သတင်း

ဟုမ္မလင်းတွင် CDM ဆရာနှင့်သားပျောက်ဆုံးမှု လက်နက်ကိုင်များလက်ချက်ဟု ယူဆ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် မူလတန်းပြဆရာတစ်ဦးနှင့် ၎င်း၏သားဖြစ်သူတို့ ရက်သတ္တပတ်တစ်ပတ်ကြာ ပျောက်ဆုံးနေရာ ဒေသအခြေစိုက်လက်နက်ကိုင်များ ဖမ်းဆီးထားမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေသည်။

တမူးမြို့သို့ သွားသည့် ဟုမ္မလင်းမြို့နယ်၊ မိုဝိုင်လွတ်ရွာအထက်တန်းကျောင်းမှ မူလတန်းပြဆရာ အသက် ၅၀ ကျော်အရွယ် ဦးအွန်ဟောင်နှင့် အသက် ၁၈ နှစ်အရွယ် သားဖြစ်သူတို့ ဇန်နဝါရီ ၂ နေ့လယ်ကတည်းက ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ 

“ဟုမ္မလင်းကနေ ထွက်သွားတာက ၁၂ နာရီခွဲမှာ ထွက်သွားတာ။ သူ့သား (နောက်တစ်ဦး) က ၄ နာရီလောက်မှာ ဖုန်းဆက်လာတယ်။ အဖေ မလာဘူးလားလို့ ပြောတယ်။ အဲဒီကနေ စသိကြတာ” ဟု နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

ဟုမ္မလင်းမြို့မှ ၁၀ မိုင်ခန့်အကွာ တီလောင်ရွာအနီး ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ထိုနေရာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့များ၏ စစ်ဆေးရေးဂိတ်တစ်ခုရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံနယ်စပ်ဖြစ်ပြီး ရွှေတူးဖော်ခြင်းဖြင့် အသက်မွေးသည့် ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း သုံးခုရှိနေသည်။

ထို့ပြင် အာဏာသိမ်းမှုကို ဆန့်ကျင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့လည်း လှုပ်ရှားနေသည်။ 

“ပျောက်သွားတဲ့နေရာတစ်ဝိုက်မှာဆိုရင် ရှမ်းနီလက်နက်ကိုင်တွေပဲရှိလို့ သူတို့ကိုပဲ မသင်္ကာတာဖြစ်တယ်။ သူတို့ (SNA) နေရာဒေသမို့လို့” ဟု အထက်ပါအမျိုးသားက ပြောသည်။

ထိုသားအဖပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ဒေသခံများ SNA က ဖမ်းဆီးထားသည်ဟု ယူဆနေခြင်းနှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရှိရေးအတွက် SNA ပြောရေးဆိုခွင့်ရှိသူထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

မိုဝိုင်လွတ်ရွာအထက်တန်းကျောင်းမှ မူလတန်းပြဆရာ အသက် ၅၀ ကျော်အရွယ် ဦးအွန်ဟောင်။ (ဓာတ်ပုံ- Board of Education Homalin)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဟုမ္မလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးအွန်ဟောင်တို့ သားအဖကို ဖမ်းဆီးထားသည့် လက်နက်ကိုင်အဖွဲ့အနေဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် ဇန်နဝါရီ ၈ ရက်က ထုတ်ပြန် တောင်းဆိုထားသည်။

“ကြိုးစားပြီးတော့ ဆက်သွယ်နေကြတာ။ ခုထိတော့ အဆက်အသွယ်မရသေးဘူး။ ကျွန်တော်တို့ကတော့ မျှော်လင့်ထားတာပေါ့” ဟု ဟုမ္မလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူဖြစ်စဉ်မျိုး ၂၀၂၂ ဇူလိုင်အတွင်းက ဖြစ်ပွားခဲ့ဖူးသည်။ ထိုစဉ်က သက်ကယ်တောင်ကျေးရွာမှ CDM  ကျောင်းအုပ် ဦးအောင်ဆန်းဝင်း သတ်ဖြတ်ခံရမှုမှာ SNA လက်ချက်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ စွပ်စွဲခဲ့သော်လည်း SNA က ငြင်းဆန်ခဲ့သည်။

ထို့အပြင် ဟုမ္မလင်းမြို့နယ်အတွင်း CDM ပညာရေးဝန်ထမ်းများဖြစ်သည့် ဒေါ်မေနှင်းအေး၊ ဒေါ်မေသူစိုးတို့ သတ်ဖြတ်ခံရမှု ယခင်က ဖြစ်ပွားထားခဲ့ကြောင်း NUG ၏ မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အလွှာပေါင်းစုံမှ ဝန်ထမ်းများသည် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်ဟု ဆိုကာ CDM ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီကလည်း CDM ဝန်ထမ်းအများအပြားကို ဖိနှိပ် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

အလားတူ NUG  က ဖွင့်လှစ်သော ကျောင်းများတွင် စာသင်ကြားပေးသူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကာ စာသင်ကျောင်းများတွင် တပ်စွဲနေထိုင်ခြင်း၊ စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းများကို စစ်ကောင်စီက လုပ်ဆောင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button