သတင်း

တောင်ငူထောင်ပို့ခံရသည့် သမ္မတ ဦးဝင်းမြင့်၏ မိသားစု အစအနပျောက်နေ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက နေပြည်တော်တွင် လျှို့ဝှက်နေရာ၌ ထားရှိရာမှ ဇန်နဝါရီ ၁၄ ရက်တွင် တောင်ငူထောင်သို့ ပို့လိုက်ပြီး ၁၀ ရက်ကြာသည်အထိ ၎င်းနှင့်အတူ ထိန်းသိမ်းခံထားရသည့် မိသားစုဝင်များ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသည်။

စစ်ကောင်စီက မည်သည့်နေရာသို့ ပို့ထားမှန်း မသိရသူများမှာ ၅ ဦးရှိပြီး သမ္မတ၏ ဇနီး ဒေါ်ချိုချို၊ သမီး မဖြူဖြူသင်းနှင့် ၎င်း၏ ခင်ပွန်း အမျိုးသားလွှတ်တော် ဧရာဝတီတိုင်းမဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်ဟောင်း ဦးစိုးမိုး၊ သမ္မတ၏ အမ ဒေါ်မမလေး၊ ဦးစိုးမိုး၏ မိခင်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့ကို စစ်ကောင်စီက မည်သည့်တရားစွဲဆိုမှုမျှမရှိဘဲ လွန်ခဲ့သည့် နှစ်နှစ် အာဏာသိမ်းစကတည်းက ဦးဝင်းမြင့်နှင့်အတူ ချုပ်နှောင်ထားခြင်းဖြစ်သည်။ သမ္မတကို နေပြည်တော်ရှိ အိမ်တော်၌ စစ်တပ်က စတင်ဖမ်းဆီးချိန်တွင် အိမ်အကူ အမျိုးသမီးနှင့် ၎င်း၏ မိခင်တို့ပါ ပါဝင်သည်ဟု သိရသော်လည်း ထိုနှစ်ဦး၏ လက်ရှိကံကြမ္မာကို မသိရသေးပေ။

အသက် ၇၀ ကျော်အရွယ် ဦးဝင်းမြင့်ကို ဇန်နဝါရီ ၁၄ ရက်တွင် နေပြည်တော်နှင့် မိုင် ၇၀ ကျော်ဝေးသည့် ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်သို့ ပို့လိုက်ခြင်းဖြစ်ကာ သီးသန့်အဆောင်တစ်ခုတွင် ထားရှိပြီး ထောင်လုံခြုံရေးကို စစ်ကောင်စီက အထူးတင်းကျပ်ထားကြောင်း စုံစမ်းသိရှိရသည်။

သို့သော် သမ္မတကို တောင်ငူထောင်သို့ ပို့လိုက်ပြီဟု စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မပြုသေးသလို မိသားစုဝင်များ မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိရသေးကြောင်း၊ ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အမှတ်(၁) ရဲစခန်းသို့ ပုံမှန်ပို့နေကျအတိုင်း ထောင်ဝင်စာ သွားပို့ရာတွင် လက်ခံထားဆဲဖြစ်ကြောင်း သိရသည်။

ဦးဝင်းမြင့်၏ မိသားစုမှာ ဧရာဝတီတိုင်း ပုသိမ်မြို့တွင်ရှိသည့် မိသားစုနေအိမ်သို့လည်း ပြန်လည်ရောက်ရှိခြင်းမရှိကြောင်း လုံခြုံရေးအရ အမည်နှင့် အချက်အလက် ထုတ်ဖော်မပြောလိုသည့် ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“(သမ္မတမိသားစု ပုသိမ်မြို့က နေအိမ်ကို ပြန်) ရောက်ရင် မြို့က ကျဉ်းကျဉ်းလေးပါ။ ပြန်လာရင် အကုန်သိမှာမို့၊ ဒီကိုတော့ ပြန်မလာဘူး ထင်တယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းမြင့်က ၎င်းနှင့်အတူ ချုပ်နှောင်ခံထားရသည့် မိသားစုကို နေပြည်တော်တွင် နေအိမ်တစ်လုံး ငှားရမ်း၍ ပြောင်းရွှေ့နေထိုင်စေရန် ၂၀၂၁၊ ဒီဇင်ဘာလအတွင်း စီစဉ်ဖူးသော်လည်း အကောင်အထည်မဖော်နိုင်ခဲ့ဟု ဒုတိယမြောက်သတင်းရင်းမြစ်ထံမှ သိရသည်။

