
အာဏာသိမ်းပြီး နှစ်နှစ်၊ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရချိန်တွင် အင်အားလိုအပ်ချက်ကို ဖြည့်တင်းရန် စစ်သားနှင့်ရဲ မိသားစုများထဲမှ အထက်တန်းမအောင်၊ အလုပ်မရှိသည့် လူငယ်များကို စစ်ကောင်စီက နေ့စားခ ကျပ်တစ်သောင်းပေး၊ ထမင်းကျွေး၍ ယူနီဖောင်းဝတ်ပေးထားသည်။
တပ်ရင်း၊ အစိုးရဌာနကဲ့သို့ လုံခြုံရေးယူပေးရမည့်နေရာများ(စစ်တပ် အခေါ် နောက်တန်း) တွင် တာဝန်ပေးရန်အတွက် ဝင်ငွေနည်းပါးသည့်၊ ဘေးပေါက်ဝင်ငွေ ရှာမရသဖြင့် ပိုမိုခက်ခဲသည့် ရဲဘော်မိသားစုများကို စစ်ကောင်စီက ပစ်မှတ်ထားစည်းရုံးသည်။
ယခင်က ၎င်းတို့ကို တပ်တွင်းလုံခြုံရေးတာဝန်သာ ပေးသော်လည်း အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ မှစ၍ တပ်ဖွဲ့ဝင်အဖြစ် အသွင်ပြောင်း၊ ယူနီဖောင်းပေးဝတ်၍ ပြင်ပနေရာဌာနများတွင်ပါ စစ်ကောင်စီက ခိုင်းစေနေသည်ဟု တပ်မိသားစုဝင်အချို့က ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း တစ်နိုင်ငံလုံး တော်လှန်မှုများ မြင့်တက်လာသည်၊ မြို့နယ် ၃၃၀ ရှိသည့်အနက် ထက်ဝက်နီးပါးကို အပြည့်အဝ မအုပ်ချုပ်နိုင်ဟု ဇန်နဝါရီ ၃၁ ရက်၊ နေပြည်တော်အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံထားရသည်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် အာဏာဖီဆန် CDM ကြသူ၊ ထွက်ပြေးသူ၊ သေဆုံးသူ များနေပြီး လူသစ်စုရခက်သည့် အခြေအနေမှာ စစ်ကောင်စီအတွက် အကြီးဆုံးအခက်အခဲ ဖြစ်နေသည်ဟု စစ်ဗိုလ်ချုပ်များကိုယ်တိုင် ထုတ်ပြောဖူးသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း လစဉ် ရဲနှစ်ဒါဇင်ကျော် သေဆုံးနေရကာ ရဲပြေးအရေအတွက် တိုးလာကြောင်း၊ တစ်နှစ်အတွင်း ရဲတပ်သားသစ် တစ်ထောင်ကျော်သာ စုဆောင်းနိုင်ကြောင်း ၂၀၂၂ ဩဂုတ်က ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ရဲချုပ် ဗိုလ်ချုပ်ဇင်လင်းထက်က ပြောခဲ့သည်။

ထိုအခြေအနေတွင် မဖြစ်မနေဝင်ရမည်ဟု ဖိအားပေးခြင်းမျိုးမဟုတ်သော်လည်း စစ်ကောင်စီ၏ တပ်သားသစ်စုဆောင်းမှုပစ်မှတ်မှာ တပ်မိသားစုဝင်များဖြစ်လာသည်ဟု နေပြည်တော်အခြေစိုက် တပ်တစ်ခုမှ စစ်သားမိသားစုဝင် မမွန်မွန်* က ပြောသည်။
“တပ်တွင်း အတူနေမိသားစုတွေ အဆင်ပြေလား မပြေလား သိကြတယ်လေ။ အဲဒီတော့ မပြေတဲ့အိမ် လာပြီး စည်းရုံးရေးဆင်းတယ်။ မိသားစုတွေကလည်း ကျပ်တည်းတယ်။ အန္တရာယ်မရှိဘူး။ တစ်လ သုံးသိန်းလောက် ရမှာဆိုတော့ သားသမီးတွေကို ဝင်လုပ်ခိုင်းကြတာ”
