ဆောင်းပါး

တိုင်းပြည်ပြိုကွဲခြင်းမှ ရှောင်ရှားနိုင်ရန် အာဆီယံ မဖြစ်မနေကူညီရမည်

မြန်မာနိုင်ငံကို ဘော်လကန်နိုက်ဇေးရှင်း (ယူဂိုဆလားဗီးယားပြည်ထောင်စုပြိုကွဲခြင်း) ကဲ့သို့ သော တိုင်းပြည်ပြိုကွဲခြင်းမှ ရှောင်ရှားနိုင်ရေး အာဆီယံအသင်းကြီးက မဖြစ်မနေ ကူညီရ မည်ဟု အထင်ကရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးခုမှ အထွေထွေအတွင်းရေးမှူးများ က နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးလိုက်သည်။

အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေသော နွေဦးတော်လှန်ရေးတွင် နက်နက်ရှိုင်းရှိုင်း ဦးဆောင်ပါဝင်နေသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EROs) ဖြစ်ကြသည့် ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) တို့မှ အထွေထွေအတွင်းရေးမှူးများက ရေးသားပြောဆိုခြင်းပင်။

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် Nakkei Asia သတင်းဌာန အွန်လိုင်း စာမျက်နှာမှတဆင့် ERO ခေါင်းဆောင်များကိုယ်တိုင်ရေးသားကာ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်ရိုက်သတိပေးခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းပြည်ပြိုကွဲမည့် လမ်းကြောင်းပေါ် ရောက်နေသည်ဆိုသော အလွန် အရေးကြီးသည့် သတင်းစကားကို လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တို့က ပထမဆုံး အကြိမ် ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

Nakkei Asia သတင်းပါ ERO သုံးဖွဲ့မှ အထွေထွေအတွင်းရေးမှူးများ၏ ပြောဆိုချက်များမှ အရေးကြီးသော အချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ရွေးကောက်ပွဲက တိုင်းပြည်ပြိုကွဲရေးသာ ဦးတည်

စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲသည် တိုင်းပြည်၏ နိုင်ငံရေးပဋိပက္ခ များ၏ အခြေခံဇာစ်မြစ်ကို ဖြေရှင်းခြင်းမဟုတ်ဘဲ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများနှင့် ပဋိပက္ခအသစ်များကိုသာ ဖန်တီးသည့် အလွန်မိုက်မဲသော လုပ်ရပ်ဖြစ်သည်ဟု ERO ခေါင်းဆောင်သုံးဦးက ပြတ်ပြတ်သားသား ပြောဆိုသည်။

ထိုခေါင်းဆောင်သုံးဦး၏ သတိပေးပြောဆိုချက်က မြန်မာ့ရွေးကောက်ပွဲသမိုင်းတွင် စစ်တပ် က ၎င်းတို့ အာဏာစွန့်လွှတ်ရမည့် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပြီး အနိုင်ကျင့် ဗိုလ်ကျ အာဏာလုခဲ့မှုများအပေါ် အခြေခံထားသည်။ 

၁၉၈၈ ခုနှစ် တစ်ပါတီအာဏာရှင် ဆိုရှယ်လစ်စနစ်ပျက်သုဥ်းပြီး၊ ပါတီစုံဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးခဲ့သည့် အချိန်ကစပြီး စစ်တပ်အကြီးအကျယ်ရှုံးနိမ့်ခဲ့သော နိုင်ငံတကာမှ တရားမျှတသော ရွေးကောက်ပွဲများအဖြစ် လက်ခံထားသည့် ၁၉၉၀၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးသုံးခု ရှိခဲ့သည်။ 

