စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အနောက်ပိုင်း ယောကျေးရွာရှိ စစ်ကောင်စီလက်နက်ကိုင်များကို သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ၃ ဦး အနည်းဆုံး သေဆုံးနိုင်ကြောင်း ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပြောသည်။
ဇန်နဝါရီ ၁၇ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ၊ ပြည်သူ့စစ် ခေါ် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးများ အခြေစိုက်ထားသည့်စခန်းကို ဗုံးသီးတပ်ဒရုန်းများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ တိုက်ပွဲ ၄၅ မိနစ်ခန့် ကြာခဲ့သည်ဟု ကန့်ဘလူအခြေစိုက် Dynamite Empire အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုဂျပန်ကြီးက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကန့်ဘလူခရိုင် တပ်ရင်း ၄၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဒေသခံကာကွယ်ရေးအဖွဲ့ (Local Defense Force-LDF) များဖြစ်သော MPF-U18, Kanbalu Underground Warriors, Dynamite Empire အစရှိသော အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။
“အပေါ်ကနေ ဒရုန်းနဲ့ အီနာဂါ ဗုံးသီးတွေ ပစ်ချတယ်။ မြေပြင်က မီတာ ၃၀၀ အကွာလောက်အထိ ကပ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပါတယ်။ Local တွေ၊ ပကဖ တွေက အကာအကွယ် ကောင်းကောင်းယူပြီး တိုက်ခိုက်နိုင်ခဲ့တယ်၊ လက်နက်ပြည့်စုံတဲ့အဖွဲ့တွေကလည်း ရှေ့တိုး ပစ်ခတ်ခဲ့တာပါ” ဟု သူက Myanmar Now ကို ယနေ့ (ဇန်နဝါရီ ၁၉) တွင် ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများ အသုံးမပြုဘဲ G 3, ကာဘိုင်ကဲ့သို့သော လက်နက်ငယ်များဖြင့်သာ ပစ်ခတ်ခဲ့ကြောင်း၊ အနီးဝန်းကျင်တွင် ပျူရွာဟု ဒေသခံတို့ ခေါ်ဆိုသော စစ်တပ်ထောက်ခံသူ အများအပြား နေထိုင်သည့် ရွာများကို ထိခိုက်မည်စိုးရိမ်သဖြင့် လက်နက်ကြီး အသုံးမပြုခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးအဖွဲ့တို့က ဆိုသည်။
ထို့နောက် PDF,LDF, ပကဖ ပူးပေါင်းအဖွဲ့များ ပြန်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်က ၆၀ မမ မော်တာကျည်များဖြင့် ပစ်ခတ်သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ဆိုသည်။
“တိုက်ပွဲပြီးတော့ ကျွန်တော်တို့သတင်းရင်းမြစ်တွေဆီကနေ စစ်…နဲ့ပျူ…. ၃ ကောင် အသေရပြီး၊ ၉ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ကတော့ ရန်သူ့ဘက်က ၆၀ (မမ) တွေ မပစ်ခင်ကတည်းက ဆုတ်ခဲ့တာမို့လို့ ထိခိုက်မှု မရှိဘူး”ဟု ကိုဂျပန်ကြီးက ပြောသည်။
ကန့်ဘလူခရိုင်အတွင်း ဖြစ်ပေါ်နေသော ဒေသသတင်း၊ တိုက်ပွဲသတင်းများကိုဖော်ပြနေသော ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူနှစ်ဦး၏ အလောင်းများဟုဆိုကာ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်က ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ သတင်းမထုတ်ပြန်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
စစ်တပ်၏ အာဏာသိမ်းမှုကို လက်နက်ကိုင် ပြန်ခုခံခဲ့သည့် ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ဦးဆောင် ဖွင့်လှစ်သည့် ပျူစောထီးသင်တန်းများ ဖွင့်လှစ်ထားသည့်ကျေးရွာ များပြားကာ စစ်တပ်ထောက်ခံသူများ လည်း အများအပြားရှိနေသည်။
သို့သော်လည်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူး၊ သတင်းပေးဒလန်နှင့် စစ်တပ်ကို တိုက်ခိုက်နေပြီး စစ်တပ်က လက်နက်တပ်ဆင်ပေး ထားသော ပျူစောထီးများကလည်း ကာကွယ်ရေးအဖွဲ့ဝင်မပါဝင်သူများ၊ NLD ထောက်ခံသူများကိုပါ သတ်ဖြတ်မှုများ ရှိခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ပျူစောထီးဒေသဟု ခေါ်ဆိုနိုင်သည့် ကန့်ဘလူသကြားစက်အနီးရှိ ငမြှောင်ကျေးရွာမှ NLD ပါတီထောက်ခံသူများဖြစ်ခဲ့သည့် ကလေး ၃ ဦးအပါအဝင် မိသားစုဝင် ၈ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့များက ပြောသည်။
စစ်တပ်ကလည်း အကြမ်းဖက် PDF များအား တိုက်ခိုက်ရန် ပြည်သူ့စစ်ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းသည်ဟုဆိုကာ မန္တလေးအပါအဝင် ဒေသတချို့၌ စစ်တပ်ထောက်ခံသူများအား လက်နက် တပ်ဆင်ပေးရန် ကြိုးပမ်းနေကာ ကာကွယ်ရေးအဖွဲ့များက ပျူစောထီးများဟု ခေါ်ကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)