၎င်းနေထိုင်သည့် တပ်ထဲတွင် အတန်းပညာမရှိသည့် တပ်မိသားစုဝင် အမျိုးသားငယ်များက စစ်ကောင်စီအတွက် ယူနီဖောင်းဝတ်၍ လုံခြုံရေးယူပေးနေကြောင်း၊ တပ်ရှိ ဘွဲ့ရအလုပ်မရှိသူ စစ်သားသားသမီးတို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကြောင့် အင်အားလျော့ပါးသွားသည့် အစိုးရဌာနများတွင် အလုပ်ရနေရသည်မှာ စုစုပေါင်း အယောက် ၂၀ ဝန်းကျင်ရှိကြောင်း လုံခြုံရေးအရ အသေးစိတ်အချက်အလက် ထုတ်မပြောလိုသည့် မမွန်မွန်က ဆိုသည်။
လက်တွေ့တွင်လည်း နေပြည်တော်လမ်းမများပေါ်ရှိ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့များတွင် အသက် ၁၈ နှစ် မပြည့်နိုင်သေးသည့် အရွယ်များသာမက သက်ကြီးရွယ်အိုများကိုပါ စစ်သား၊ ရဲသားများအဖြစ် တွေ့နေရသည်မှာ အများသိသော လျှို့ဝှက်ချက်တစ်ခုဟုပင် ဆိုနိုင်သည်။
ယခင်ကပင် အခြေခံစစ်ပညာသင်ပေးထားပြီး တပ်တွင်းလုံခြုံရေးနှင့် သန့်ရှင်းရေးကို အပတ်စဉ် လုပ်ဆောင်ပေးနေရသည့် တပ်တွင်းနေ မိသားစုဝင်များမှာ ယခုအခါ နေ့စားခရသည့် တပ်ဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရကာ နယ်များသို့ပါ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေရကြောင်း အသက် ၆၅ နှစ်အရွယ် စစ်မှုထမ်းဟောင်း ဦးသူရ* က ပြောသည်။
“လိုအပ်ရင် တိုက်ပွဲထိ သွားရမယ်ဆိုပြီး မှာတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ တာဝန်ပေးခံရသူများထဲတွင် ပင်စင်ယူခါနီး သက်ကြီးရွယ်အိုများ၊ စစ်မှုထမ်းဟောင်းများ ပါဝင်ကြောင်း၊ ရှေ့တန်းပို့ခံရ၍ အသက်ဆုံးရှုံးရသူများလည်း ရှိကြောင်း ပြန်လည်တာဝန်ထမ်းရန် စစ်ကောင်စီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည့် ၎င်းက ဆက်ပြောသည်။
“အကြောင်းအမျိုးမျိုးကြောင့် ဝင်လုပ်ကြတာပေါ့ဗျ။ စီးပွားရေးကျပ်တည်းတယ်။ အပြင်မှာ အလုပ်က မလွယ်ကူဘူး၊ အဲတော့ စစ်မှုထမ်းဟောင်းဖခင်ကလည်း ယိုင်နဲ့နဲ့၊ လေတိုက်ရင်တောင် လဲမှာ၊ အဲဒါနဲ့ သားကလည်း အတူတူဝင်လုပ်နေကြတာတွေရှိတယ်” ဟု ဦးသူရက ဆိုသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများသည် နဂိုကပင် တပ်တွင်း၊ ရဲစခန်းအတွင်း လိုင်းခန်းများတွင် မှီခိုနေထိုင်ကြရသည်ဖြစ်၍ အင်အားလိုအပ်ချက် အကြီးအကျယ်ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီအတွက် လိုရာသုံးနိုင်သူများ ဖြစ်လာကြောင်း စစ်သက် နှစ် ၂၀ နီးပါးရှိသည့် CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