အဆိုပါ ရွေးကောက်ပွဲသုံးခုတွင် စစ်တပ်ထောက်ခံသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီများ ရှုံးနိမ့်ခဲ့သော ၁၉၉၀ နှင့် ၂၀၂၀ တို့တွင် ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က လက်မခံဘဲ အတင်းအဓမ္မအာဏာလုယူကာ နိုင့်ထက်စီးနင်းပြုလုပ်ခဲ့ပုံများကို ထောက်ပြထားသည်။ ရွေးကောက်ပွဲသည် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အပြင် ပြဿနာအသစ်များကို ဖန်တီးဖြစ်ပေါ်စေသည်ဟု ERO ခေါင်းဆောင်သုံးဦးက အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းကို သတိပေး ပြောဆိုခြင်းဖြစ်သည်။

ယခု စစ်ကောင်စီကျင်းပရန် ကြိုးပမ်းနေသော ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲသည်လည်း စစ်ကောင်စီအတွင်းမှာပင် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲဖြစ်မည်ဟု မယုံကြည်ကြသလို၊ စစ်ကောင်စီထောက်ခံသော ပါတီ အနိုင်ရပါက တော်လှန်ရေးအင်အားစုများက ထိုရလဒ်ကို လက်ခံမည်မဟုတ်သဖြင့် တိုင်းပြည်သည် ဘော်လကန်နိုက်ဇေးရှင်းအသွင် ပြိုကွဲသွားလိမ့် မည်ဟု သုံးသပ်သတိပေးထားသည်။

ထို့အပြင် စစ်ကောင်စီထောက်ခံသော ပါတီရှုံးခဲ့လျှင်လည်း စစ်ဗိုလ်ချုပ်များက ရွေးကောက် ပွဲရလဒ် ကို ပယ်ဖျက်ပြီး နောက်ထပ် အာဏာသိမ်းဦးမည်ဖြစ်ရာ မည်သို့သော်ရလဒ်ထွက် သည်ဖြစ်စေ တိုင်းပြည်သည် တည်ငြိမ်အေးချမ်းမှု ရရှိမည် မဟုတ်ဟု သုံးသပ်ပြောဆိုထား ပါသည်။

ယခုစစ်ကောင်စီ စီစဉ်နေသော ရွေးကောက်ပွဲက စစ်ဗိုလ်ချုပ်များ ရေးဆွဲခဲ့သော (၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုဖြင့် ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့သော) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းပါလိမ့်မည်။ 

ထိုခြေ/ဥက တိုင်းပြည်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်နိုင်စေရန် စစ်တပ်ကို ထာဝရ ဗီတိုအာဏာပေးအပ်ထားပြီး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို သရော်လှောင်ပြောင်လျက်ရှိသည်။

ရွေးကောက်ပွဲသည် ပြဿနာဖြေရှင်းရေးနည်းလမ်း မဟုတ်ပဲ တိုင်းပြည်ပြိုကွဲရေးကိုသာ ဖြစ်စေမှာဖြစ်ပြီး၊ ပြည်သူတွေကို သတ်ဖြတ်နေခြင်းကို ရပ်တန့်ကာ ဒီမိုကရေးစီ တော်လှန် ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရမည် ဆိုသည့် အချက်ကို အာဆီယံနှင့် နိုင်ငံတကာ အသိုက်အဝန်းက မင်းအောင်လှိုင်အား အလေးအနက် ပြောဆိုရန် လိုအပ်သည်။

တဖြည်းဖြည်း ပြိုကွဲနေပြီဖြစ်သော မြန်မာနိုင်ငံ

မြန်မာနိုင်ငံသည် တဖြည်းဖြည်းပြိုကွဲနေပြီဟု ERO ခေါင်းဆောင်သုံးဦးက အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းကို သတိပေးလိုက်ပြီဖြစ်သည်။ ယင်းသတိပေးချက်သည် အာဏာသိမ်းနှစ်နှစ်ကာလအတွင်း ပထမဆုံးအကြိမ် တရားဝင် ရေးသားသတိပေးလိုက်ခြင်း လည်းဖြစ်သည်။

ERO ခေါင်းဆောင်သုံးဦး မည်သည့်အချက်တွေအပေါ် အခြေပြုပြီး အဘယ်ကြောင့် ထိုကဲ့သို့ တရားဝင် ထုတ်ဖော် သတိပေးလိုက်သနည်း။