“သူတို့ (သမ္မတ၏မိသားစု) ကို ဆက်လက်ဖမ်းဆီးထားလို့ မရတော့ဘူး။ ပြန်လွှတ်ပေးရတော့မှာ။ ဒါပေမဲ့ ခုထိတော့ ဘယ်ရောက်နေလဲ မသိရဘူးဖြစ်နေတယ်” ဟု တတိယသတင်းရင်းမြစ်က ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် နေပြည်တော် သမ္မတအိမ်တော်တွင် ဖမ်းဆီးခံရသူ သမ္မတ ဦးဝင်းမြင့်မှာ ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှ နုတ်ထွက်ရန် စစ်တပ်၏ ဖိအားပေးမှုကို ငြင်းဆန်ပြီးနောက်တွင် စစ်ကောင်စီက ပုဒ်မ ၈ ခုဖြင့် တရားစွဲကာ ထောင် ၁၄ နှစ် ချထားသည်။ ထိုထဲမှ ၂ နှစ်ကို စစ်ကောင်စီက ပြန်လျှော့ပေးထားသည်။

အာဏာသိမ်းသည့်နေ့ နံနက် ၅ နာရီခန့်တွင် အိမ်တော်အိပ်ဆောင် ဘယ်၊ ညာ နှစ်ဖက်သို့ လက်နက်ဝတ်စုံပြည့် ဝတ်ထားသော စစ်သားများ ရောက်လာကာ ဖမ်းဆီးချိန်တွင် သမ္မတဦးဝင်းမြင့်မှာ ညဝတ်အင်္ကျီဖြင့်သာ ရှိသေးကြောင်း၊ စစ်သားများက သမ္မတကို ၎င်းတို့၏ရှေ့မှောက်တွင်ပင် အင်္ကျီလဲဝတ်စေခဲ့ကြောင်း အကိုးအကားတစ်ခုအရ သိရသည်။

ခြံတစ်ဝင်းထဲဖြစ်သည့် အိပ်ဆောင်မှ သမ္မတရုံးရှိ အခန်းတစ်ခုသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဝင်းမြင့်ကို စစ်သားများက ခြံရံစောင့်ကြပ်၍ ခေါ်သွားပြီးနောက် ဗိုလ်ချုပ်ကြီးတစ်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ရောက်လာကာ ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွက်ပေးရန် တောင်းဆိုသည်။

ဦးဝင်းမြင့်က ကျန်းမာရေးကောင်းသည်၊ အသက်သာ အသေခံမည် နုတ်ထွက်မပေးနိုင်ဟု တုံ့ပြန်ရာတွင် ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိမည်ဖြစ်၍ ပြန်စဉ်းစားရန် စစ်ဗိုလ်ချုပ်များက ပြောပြီး သမ္မတအိပ်ဆောင်သို့ စစ်သားများခြံရံလျက် ပြန်ခဲ့ရသည်ဟု အထောက်အထားတစ်ခုတွင် တွေ့ရသည်။

သမ္မတနှင့် အိမ်သားများ၏ ဆက်သွယ်ရေးပစ္စည်းများကို စစ်တပ်က သိမ်းခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် သုံးရက်အတွင်း အိမ်တော်မှ ပြောင်းပေးရမည်ဆိုသော စစ်ကောင်စီထံမှ အကြောင်းကြားချက် ဦးဝင်းမြင့်ထံ ရောက်လာသည်။

၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်၊ ည ၇နာရီခန့်တွင် ဝန်ကြီးအိမ်ရာဘက်မှ နေအိမ်တစ်လုံးသို့ သမ္မတနှင့် သူ၏ မိသားစု ရွှေ့ပေးခဲ့ရကြောင်း၊ အာဏာသိမ်းပြီး လေးလဝန်းကျင်အကြာ ထိုနှစ် မေ ၂၃ ရက် ည ၁၂ နာရီတွင် နောက်တစ်နေရာသို့ ရွှေ့ပေးခဲ့ရကြောင်း၊ ဦးဝင်းမြင့် တောင်ငူထောင်သို့ မပြောင်းရခင်အထိ နေပြည်တော်တွင် ချုပ်နှောင်ခံခဲ့ရသည့် နေအိမ်မှာ အတွင်းမှ အပြင်သို့ မမြင်ရအောင် စစ်ကောင်စီက စီမံထားကြောင်း စုံစမ်းသိရှိရသည်။

သမ္မတနည်းတူ အာဏာသိမ်းသည့် နေ့ကတည်းက ဖမ်းခံထားရသည့် NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်ကောင်စီက အမှု ၁၉ မှုဖြင့် ထောင် ၃၃ နှစ် ချထားသည်။

၂၀၂၂ ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးလက်ကျန်အမှုအချို့ အပြီးသတ်အမိန့်ချချိန်အထိ အသက် ၇၇ အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော်အချုပ်ထောင်တွင် ရှိနေဆဲဖြစ်သော်လည်း လက်ရှိတွင် မည်သည့်နေရာ၌ ရှိသည်ကို အတည်မပြုနိုင်သေးပေ။

NLD ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်၊ နိုင်ငံတော်အကြီးအကဲများကိုပါ မချန် ဖမ်းဆီးကာ အာဏာသိမ်းသည့် စစ်တပ်မှာ နှစ်နှစ်ကြာချိန်အထိ နိုင်ငံအနှံ့ ရရာနည်းလမ်းမျိုးစုံဖြင့် တော်လှန်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။

အထက်ပါကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button