၉ ဦးမှာ နေရာတွင်ပင် သေဆုံးသည်ဟု ၎င်းက ဆက်ပြောသည်။

“ရှေ့တင်ပဲ ဆိုင်ကယ်ပေါ်ကနေ လွင့်စဉ်ကျသွားတာတွေ ရှိတယ်။ ညတွင်းချင်း အလောင်းပြန်ကောက်သွားကြတယ်၊ သွေးကွက်တွေပါ ဖျောက်သွားတယ်” ဟု ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုကို ဒေသတွင်း ၁၅ ဖွဲ့ထက်မနည်း ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် ငါန်းဇွန်မြို့ပေါ်မှ စစ်ကောင်စီယာဉ်တစ်စီး ထိုနေရာသို့ စစ်ကူရောက်လာပြီး ပစ်ခတ်ခဲ့သည့်အတွက် ပြန်ဆုတ်ခဲ့ရကြောင်း၊ သေနတ်မကောက်ယူနိုင်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ်ပကဖက ပြောသည်။

နောက်တစ်နေ့ (ဖေဖော်ဝါရီ ၅) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါန်းဇွန်မြို့မှ ငွေစင်ကုန်းရွာအထိ လမ်းပိတ်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအုပ်ချုပ်ရေး အသက်ဝင်နေသေးသည့် မန္တလေးတိုင်းမှ ငါန်းဇွန်မြို့သည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၂၀,၀၀၀ ကျော် နေထိုင်သည့်မြို့ငယ်ဖြစ်သည်။

မန္တလေးတိုင်းတွင် မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့တို့မှ ဒေသခံကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကို မကြာခဏ တိုက်ခိုက်နေသည်။

ထိုမြို့များသည် စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်မှု အားကောင်းနေသော စစ်ကိုင်းတိုင်းနှင့် ဧရာဝတီမြစ်ခြားပြီး တည်ရှိသည်။

စစ်သားအသေအပျောက်စာရင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က မထုတ်ပြန်သလို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button