ပထမအချက်က စစ်တပ်သည် ၎င်း၏ထိန်းချုပ်နယ်မြေများ အကြီးအကျယ်ဆုံးရှုံးနေပြီး၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက နယ်မြေထိန်းချုပ်မှု ပို၍ရရှိလာနေသည်ကို ထောက်ပြထားသည်။ အဓိက ထောက်ပြချက်မှာ စစ်တပ်က အစဥ်အလာအရ ထိန်းချုပ်ထား နိုင်သော ဗမာဗုဒ္ဓဘာသာ လူမျိုးများနေထိုင်ရာ ဒေသများအထိ တော်လှန်ရေးအင်အားစု များက နယ်မြေထိန်းချုပ်စိုးမိုးထားနိုင်ပြီဆိုသည့် အချက်ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာ နယ်မြေ အတွင်းရှိ စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားများ လုံးဝနီးပါး ပြိုကျပျက်စီးသွားပြီဖြစ်သည်။ နိုင်ငံဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) က စစ်တပ်၏အုပ်ချုပ်နိုင်စွမ်းကို အကြီးအကျယ် အားနည်းယုတ်လျော့စေခဲ့သည်။

စစ်အာဏာသိမ်း နှစ်နှစ်ကာလအတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းပဋိပက္ခများနှင့် ကိုဗစ် ၁၉ နှင့်ဆက် နွယ်သော စီးပွားရေးထိခိုက်မှုများက ယခုအခါ မြန်မာစီးပွားရေးသည် ပြိုလဲနေပြီ ဖြစ်သည်။ 

ဆန့်ကျင်ဖက်အားဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ၎င်းတို့ထိန်းချုပ်နယ် မြေများတွင် ဆယ်စုနှစ်နှင့်ချီပြီး၊ ပြည်သူအုပ်ချုပ်ရေးယန္တရားများဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ အခွန်စနစ်၊ သစ်တောထိန်းသိမ်းရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသအဆင့်ဒီမို ကရေစီကျင့်သုံးခြင်း စသည့် အခြေခံအုတ်မြစ်များ ချထားနိုင်ယုံသာမက လူသားချင်းစာနာ မူအကူအညီများ ဖြန့်ဝေသည့်စနစ်ကိုပါ တည်ဆောက်ထားနိုင်ပြီဟု ERO ခေါင်းဆောင် သုံးဦးက ထောက်ပြပြောဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများကို လုံခြုံစွာ နေထိုင်ခွင့်ပေးထား

အရေးအကြီးဆုံးအချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများအပါအဝင် အတိုက်အခံအဖွဲ့ဝင်များကို ကယ်ဆယ်ရေးမစ်ရှင်များဖြင့် စိတ်ချလုံခြုံသောနေရာများတွင် ကယ်ဆယ်နေရာချထားပေးခဲ့နိုင်ကြောင်း ERO ခေါင်းဆောင်သုံးဦးက အလေးပေး ပြောဆိုထားသည်။