နိုင်ငံအနှံ့ခုခံမှုများကြောင့် ထုတ်လုပ်ရေး၊ လျှပ်စစ်၊ စက်မှုကဲ့သို့ လက်ရုံးတပ်များကိုပါ ရှေ့တန်းပို့နေရသည့် စစ်ကောင်စီက တပ်ဖွဲ့ဝင်မိသားစု မှီခိုများကို စစ်သင်တန်းနှစ်ပတ်ပေးကာ ယူနီဖောင်းနှင့် လက်နက်ပေး၍ နိုင်ငံအနှံ့ အင်အားချည့်နဲ့နေသည့် တပ်ရင်း၊ တပ်ဖွဲ့များနှင့် သွားရောက်ပူးပေါင်းခိုင်းသည်ဟု တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိအချို့ကို ကိုးကား၍ ၎င်းက ပြောသည်။
“(ရှေ့တန်းတပ်တွေကလည်း) ပို့လာတဲ့ ရဲဘော်သစ်ဆိုတာကလည်း အသက်မပြည့်၊ စိတ်ကျန်းမာရေးအခြေအနေလည်း သိပ်မကောင်းတဲ့ ကလေးတွေဆိုတော့ ဟန်ပြအင်အားအနေနဲ့ ခေါ်ထားရတယ်။ သေနတ်ထဲကို ကျည်အစစ်တွေ ထည့်ပေးလို့မရတဲ့အထိ ကြုံရတယ်လို့တော့ ပြောတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
အထက်ပါ သတင်းစကားများကို မွန်နှင့် ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားတတ်သည့် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးထံမှ သိရသည်ဟု ၎င်းက ပြောသည်။
ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေစိုက်ရာ မွန်နှင့် ကရင်ပြည်နယ်တို့တွင် စစ်ကောင်စီကို ခုခံတော်လှန်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ထိုအထဲတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ကရင်ရှိ ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လေ့ရှိသည်။
အာဏာသိမ်းပြီးနောက် ရှေ့တန်းစစ်မြေပြင်ဖြစ်နေသည့် ကရင်ဒေသသို့ ကျန်းမာရေးမကောင်းသူများကိုပါ စစ်ကောင်စီက စေလွှတ်တာဝန်ပေးနေရသည်။ ထိုသူတို့အနက် သရက်ရွက်ထုတ်လိုက်ရပြီး တပ်တွင်းလုံခြုံရေးအဖြစ် ၂၅ နှစ်ကျော် နေခဲ့ရပြီးမှ ရှေ့တန်းပို့ခံရသည့် အသက် ၅၇ အရွယ် တပ်ကြပ်ကြီးတင်စိုးနှင့် Myanmar Now က တွေ့ဆုံမေးမြန်းခဲ့ဖူးသည်။
တပ်ကြပ်ကြီးတင်စိုးမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးရွာရှိ စစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မဟာမိတ်တပ်ခွဲ ကော်ဘရာစစ်ကြောင်းတို့ ပေါင်း၍ မေ ၁၉ ရက်က သိမ်းပိုက်စဉ် ဖမ်းခံရသူ စစ်သား ၆ ဦးအနက် တစ်ဦးဖြစ်သည်။
စစ်မီးဝိုင်းနေချိန်တွင် စစ်ကောင်စီက အသက်ကြီးငယ်မရွေး နည်းလမ်းပေါင်းစုံ သုံး၍ လူသစ်စုမည်မှာ မလွဲမသွေဖြစ်သည့်အကြောင်းကို လွန်ခဲ့သော သုံးနှစ်က ဘုရားဖူးသွားရင်း ကလေးစစ်သားဖြစ်ခဲ့ရသည့် ရန်ကုန်သား ကိုဟိန်းဇော်ဦး၏ အဖြစ်အပျက်ကလည်း သက်သေခံနေသည်။
