ဆောင်းပါး

လက်နက်ကိုင်အစောင့်ချထားသည့် တစ်ဆူတည်းသော ပုဂံဘုရား

ဒီဇင်ဘာ အားလပ်ရက်များအတွင်းကဖြစ်သည်။ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပုဂံရှိ ဘုရားပုထိုးများတွင် လာရောက်လည်ပတ်နေသူများဖြင့် စည်ကားလျက်ရှိသည်။ ကိုဗစ်နိုင်တင်း ကပ် ရောဂါနှင့် အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နှစ်နှင့်ချီ တိတ်ဆိတ်နေခဲ့သော ပုဂံဒေသတွင် လာရောက် လည်ပတ်သူများ အရောင်အသွေးအစုံအလင်ပင်။ 

အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားများသာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည် တစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။

အထင်ကရ ပုဂံဘုရားများဖြစ်ကြသည့် ရွှေစည်းခုံ၊  အာနန္ဒာ၊ ဓမ္မရံကြီးနှင့် ဧရာဝတီမြစ်ကမ်းဘေးမှ ဗူးဘုရား တို့တွင် လူများအုပ်စုလိုက် တွေ့ရသည်။ ညနေဘက်တွင် လူလုပ်တောင်ကုန်းပေါ်မှ ဆည်း ဆာဝင်ချိန်ကြည့်ရန် စောင့်ဆိုင်းနေသူ အတော်များသည်ကိုလည်း တွေ့ရသည်။ 

စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှယိုယွင်းလာသော အခြေအနေများ ကြောင့် စီးပွားရေးလုပ်ငန်းများ နလံမထူနိုင်ဖြစ်နေကာ ပြည်တွင်းခရီးသွားလုပ်ငန်းလည်း အလားတူပင်ဖြစ်သည်။

စစ်ကောင်စီလက်ထက် ပုဂံ၌ ထူးခြားချက်တစ်ခုအနေဖြင့် အမွေအ နှစ်စာရင်းဝင် ဘုရားပုထိုးပေါင်း ထောင်နှင့်ချီရှိသော်လည်း လက်နက်ကိုင်လုံခြုံရေး အစောင့်ချထားသည့် ဘုရားမှာ တစ်ဆူတည်း သာရှိသည်။ 

ပို၍ထူးခြားနေသည်မှာ လက်နက်ကိုင်လုံခြုံရေးရှိနေသည်မှာ ပုဂံရောက်လာသူတိုင်း မဖြစ်မနေသွား ရောက်လေ့ရှိသည့် အာနန္ဒာ၊ ရွှေစည်းခုံ၊ ဓမ္မရံကြီးနှင့် ဗူးဘုရားတို့ မဟုတ်ခြင်းပင်။ အာနန္ဒာဘုရားနှင့် မနီးမဝေးရှိ ထီးလိုမင်းလိုဘုရားကို စစ်ကောင်စီက နေ့ညမပြတ် လုံခြုံရေး ချထားသည်။ 

ဘုရားအဝင် အတားအဆီးဂိတ်အနီး လည်ပတ်အနီဝတ် လက်နက်ကိုင်ရဲနှစ်ဦးစောင့်ကြပ်နေပြီး ဘေး နားတွင်လည်း အရပ်ဝတ်နှစ်ဦးက ခရီးသွားပြည်သူများကို စောင့်ကြည့်နေသည်။ ထိုအရပ်ဝတ်များမှာ စစ်သားများ ဖြစ်ကာ တခါတရံ ဘုရားအတွင်းဝင်ရောက်ကာ အခြေအနေကို လှည့်ပတ်ကြည့်ရှုစစ် ဆေးတတ်ကြောင်း ဒေသခံတို့က ဆိုသည်။

၁၂ ရာစုနှင့် ၁၃ ရာစုကြားတွင် တည်ခဲ့သော ဂူဘုရားအမျိုးအစားဖြစ်သည့် ထီးလိုမင်းလိုဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစီဖြင့် နေ့ညမပြတ် အလှည့်ကျလုံခြုံရေးယူ ထားသည်ဟုလည်း သိရသည်။ ထိုလက်နက်ကိုင်အစောင့်များနှင့် မလှမ်းမကမ်းတွင် လုံခြုံရေး ကင်းတဲနှင့် ယာယီတဲ အိမ်အချို့လည်း တွေ့ရသည်။​

