အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မဲစာရင်းအဖွဲ့ကို လောင်းလုံး PDF တိုက်ခိုက်၊ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်အတူ လူဦးရေစာရင်းလိုက်ကောက်နေသည့် အဖွဲ့ကို ဇန်နဝါရီ ၉ တွင် ဝင်ရောက်တိုက်ခိုက်ရာ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

ကမြောကင်းရွာတွင် တစ်အိမ်ဆင်း တစ်အိမ်တက်ပြီး ရွေးကောက်ပွဲမဲထည့်ရန် လူဦးရေစာရင်း လိုက်လံကောက်ယူနေသည့်အဖွဲ့တွင် ဆယ်ဦးခန့် ပါဝင်ပြီး ထိုအထဲတွင် စစ်သားတစ်ဦး၊ ရဲတစ်ဦး ရှိနေသည်၊ လောင်းလုံး PDF နှင့် ထားဝယ်အခြေစိုက် PDF အဖွဲ့တစ်ခုဖြစ်သော Dawei Guerrilla Revolutionary Force  တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မဲစာရင်းလိုက်ကောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ သွားပစ်တာ။ ကျန်တဲ့စာရေးတွေကို မပစ်ဘူး။ လက်နက်ကိုင်ထားတဲ့ နှစ်ယောက်ကိုပဲ ပစ်တာ” ဟု လောင်းလုံး PDF တာဝန်ခံက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု ၂ မိနစ်ကျော်ကြာသည်၊ သေဆုံးသည့်ရဲထံမှ AK 47 ရိုင်ဖယ်၊ ကျည် ၂၃ တောင့်နှင့် ကျည်ဘောက်တစ်ခု ရရှိပြီး စစ်သားက ဒဏ်ရာဖြင့် လွတ်မြောက်သွားသည်ဟု ၎င်းက ဆိုသည်။ 

“စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးက လက်မခံဘဲ ဆန့်ကျင်နေတဲ့အချိန်မှာ စစ်ကောင်စီအလိုကျ ရွေးကောက်ပွဲဖြစ်မြောက်အောင် ပြည်သူကို ဆန့်ကျင်ပြီး လုပ်နေကြတာဆိုတော့ သွားရောက်ရှင်းလင်းလိုက်တာဗျ” ဟု အထက်ပါ တာဝန်ခံက ပြောသည်။ 

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် နီးကပ်စွာ သွားလာခြင်းမရှိကြရန် လောင်းလုံး PDF က တိုက်တွန်းထားကာ မဲစာရင်းများ ဆက်လက်ကောက်ယူပါက နောက်ဆက်တွဲဖြစ်စဉ်များကို တာဝန်ယူမည်မဟုတ်ကြောင်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များကိုလည်း သတိပေးထားသည်။ 

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်က ရွာအနီး ကမြောကင်းတံတားပေါ်တွင် စစ်ဆေးနေကြောင်း သိရသည်။ 

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသေးပါ။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများက ၎င်းတို့သည် ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆောင်ရွက်နေသည်ဟု ပြောသည်။

ပြည်သူအများအပြား လက်မခံသည့် ထိုဥပဒေအတိုင်းဆိုလျှင် ယခုလကုန်ပိုင်းတွင် စစ်ကောင်စီအဖွဲ့ကို ဖျက်သိမ်းပြီး အခြားအဖွဲ့တစ်ခု ထပ်ဖွဲ့ရမည်ဖြစ်သည်၊ ထိုအဖွဲ့က ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button