အသက် ၁၆ နှစ်အရွယ်၊ ၂၀၁၉ စက်တင်ဘာတွင် ကျိုက်ထီးရိုးမှ အပြန် ကျိုက်ထို-ရန်ကုန် ရထားပေါ်တွင် စစ်ထဲဝင်ရန် သိမ်းသွင်းခံရကာ တပ်ထဲရောက်သွားသည့် တပ်သား ကိုဟိန်းဇော်ဦးက ယခု ၁၉ နှစ်အရွယ်တွင်မူ CDM ပြုလုပ်ခဲ့ပြီးဖြစ်သည်။
ရထားပေါ်တွင် ဆုံခဲ့သည့်ရဲက ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အမှတ် ၃၀ ခြေလျင်တပ်ရင်းသို့ ကိုဟိန်းဇော်ဦးကို ပို့ခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ အမှတ် (၂) စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ခြောက်လကြာ စစ်ပညာသင်ခဲ့ရကာ တပ်မ ၄၄ လက်အောက်ခံ မွန်ပြည်နယ် ကျိုက်ထိုမြို့အခြေစိုက် အမှတ် (၂) ခြေမြန်တပ်ရင်းတွင် ကိုယ်ပိုင်နံပါတ် တ – ၅၆၁၇၁၀ ဖြင့် ကိုဟိန်းဇော်ဦး တာဝန်ထမ်းဆောင်ခဲ့ရသည်။
“အသက်မပြည့်တဲ့သူတွေ တပ်ထဲမှာ အများကြီးရှိတယ်။ ကျွန်တော့်ထက်တောင် ငယ်တဲ့သူတွေလည်း အများကြီးရှိတယ်။ ကျွန်တော်နဲ့အတူတူ သင်တန်းတက်တဲ့အထဲမှာဆိုရင် ၁၆ နှစ်တွေလည်း ပါတယ်။ ၁၅ နှစ်တွေလည်း ပါတယ်” ဟု ၎င်းက ပြောသည်။
ကိုဟိန်းဇော်ဦးမှာ ၂၀၂၀ တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်နေသည့် ရခိုင်ပြည်နယ်သို့ ပို့ခံရပြီးနောက် တစ်နှစ်ခန့်အကြာ အာဏာသိမ်းပြီးနောက်တွင် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ရခြင်းက သူ့အတွက် CDM လုပ်ရန် အခွင့်သာစေခဲ့သည်။
၂၀၂၂ မေလက ကရင်ပြည်နယ် မြဝတီ-ဝေါလေလမ်းပိုင်းတွင် စစ်ဆင်ရေးဝင်နေစဉ် KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းထံ ကိုဟိန်းဇော်ဦးက ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် တပ်ကို စွန့်ခွာသူများနေချိန်တွင် တပ်တွင်းအခြေအနေ ပို၍ဆိုးမလာစေရန် စစ်ကောင်စီ၏ အသည်းအသန်ဝါဒဖြန့်မှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“တပ်ထဲမှာ ဝါဒဖြန့်ထားတာတစ်ခုရှိတာက CDM လုပ်ပြီးသွားလို့ရှိရင် တစ်ရက်နှစ်ရက်လောက် ထမင်းကျွေးပြီးရင် (တော်လှန်ရေးအဖွဲ့တွေက) သတ်ပစ်တာလို့ ပြောကြတာရှိတယ်” ဟု ကိုဟိန်းဇော်ဦးက ဆိုသည်။
တော်လှန်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေသို့ လက်တွေ့ရောက်သွားသောအခါ ထိုသို့မဟုတ်ဟု ၎င်းက ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရပါ။

စစ်ကောင်စီတပ်မှာ တပ်သားသစ်ရှာရခက်ရုံသာမက ဗိုလ်လုပ်မည့်သူပင် ရှားနေပြီး ဗိုလ်သင်တန်းကျောင်း လာတက်သူများသည် အထက်တန်းအောင်မြင်သည့် တပ်မိသားစုဝင်များသာဖြစ်ကြောင်း CDM တပ်အရာရှိများထံမှ သိရသည်။
