သတင်း

မန္တလေးတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မန္တလေး မဟာအောင်မြေမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ယမန်နေ့ (ဇန်နဝါရီ ၁၅) မွန်းလွဲပိုင်းတွင် နေအိမ်၌ အနီးကပ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မွန်းလွဲ ၁ နာရီခန့်တွင် မဟာမြိုင်ရပ်ကွက်၊ ၆၉လမ်း (လမ်း ၄၀ နှင့် ၄၁ လမ်းကြား) နေအိမ်၌ ရှိနေသော အသက် ၅၀ ဝန်းကျင်အရွယ် ဦးစောကို သေနတ်သမားတချို့က ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ထိုရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“အိမ်ထဲအထိ ဝင်ပြီး ပစ်သတ်သွားတာ။ ပွဲချင်းပြီးပဲ။ မလှုပ်တော့ဘူး။ ခေါင်းကို ပစ်ခံရတာလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစောသည် မဟာမြိုင်ရပ်ကွက်တွင် နေထိုင်သူတို့ကို ဧည့်စာရင်းစစ်ဆေးခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ ကောက်ခံခြင်းများကို ယခုရက်ပိုင်းအတွင်း ပြုလုပ်နေသူဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Special Task Force-Mandalay (STF-MDY) အဖွဲ့က ပစ်ခတ်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့ပြီး  စက္ကန့်၂၀ ကျော် ကြာမြင့်သည့် ဗီဒီယိုဖိုင်တစ်ခုပါ ထုတ်ပြန်သည်။

အဆိုပါဖိုင်တွင် နေအိမ်သို့ ရောက်လာသည့် သေနတ်သမားတစ်ဦးကို တွေ့ရပြီးနောက် အုပ်ချုပ်ရေးမှူး ဦးစော ထိုင်ချလိုက်ပုံ၊ နောက်လှည့်ထွက်ပြေးစဉ် သေနတ်သမားက လိုက်လံပစ်ခတ်ပုံတို့ကို တွေ့ရသည်။

၎င်းတို့ သတိပေးထားသည့်ကြားမှ ရာထူးမှ မနုတ်ထွက်ဘဲ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့်အတွက် ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဆက်လက်၍ မန္တလေးမြို့ရှိ အုပ်ချုပ်ရေးမှူးများ ရာထူးမှ နုတ်ထွက်နိုင်ကြောင်း၊ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေပါက ဦးစောကဲ့သို့ ရှင်းလင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးစော၏ရုပ်အလောင်းကို ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်ခန့်အကြာ လူမှုရေးအသင်းကားတစ်စီးက လာရောက် သယ်ဆောင်သွားသည်၊ စစ်ကောင်စီတပ်သားအများအပြား ရောက်ရှိလာကာ အနီးဝန်းကျင်ကို စစ်ဆေးကာ လမ်းသွားလမ်းလာများကို တားဆီးရှာဖွေခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပစ်ခတ်သည့်အဖွဲ့သည် ဇန်နဝါရီ၁၂ မွန်းလွဲ ၂ နာရီဝန်းကျင်ကလည်း ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ၈၄ လမ်းထောင့်နှင့် ဦးပွားဂုံးကျော်အဆင်းလမ်းထောင့်ရှိ ဓမ္မာရုံအတွင်း ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးပြုလုပ်နေကြသော အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလအတွင်းကလည်း မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ် သင်္ဂဇာချောင်းဘေးတွင် ရုံးအသစ် ဖွင့်လှစ်ထားသည့် သံရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရပ်ကွက်ဥက္ကဋ္ဌ ဦးစန်းဦးနှင့် အဖွဲ့ဝင်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ပြောက်ကျားတိုက်ခိုက်မှုများအားကောင်းသော မန္တလေးတွင် ပြီးခဲ့သည့် အောက်တိုဘာလမှ လေးလအတွင်း ဆရာဝန်များ၊ ဒေသခံများအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၁၀၀ နီးပါး ဖမ်းခံထားရသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများကမူ ရွေးကောက်ပွဲသည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဖြစ်သောကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လူထုကို တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က လတ်တလော လူဦးရေစာရင်းကောက်ယူနေမှုတွင် ပူးပေါင်းပါဝင်နေသော ဝန်ထမ်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဇန်နဝါရီ ၉ တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်နှင့် မန္တလေးရှိ လူဦးရေစာရင်းကောက်သည့် နေရာ ၇ ခု ဗုံးခွဲခံရသည်။ 

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်တို့တွင် စာရင်းကောက်အဖွဲ့တချို့ ပစ်ခတ်ခံနေရသဖြင့် အသေအပျောက်ရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button