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်ပုန်ကန်တော်လှန်မှုများနှင့်အတူ တိုက်ပွဲများ နေ့စဉ်ဖြစ်နေသော်လည်း ပုဂံဒေသတွင် ငြိမ်သက်နေခဲ့သည်။ ပုဂံအနီး ဧရာဝတီမြစ်အနောက်ဘက် ကမ်းရှိ တန့်ကြည်တောင်ဒေသတဝိုက်တွင်သာ ဒေသကာကွယ်ရေးအဖွဲ့ဝင်များနှင့် ရံဖန်ရံခါတိုက်ပွဲ များဖြစ်လေ့ရှိသည်။ 

ဘုရားပုထိုးပေါင်း ထောင်ချီရှိသည့် ပုဂံတွင် ထီးလိုမင်းလိုဘုရားတစ်ဆူတည်းသာ လက်နက်ကိုင် အစောင့်အရှောက်များ ချထားသည်မှာ ထူးဆန်းသော်လည်း အကြောင်းရင်း ရှိနေသည်။ 

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှိ ထီးလိုမင်းလိုဘုရား အဝင်ကို ၂၀၂၂ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အာဏာမသိမ်းမီက ထီးတင်ခဲ့သော ဘုရားဖြစ်နေခြင်းပင်။ 

ထီးနန်းအရိုက်အရာနှင့် ပတ်သက်၍ အတိတ်နိမိတ်ကောင်းရှိသည်ဟု ယူဆကြသည့် ထီးလိုမင်းလို ဘုရားကို မင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ထီးတော်တင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် လှုပ် ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော ပုဂံဘုရားများအနက် ထီးလို မင်းလို ဘုရားကိုရွေးကာ ထီးတင်ခဲ့ခြင်းဖြစ်သည်။

ဘုရားအမည်ကိုယ်၌က ထီးလိုမင်းလိုဟု ကျော်ကြားသည်။ ပုဂံမင်းဆက်တွင် ထင်ရှားသည့် နရပတိ စည်သူမင်း၏ သားတော်တစ်ပါးဖြစ်သော ဇေယျသိင်္ခမင်းက ထီးနန်းအရိုက်အရာ ဆက်ခံခွင့်ရပြီး နောက် တည်ခဲ့သောဘုရားဖြစ်သည်။ အငယ်ဆုံးသားကို ထီးနန်းဆက်ခံစေရာ၌ ကျန်သားတော်များ ကြည်ဖြူလက်ခံစေရေး အဓိဌာန်ဖြင့် ထီးဖြူစိုက် အဆုံးအဖြတ်ယူသည့်နေရာတွင် ဘုရားတည်ခဲ့ ခြင်းဖြစ်သည်။ ထီးလိုမင်းလိုဘုရားကို နန်းတောင်းများမင်းခေါ် ဇေယျသိင်္ခမင်းက အေဒီ ၁၂၁၁ တွင် တည်ခဲ့သည်။ 

သမ္မတရူး ရူးနေသည့် စစ်ခေါင်းဆောင်က အာဏာမသိမ်းမီကပင် ယတြာချေသည့်အနေဖြင့် ထီးလို မင်းလို ဘုရားကို ထီးတင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု အသက် ၅၀ ကျော်အရွယ် ပုဂံဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။

“ထီးလိုမင်းလိုဘုရားနာမည်က ရှင်းပါတယ်။ ထီးနန်းလိုချင် မင်းဖြစ်တဲ့ ဘုရင်တည်ခဲ့တာကို သူက ထီးတော် ထပ်တင်တာဆိုတော့ သမ္မတဖြစ်ချင်တယ်၊ အာဏာရချင်တဲ့အချက်က ထင်ရှားပါတယ်” 

“မင်းအောင်လှိုင် ထီးလာတင်ထားတဲ့ ဘုရားဆိုတော့ တစ်ခုခု လာလုပ်မှာစိုးလို့တယ်။ အာဏာသိမ်းပြီး ကတည်းက လုံခြုံရေးက ထီးလိုမင်းလိုဘုရားအတွက်ပဲ။ ပုဂံအတွက်တော့ မဟုတ်ဘူး” ဟုလည်း အထက်ပါ ပုဂံဒေသခံက ဆိုသည်။