၂၀၁၂ တွင် ဗိုလ်လောင်း ထောင်နှင့်ချီ၍ မွေးထုတ်ပေးခဲ့သော DSA (စစ်တက္ကသိုလ်) ကျောင်းတွင် ၂၀၁၃ မှစ၍ သင်တန်းသား ရာဂဏန်းဝန်းကျင်သာ ရှိတော့ကြောင်း အမှတ် ၅၂၈ ခြေမြန်တပ်ရင်းမှနေ၍ CDM ဝင်လာသည့် စစ်တက္ကသိုလ် အပတ်စဉ် ၅၄ ဆင်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် စစ်တက္ကသိုလ်အပြင် စစ်တပ်က ဖွင့်လှစ်သည့် အင်ဂျင်နီယာ၊ ဆေးတက္ကသိုလ်များကိုပင် တက်ရောက်မည့်သူ ပါးရှားနေပြီဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“ရာခိုင်နှုန်းအားဖြင့်ဆိုရင် (လက်ခံနိုင်သည့် ကျောင်းသားအင်အား၏) ၁၀ ရာခိုင်နှုန်းလောက်ပဲ လာတက်တဲ့သူတွေ ရှိတော့တာပေါ့” ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

ဖွဲ့စည်းပုံအရ တိုင်းစစ်ဌာနချုပ် ၁၄ ခု၊ ခြေလျင်၊ ခြေမြန်တပ် ၃၀၀ နီးပါးရှိသည့် စစ်ကောင်စီတွင် စစ်သည်အင်အား နှစ်သိန်းမှ လေးသိန်းကြား ရှိမည်ဟု ခန့်မှန်းချက်များရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။ သို့သော် စစ်ကောင်စီ၏ တပ်ရင်း၊ တပ်ဖွဲ့အားလုံးတွင် သတ်မှတ်လူအင်အား မပြည့်မီ၊ တပ်သားသစ် မစုဆောင်းနိုင်သည့် အခြေအနေဆိုက်နေသည်။
ထိုအချက်ကြောင့် ရာထူးတက်လိုသည့် စစ်တပ်အရာရှိများမှာ တစ်လလျှင် တပ်သားသစ် နှစ်ဦး မဖြစ်မနေစုဆောင်းပြရသည်ဖြစ်၍ လွန်ခဲ့သည့် နှစ်နှစ် အာဏာမသိမ်းမီက တစ်ဦးလျှင် ကျပ် ၁၅ သိန်းမှ ၂၀ ကြား ပေါက်စျေးရှိကာ ယခုဆိုလျှင် ထို့ထက်ပိုများမည်ဟု ၁၀ နှစ် တာဝန်ထမ်းဖူးသည့် CDM ဗိုလ်ကြီး နောက်ထပ်တစ်ဦးကလည်း ပြောသည်။
“သူ (စစ်အရာရှိ) ရာထူးတိုးဖို့အတွက် (တပ်သားသစ်) မဖြစ်မနေပြရတော့မယ်။ အဲဒီလိုလူမျိုးတွေအတွက် စုလို့ရထားတဲ့ တပ်တွေကနေ အချင်းချင်း ပြန်ရောင်းတာတွေ ရှိတယ်။ တပ်သားစုဆောင်းရေးတပ်တွေကနေ ပြန်ရောင်းတာတွေ ရှိတယ်။ အဲဒီကနေ (ရာထူးတက်လိုတဲ့အရာရှိက) ပြန်ဝယ်ကြတာပေါ့” ဟု ၎င်းက ပြောသည်။
ထို့အတူ နိုင်ငံတစ်လွှား ဘူတာရုံများတွင် ဖွင့်လှစ်ထားသည့် စစ်သားစုဆောင်းရေးအဖွဲ့များထံမှ ခြိမ်းခြောက်သိမ်းသွင်းရရှိထားသည့် တပ်သားသစ်အင်အားကိုလည်း စစ်ကောင်စီက ယခင်ကပင် များစွာ အားထားနေရသည်ဟု အမည်မဖော်လိုသည့် အထက်ပါ CDM ဗိုလ်ကြီးက ပြောသည်။