ထို့အပြင် စစ်အာဏာသိမ်းချိန်ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တည်ရှိရာ နိုင်ငံမြောက်ပိုင်း၊ KNU တည်ရှိရာ နိုင်ငံ၏အရှေ့နှင့် အရှေ့တောင်ပိုင်း၊ KNPP တည်ရှိရာ နိုင်ငံအရှေ့ပိုင်းနှင့် CNF တည်ရှိရာ နိုင်ငံအနောက်ပိုင်းတို့တွင် စစ်တပ်အား လက်နက်စွဲကိုင် တော်လှန်နေကြသော ဗမာလူငယ် တော်လှန်ရေးတပ်သား တစ်သိန်းကျော်ကို စစ်ရေး လေ့ကျင့်ပေးခြင်း၊ အခြေချတပ်စွဲခွင့်ပေးခြင်းနှင့် စစ်ရေး၊ နိုင်ငံရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးလုပ်များတွင် ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ERO ခေါင်းဆောင်သုံးဦးက ပထမဆုံး အကြိမ် ကိန်းဂဏန်းနှင့်တကွ ထုတ်ဖော်ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ တိုက်ပွဲဝင်နေရသည့် အကြောင်း ရင်းမှာ ဗမာလူများစုနှင့် အာဏာခွဲဝေအုပ်ချုပ်သော ဖက်ဒရယ်စနစ်ကိုသာ လိုလားပြီး၊ တိုင်းပြည်မှ ခွဲထွက်ခြင်းနှင့် သီးခြားလွတ်လပ်ရေးတောင်းဆိုနေခြင်း မဟုတ်ကြောင်း  စစ်တပ်ခေါင်းဆောင်ပိုင်းက သိရှိထားကြသော်လည်း ၎င်းတို့ကို ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်းနေသော တိုင်းရင်းသားအမျိုးသားရေး အစွန်းရောက်များ (Ethnonationalists) အဖြစ် ရည်ရွယ်ချက်ရှိရှိ ပုံဖျက်နေသည်။ 

သို့သော် ထိုလုပ်ရပ်က ယခုအခါ လုံးဝ အလုပ်မဖြစ်တော့ကြောင်း ERO ခေါင်းဆောင် သုံးဦးက ဆိုသည်။ 

အာဏာမသီမ်းခင်က သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရတို့လက်ထက်တွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး သဘောတူညီစာချုပ်များကို ၎င်းတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူ လက်မှတ်ထိုးခဲ့ပြီး၊ မင်းအောင်လှိုင်လည်း ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ သို့သော် မင်းအောင်လှိုင်သည် အာဆီယံ တူညီဆန္ဒ ၅ရပ်ကို အကောင်အထည်ဖော်ရန် ကတိပေးပြီးမှ လျစ်လျူရှုခဲ့သလို ထိုနိုင်ငံတော်အဆင့် သဘောတူစာချုပ်များကိုလည်း ချိုးဖောက်ခဲ့သည်ဟု ERO ခေါင်းဆောင်များက ထောက်ပြထားသည်။

ထို့ကြောင့် ခေါင်းဆောင်သုံးဦးက အာဆီယံခေါင်းဆောင်များကို အသိပေးပြောကြားထား သည်မှာ ၎င်းတို့သည် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်စားလှယ်များ ဖြစ်ယုံ မက၊ နိုင်ငံအဆင့် ကိုယ်စားပြုဆောင်ရွက်နေသူများဖြစ်ပြီး၊ အာဆီယံနှင့် ပူးပေါင်းကူညီရန် ကမ်းလှမ်းကြောင်း၊ ကုလသမဂ္ဂနှင့် အာဆီယံမိတ်ဖက်နိုင်ငံများကလည်း အာဆီယံ၏ တူညီဆန္ဒ ၅ရပ် ငြိမ်းချမ်းရေးအစီအစဥ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများအား ဝိုင်းဝန်းကူညီပေးရန် တောင်းဆိုထားသည်။

ERO ခေါင်းဆောင်သုံးဦး၏ ဆောင်းပါးနိဂုံးတွင် ၎င်းတို့အနေဖြင့် အင်ဒိုနီးရှား၏ “မူ” ပေါ် ရပ်တည်သော ခိုက်မာသော အာဆီယံအလှည့်ကျဥက္ကဋ္ဌခေါင်းဆောင်မှုအပေါ် မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိထားပြီး၊ မြန်မာနိုင်ငံက အကြမ်းဖက်မှု ဒီလှိုင်းကြီး ရပ်တန့်ဖယ်ရှားရေး ကူညီဆောင်ရွက်ပေးပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်နိုင်ရန် အာဆီယံသည် ၎င်း၏ စုပေါင်းခေါင်းဆောင်မှုကို အသုံးချရလိမ့်မည်ဟု တိုက်တွန်းထားသည်။