ပြည်သူ့ဆန္ဒအားဖြင့် သမ္မတမဖြစ်နိုင်သူ မင်းအောင်လှိုင်သည် လက်နက်အားကိုးဖြင့် အာဏာသိမ်းရန် ရှေးမဆွကပင် ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်သည်။ အာဏာမသိမ်းမီ နှစ်အတန်ကြာပင် တိုင်းပြည်အ ကြီးအကဲ ဖြစ်လိုကြောင်း မကြာခဏ စကားဦးသန်းနေခဲ့ကာ အာဏာသိမ်းပြီးနောက်တွင်လည်း ဗေဒင်ယတြာအလိုအားဖြင့် ထီးတင်ပွဲများပြုလုပ်ခဲ့သည်။

ထီးလိုမင်းလိုဘုရားအတွင်း တွေ့ရသည့် လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်နှစ်ဦး။ (ဓာတ်ပုံ – Myanmar Now)

အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ရွာငယ်လေးတစ်ရွာ၌ စစ်ခေါင်းဆောင်က ထီးတင်ပွဲအကြီးအကျယ် ပြုလုပ်ခဲ့သည်။ သက်သာပန်းတောင်းဟု အမည် တင်သည့် ဘုရားကို စကြာပန်းတောင်းဟု အမည်ပြောင်းကာ ထီးတင်ခဲ့ခြင်းဖြစ်သည်။​

ထီးတင်ပွဲအတွင်း မင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူတို့က ဘုရားပရိဝုဏ်အတွင်း အောင်မြေဆိုသော နေရာ၌ ပလ္လင်ခံထားသည့် အင်းကွက်ပုံကို အမွှေးနံ့သာများ ပက်ဖျန်းခဲ့သည်။ ယတြာအလိုအားဖြင့် အင်းကွက်ပုံတွင် နဂါး၊ ဟင်္သာ၊ မနုဿီဟ၊ ဆင် စသည့်အကောင်ပလောင်များလည်း ထည့်သွင်း ထားသည်။​

မင်းအောင်လှိုင်နည်းတူ စစ်ဗိုလ်ချုပ်များ ဗေဒင်ယတြာကို အားကိုးအားထားပြုနေကြသည်မှာ မူးယစ်ဆေးစွဲသည့်နှယ်ဖြစ်ကြောင်း၊ ရာထူးအဆင့်အလိုက် စစ်တပ်အရာရှိများက လက်အောက် ငယ်သား ရွေးချယ်ရာ၌ ပင် နေ့သင့်နံသင့်ရွေးချယ်ကြလေ့ရှိသည့်အပြင် ရှေ့တန်းထွက်ရာတွင်လည်း အဆောင်များ၊ အင်းကွက်များ ယူဆောင်လေ့ရှိကြသည့် အာဏာသိမ်းပြီးနောက် စစ်တပ်ကိုစွန့်ခွာ ခဲ့သူတို့က ဆိုသည်။ 

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်ပုန်ကန်တော်လှန်မှုများ ပြင်းထန်လာချိန်၌ တပ်တွင်းတပ်ပြင်၌ လုံခြုံရေးနှင့် တိုက်ပွဲအောင်နိုင်ရေးအတွက် ဘာသာရေးနှင့် ဗေဒင်ယတြာ အစီအမံများပြုလုပ်ရန် ညွှန်ကြားသည်ဟုလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် ခဲ့ကြသည့် စစ်တပ်အရာရှိများက ထုတ်ဖော်ပြောဆိုသည်။​

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဝဇီပိတ်ဆရာတော်နှင့်ပေါင်းကာ ဘာသာရေးဆန်ဆန် အခမ်းအနားများ ပြုလုပ်ခဲ့သည့်အပြင် သီတဂူဆရာတော် ဦးဆောင်မှုဖြင့် ရုရှားနိုင်ငံတွင် ရွှေစည်းခုံပုံတူ ဘုရားတည် ကာ ထီးတင်ပွဲတွင် မင်းအောင်လှိုင်မိသားစု တက်ရောက်ခဲ့သည်။ 

အာဏာရှင်လက်သစ် မင်းအောင်လှိုင်အနေဖြင့် ဗေဒင်ယတြာနှင့် အောက်လမ်းနည်း ဓာတ်ရိုက် ဓာတ်ဆင် အစီအမံများအပြင် ဆင်ဖြူတော်ရူး ရူးကာ မင်းကောင်းမင်းမြတ်တစ်ပါးနှယ်လည်း ပုံဖော်ထားသည်။​

