သတင်း

ပုသိမ်ထောင်တွင် နိုင်ကျဉ်းအသတ်ခံရပြီး အရိုးပြာကိုသာ မိသားစု ပြန်ရ

ပုသိမ်အကျဉ်းထောင်အတွင်း ရိုက်နှက်၊ ပစ်ခတ်သည့် ဖြစ်စဉ်တွင် သေဆုံးသူ ကိုဝေယံဖြိုး၏ ရုပ်အလောင်းကို စစ်တပ်အစီအစဉ်ဖြင့် မီးသင်္ဂြိုဟ်ပြီး မိသားစုက အရိုးပြာအိုးသာ ပြန်ရခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၆  နံနက်ပိုင်းက နိုင်ကျဉ်းများ ဆူပူသည်ဟု ဆိုကာ ရဲနှင့် ထောင်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းစဉ် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး သေဆုံးခြင်းဖြစ်သည်။

ဇန်နဝါရီ ၇ မွန်းလွဲ ၃ နာရီတွင် ပုသိမ်မြို့နယ် သရောင်းချောင်းသုသာန်တွင် စစ်ကောင်စီတပ်က လုံခြုံရေးယူကာ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ကြောင်း၊ သုသာန်တွင် ကြိုတင်စောင့်ဆိုင်းနေသည့် မိသားစုဝင်များ ရုပ်အလောင်း ကြည့်ခွင့်ရခဲ့ကြောင်း မီးသင်္ဂြိုဟ်ရာတွင် တာဝန်ယူခဲ့သည့် မနောဖြူလူမှုကူညီရေးအဖွဲ့(ပုသိမ်) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လုံခြုံရေးတော့ သူတို့လာယူထားတယ်။ ဒီမှာ ကျွန်တော်တို့ သရဏဂုံတင်ပေးလိုက်တယ်။ သူတို့(မိသားစုဝင်) ကို အရိုးပြာကောက်ပြီးတော့ အိုးပါ ပေးလိုက်တာပေါ့။ သူတို့ဒေသကို ပြန်သယ်သွားတယ်” ဟု သူက ပြောသည်။

ရုပ်အလောင်းကို ပုသိမ်ဆေးရုံကြီး ရင်ခွဲရုံမှ ထုတ်ယူကာ ရဲနှင့် အကျဉ်းဦးစီးဝန်ထမ်းများ သယ်ဆောင်လာခြင်းဖြစ်သည်၊ သုသာန်တွင် မိသားစုဝင်နှင့် ဆွေမျိုးမိတ်ဆွေ ၁၀ ယောက်ခန့်သာ ရုပ်အလောင်းကြည့်ရှုခွင့်ရခဲ့သည်ဟု သူက ပြောသည်။  

ကိုဝေယံဖြိုးသေဆုံးရသည့် အကြောင်းရင်းကို မသိရသေးသလို ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ ရုပ်အလောင်းကြည့်ရှုခွင့်ရခဲ့သည့် ကိုဝေယံဖြိုး၏ မိသားစုဝင်များထံ ဆက်သွယ်၍ မရသေးပေ။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဝေယံဖြိုးသည် ၂၀၂၂  ဇွန်လက အဖမ်းခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မသုံးခုဖြင့် တရားစွဲခံထားရသည်။

သေဒဏ်ပေးခံထားရသည့် မြန်အောင်မြို့မှ CDM မူလတန်းပြကျောင်းဆရာကို ကြိုးပေးရန် ကြိုးစင်ဆောက်နေကြောင်း ထောင်ဝန်ထမ်းများ ပြောဆိုနေသည်ကို ကြားရပြီးနောက် ကိုမဲကြီး(ခ) ဝင်းမင်းထက် ဦးဆောင်ကာ နိုင်ငံရေးအကျဉ်းသား ၈ ဦးက ကန့်ကွက်ကြောင်း၊ ထို ၈ ဦးကို ညဘက်တွင် အခန်းထဲမှ ခေါ်ထုတ်ကာ ရိုက်နှက်ခဲ့သည့်ဖြစ်စဉ် ဇန်နဝါရီ ၅ ရက်က ပုသိမ်ထောင်အတွင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၆ တွင် ၇ ဦးသာ မူလနေရာပြန်ရောက်ပြီး ကိုမဲကြီး ပျောက်ဆုံးနေသည်ကို အကျဉ်းသားများ သတိပြုမိသွားကြကြောင်း၊ တစ်ချိန်တည်းတွင် အမှိုက်သွားပစ်သည့် အကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းက တုတ်ဖြင့် ရိုက်သဖြင့် အခြားနိုင်ကျဉ်းများ အော်ဟစ်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

ထိုအခြေအနေကို တုတ်ကိုင်ထားသည့် အကျဉ်းထောင်ဝန်ထမ်းများ၊ စစ်ပြေးနှင့် ရဲပြေးအကျဉ်းသားများကို ဝင်ရောက်ထိန်းသိမ်းစေခဲ့ပြီး မိနစ်ပိုင်းအကြာ နံနက် ၁၀ နာရီခန့်တွင် ရဲများဝင်လာကာ သေနတ်ပစ်ဖောက်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

“အကြမ်းဖက်တွေက အကျဉ်းသားတွေရဲ့ အခန်းထဲမှာ ဝင်ရောက်ရိုက်နှက်မှုတွေလုပ်တယ်။ သေနတ်တွေလည်း ပစ်ဖောက်တယ်။ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ ကိုဝေယံဖြိုးက အရင်ဆုံး ကျတာပေါ့နော်။ ရိုက်နှက်လို့ ကျတာလား သေနတ်ပစ်လို့ ကျတာလား ဘယ်သူမှ အတည်ပြုလို့မရသေးဘူး” ဟု ပြောသည်။

ထိုဖြစ်စဉ်တွင် နိုင်ကျဉ်း ၆၀ ခန့် အခန်းထဲမှ ခေါ်ထုတ်ရိုက်နှက်ခံရပြီး ကိုမဲကြီးမှာ ယနေ့ထက်ထိ ပျောက်ဆုံးနေကြောင်း ပြောသည်။

နိုင်ကျဉ်း ၁၀ ဦး ခန့် ပုသိမ်ဆေးရုံကြီးတွင် တက်ရောက်ကုသနေရသည်။ စစ်ကောင်စီဘက်ကမူ အကျဉ်းသားများ အချင်းချင်း ရိုက်နှက်ခြင်းကြောင့် ကိုဝေယံဖြိုး သေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ထို့အပြင် ဇန်နဝါရီ ၅ ရက်နေ့က ရိုက်နှက်ခံရသည့် နိုင်ကျဉ်း ၈ ဦးထဲတွင် ပါဝင်သည့် ကိုဝင်းထွန်းနိုင်၏ ဇနီးဖြစ်သူ မစန္ဒာအေးကို ပုသိမ်မြို့ရှိ ၎င်းနေအိမ်၌ ဇန်နဝါရီ ၇ ရက်နေ့တွင် စစ်တပ်က လာဖမ်းသွားကြောင်း အထက်ပါအကျဉ်းထောင်နှင့်နီးစပ်သူက ဆိုသည်။ 

လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် ကိုဝင်းထွန်းနိုင်သည် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသားဖြစ်သည်။ ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၅၀ ခန့် ရှိကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button