“ဘူတာတို့ဘာတို့မှာ ယောင်လည်လည်ဖြစ်နေတဲ့ ကောင်လေးတွေပေါ့ဗျာ။ လူငယ်လေးတွေ၊ မလည်မဝယ်လေးတွေကို သူတို့ရဲ့ လက်သုံးစကားအရဆိုရင်တော့ ဆွဲစိတာပေါ့ဗျာ။ နမူနာပြောရရင် မင်းခိုးလာတယ်မို့လား စသဖြင့် စွပ်စွဲပြီးတော့ ထိုးကြိတ်ပြီး မင်း (တပ်ထဲ) မဝင်လို့ရှိရင် ထောင်ကျသွားမယ် အဲဒီလိုခြိမ်းခြောက်ပြီး စုတယ်” ဟု ၎င်းက ပြောသည်။

ယခင်ကပင် အထက်ပါအတိုင်း ကြုံတွေ့နေရသည့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တပ်ထဲ ဝင်လိုသူ ပို၍ ရှားပါးလာချိန်တွင် တပ်မိသားစုဝင်များအပြင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ အမျိုးသားရေးအမည်ခံ ဘုန်းကြီးများ၏ ဦးဆောင်မှုဖြင့် ထိုသူတို့ကို ကြည်ညိုရင်းစွဲရှိသည့် သာမန်ပြည်သူတို့ကိုပါ စစ်အင်အားအတွက် သုံးနေသည်။
ထိုသို့သော အင်အားစုများကို နှစ်ကာလရှည် ပုန်ကန်မှုမရှိ၊ တပ်အင်အားဖြည့်ရာ ပင်မအရင်းအမြစ်ဒေသဖြစ်ခဲ့ဖူးသည့် ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံး တွေ့ရသည်။ အာဏာသိမ်းပြီးနောက်တွင်မူ နိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းနှင့် မကွေးတို့သည် စစ်ကောင်စီကို အပြင်းထန်ဆုံးခုခံတော်လှန်သည့် ဒေသများထဲတွင် ပါဝင်နေသည်။
အများသူငါကြားထဲတွင် ပျူစောထီးဟု ထင်ရှားသည့် ထိုအဖွဲ့များကို စစ်ကောင်စီက ပြည်သူ့စစ်ဟု ခေါ်ပြီး စစ်ကိုင်း၊ မကွေးရှိ တော်လှန်ပုန်ကန်မှုများကို တန်ပြန်ရာတွင် အဓိထား၍ သုံးနေသည်။
ပျူစောထီးအဖွဲ့များကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းရန် သတ်မှတ်ထားသည့် တိုင်းပြည်ဘဏ္ဍာငွေကို သုံးစွဲကာ စစ်ကောင်စီက ထောက်ပံ့နေသလို စစ်ဆင်ရေးအဖြစ် ဝင်ရောက်မီးရှို့ဖျက်ဆီးသည့် ကျေးရွာများမှ ဒေသခံတို့၏ ဥစ္စာပစ္စည်းများ ရယူနိုင်သည့် အခြေအနေကို မက်လုံးအဖြစ် ပေးထားကြောင်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
“စစ်တပ်က ယိုယွင်းပျက်စီးနေတဲ့ အခြေအနေမှာတော့ စစ်တပ်က ရတဲ့နည်းနဲ့ သူတို့ရဲ့အင်အားကို ရရင်ရသလို ဆယ်မှာပဲ” ဟု ၎င်းက ဆိုသည်။
အင်အားပါးရှားလာသည့် စစ်တပ်အတွင်း ထိုဓလေ့ အမြစ်တွယ်နေသည်မှာ ကြာပြီဟု စစ်သက် နှစ် ၄၀ ကျော်ရှိ အငြိမ်းစားစစ်သား ဦးမျိုးမြင့်*က ပြောပြသည်။
“တပ်ထဲကို ဘဝအကြောင်းတွေနဲ့ပဲ ဝင်ကြတာ၊ တိုင်းပြည်ကို ချစ်လို့ ဝင်တဲ့သူ တစ်ယောက်မှ မပါဘူး” ဟု ဦးမျိုးမြင့်က ဆိုလိုက်သည်။
(*လုံခြုံရေးအရ အမည်လွှဲထားသည်။ အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုလေ့မရှိပေ)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)