ပုဂံခေတ် အေဒီ ၁၂၁၁ တွင် တည်ခဲ့သော ထီးလိုမင်းလိုဘုရားကို မင်းအောင်လှိုင်မိသားစု ထီးတင်ပွဲပြုလုပ်ခဲ့စဉ်။

ကြန်အင်လက္ခဏနှင့် ပြည့်စုံသော ဆင်ဖြူတော်ပေါ်ထွန်းသည်ဆိုကာ နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံများမှနေ၍ ကြေညာခဲ့သည်။ ယခင် စစ်အာဏာရှင်များလက်ထက်တွင် ပေါ်ခဲ့သော ဆင်ဖြူများထက် သူ့လက်ထက်တွင် တွေ့ရှိသော ဆင်ဖြူက ကြန်အင်လက္ခဏာအားဖြင့် အပြည့်စုံဆုံးဖြစ်သည်ဟု ဆိုသည်။ 

ရခိုင်ပြည်နယ်တောင်ပိုင်း၌ ဆယ်ရက်သားအရွယ်၌ တွေ့ရှိခဲ့သော ထိုဆင်ငယ်ကို ဆင်ဖြူဟု တိုင်း သိပြည်သိ သမုတ်ပြီးနောက် နေပြည်တော်သို့ သယ်ဆောင်ကာ အခမ်းအနားဖြင့် ဘွဲ့အမည်ပေးခဲ့ သည်။ ထို့ပြင် ဆင်ဖြူကလေး ကျန်းမာပျော်ရွှင်စွာရှိနေကြောင်းလည်း နိုင်ငံပိုင်သတင်းစာများတွင် မကြာခဏ ထည့်သွင်းကြော်ငြာလေ့ရှိသည်။

အာဏာရူးသူ စစ်ဗိုလ်ချုပ်များအနေဖြင့် ထေရဝါဒဗုဒ္ဓဘာသာနှင့် ဖီလာဆန့်ကျင်နေသည့် လောကီအ စီအမံများအပေါ် တိမ်းညွတ်လေ့ရှိသည်မှာ ယခင်ကတည်းကဖြစ်သည်။​ နေပြည်တော်ရှိ တောင်ကုန်း တစ်ခုပေါ် တွင် ဗေဒင်ယတြာအလိုအားဖြင့် ထုဆစ်ထားသည့် ပုံပျက်ပန်းပျက် ဆင်းတုနှင့် ရုပ်ပွား တော် အများအပြားတွေ့ရှိခဲ့ရာ လှူဒါန်းသူများ၏ ကဗ္ဗည်းမော်ကွန်း၌ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များအမည်များ နေရာယူထားသည်။ 

ထိုပုံပျက်ပန်းပျက် ရုပ်ပွားတော်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဖယ်ရှားခဲ့သည်။ စစ်တပ်က အာဏာသိမ်း သည့်နေ့တွင် အဦးဆုံး ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် NLD လက်ထက် သာသနာရေးဝန်ကြီးဖြစ်သူ သူရအောင်ကိုလည်းပါဝင်ခဲ့သည်။ 

အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များသည် ပုဂံသို့သွား ရောက်ကာ ရှေးဟောင်းဘုရားစေတီများကို ထီးတော်တင်ခြင်းနှင့် ယတြာချေခြင်းများ ပြုလုပ်ဖူး သည်။ စစ်ဗိုလ်ချုပ်များ ယတြာချေလေ့ရှိသည့် ဘုရားများတွင် ထီးလိုမင်းလို၊ အလိုတော်ပြည့်နှင့် ရွှေစည်းခုံတို့ဖြစ်သည်။

မင်းအောင်လှိုင် ထီးတင်ထားသည့် ထီးလိုမင်းလို ဘုရားကို လက်နက်ကိုင်လုံခြုံရေး ချထားသည်မှာ ယူနက်စ ကိုစာရင်းဝင် ပုဂံကို ကာကွယ်လိုခြင်းထက် ၎င်းတို့၏ ယတြာအစီအမံများကို ကာကွယ်လို ခြင်းသာ အဓိက ဖြစ်နေသည်ဟု ပုဂံဒေသမှ ဧည့်လမ်းညွှန်တစ်ဦးက မှတ်ချက်ပြုသည်။​

“သူတို့ခေါင်းဆောင် ထီးတင်တဲ့ဘုရားမှာ လုံခြုံရေးယူပြီး အခြားနေရာတွေမှာ မရှိတာက သူတို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံအပေါ်ထားတဲ့ သက်သေပဲလေ”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button