ERO ခေါင်းဆောင်သုံးဦး၏ ဆောင်းပါးအပေါ် သုံးသပ်ချက်

ဤဆောင်းပါးတစ်ခုလုံးကို ခြုံငုံလေ့လာကြည့်သည့်အခါ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့အရေးဖြေရှင်းရာတွင် စစ်ကောင်စီကို အဓိကဇာတ်ကောင်အနေဖြင့် ချည်းကပ်ဖြောင့်ဖျကြိုးပမ်းနေကြသည်  နည်းနာက လုံးဝမှားယွင်းနေသည်။ ထိုကြောင့် ပြဿနာမပြေလည်သည့်အပြင် ပြဿနာအသစ်များကိုပါ ဖန်တီးဖြစ်ပေါ်စေနိုင်သည်ဟု သတိပေးလိုက်ခြင်းဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများသည် အမှန်စင်စစ် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေဒေသအသီးသီးတွင် အစိုးရတရပ်ကဲ့သို့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ထားသော ယန္တရားများ ဆယ်စုနှစ်များစွာကတည်းက တည်ဆောက် ထားပြီးဖြစ်၍ ၎င်းတို့ကိုလည်း နိုင်ငံအဆင့် ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြု တိုက်ရိုက်ထိတွေ့ဆက်ဆံရန် အရေးကြီးကြောင်း အာဆီယံကို တောင်းဆိုထားသည်။

စစ်အာဏာသိမ်းချိန်ကစပြီး ယနေ့အထိ မြင်တွေ့နေရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ (PDFs) များကို စစ်ရေးလေ့ကျင့်ပေးခြင်းကအစ ၎င်းတို့၏စစ်တပ်ကို တော်လှန်ခုခံနိုင်မှု နောက်ကွယ်တွင် ERO များသည် အဓိက ပံ့ပိုးကူညီနေသူများဖြစ်ကြောင်း အာဆီယံနှင့် နိုင်ငံတကာကို ပထမဆုံးအကြိမ် တရားဝင်အသိပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အာဆီယံက ကြိုးပမ်းနေသော မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးရာတွင် ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် လက်ခံထားသော ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည် နှစ်သန်းကို လက်တွေ့ကျကျ ကူညီနိုင်ရေးမှာ ERO များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း မရှိပဲ မဖြစ်နိုင်ကြောင်း အာဆီယံခေါင်းဆောင်များကို အသိပေးလိုက်ခြင်းဖြစ်သည်။

သို့သော် ဤဆောင်းပါးတွင် ERO ခေါင်းဆောင်သုံးဦးက စစ်ကောင်စီသည် အကြမ်းဖက်မှုများ ရပ်တန့်ပြီး တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံကိုတောင်းဆိုထားသော်လည်း NUCC က အတည်ပြုပြဌာန်းထားသော ဖက်ဒရယ်ပဋိညာဥ်စာချုပ် အပိုင်း (၁) ၏ အရေးပါမှုနှင့် ထိုစာချုပ်အပေါ် ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောဆိုထားခြင်း မရှိပါ။ 

ထို့အပြင် စစ်ခေါင်းဆောင်များ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ၎င်းတို့ကိုယ်တိုင် တာဝန်ခံရမည့်အချက်ကို ERO ခေါင်းဆောင်သုံးဦးက ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်နေသည်။

အာဆီယ၏ကြားဝင်စေ့စပ်မှုကို စစ်ခေါင်းဆောင်များက လက်ခံလျှင် ၎င်းတို့နဲ့ စကားဝိုင်းထဲ ထိုင်ပြီး တွေ့ဆုံဆွေးနွေးမည်ဆိုသည့် အချက်က နွေဦးတော်လှန်ရေးကို ဦးဆောင်နေသော အမျိုးသာညီးညွတ်ရေးအစိုးရ (NUG) ၏ ရပ်တည်ချက်နှင့် ကွဲလွဲနေသည်ကို လေ့လာ တွေ့ရှိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button