စစ်ကိုင်းမြို့နယ် အနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များအထိုင်ချထားသည့် ဒီပဲယင်းကွဲကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီပူးပေါင်းအဖွဲ့က ယနေ့(ဇန်နဝါရီ ၆) မနက်ပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီး သီတဂူနာယက ဆရာတော်နှင့် ပြည်သူ ၂ ဦးကိုသတ်ဖြတ်ခဲ့သည်ဟု သိရသည်။
ဒီပဲယင်းကွဲကျေးရွာနှင့် မိုင်ဝက်ခန့်အကွာတွင်ရှိသည့် ပျူစောထီးရွာတစ်ခုဖြစ်သည့် ကြွယ်ပုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဒီဇင်ဘာ ၅ ရက်က စနိုက်ပါနှင့်ပစ်သတ်ခဲ့ပြီးနောက် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်၍ နှစ်ဘက်တိုက်ပွဲများဖြစ်ပွားခဲ့သည်။
အထိနာသည့်စစ်တပ်က ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းတွင် အင်းအား ၅၀ ခန့်ဖြင့် လက်နက်ကြီးများပစ်ခတ်ကာ ထိုးစစ်ဆင်လာရာ ကာကွယ်ရေးအဖွဲ့များက ပြန်လည်ခုခံသော်လည်း လက်နက်အင်အားမမျှသဖြင့် ပြန်ဆုတ်ပေးခဲ့ရကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်ယက္ခက Myanmar Now ကို ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်က ရွာအတွင်းဝင်ရောက်၍ ရွှေဂူကျောင်းတွင် သတင်းသုံးသည့် စစ်ကိုင်းမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ (B.A Buddha)ဘွဲ့ရ၊ နာယကဆရာတော် ၁၀ ပါးစာရင်းဝင် အရှင်ဂန္ဓသာရနှင့် အသက် ၃၂ အရွယ် မခင်စုမွန်တို့ကို ပစ်သတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
သက်တော် ၄၂ နှစ်၊ ဝါတော် ၂၂ ဝါရှိသည့် မန္တလေးမြို့ မဟာမင်းထင်စာသင်တိုက်မှ စာချဆရာတော် အရှင်ဂန္ဓသာရကို စစ်ကောင်စီနှင့် ပျူစောထီးတပ်က အနီးကပ်ပစ်သတ်ကာ သံဃာမှတ်ပုံတင်ကိုလည်း ယူဆောင်သွားကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် စစ်ကြောင်းဝင်လာစဉ်ဖမ်းမိသည့် အသက် ၃၃ နှစ်အရွယ် ဒီပဲယင်းကွဲရွာသား ကိုမျိုးထွန်းတို့ကို ဦးခေါင်းကို ရိုက်နှက်သတ်ဖြတ်ခဲ့သည်။ တပ်ဆုတ်ခွာစဉ် စစ်ကိုင်းခရိုင်တပ်ရင်း ၈ မှ တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။
“ဆရာတော်က မနေ့က ညနေကမှ ရွာကို ခဏပြန်လာတဲ့အချိန် ဒီနေ့မနက်မှာပဲ စစ်ကောင်စီရဲ့ ပစ်သတ်မှုကို ခံလိုက်ရတယ်ပေါ့” ဟု ၎င်းကဆိုသည်။
“ဆရာတော်က ဘယ်မှမပြေးဘူးဗျ။ သူ့ရဲ့ ရွှေဂူကျောင်း၊ သူသီတင်းသုံးတဲ့ကျောင်းရဲ့ မြေအောက်ခန်းထဲမှာပဲ၊ ရှောင်နေတဲ့အချိန်မှာ ကျောင်းထဲကိုဝင်လာပြီး၊ အဲ့ကျောင်းထဲဝင်မွှေတယ်။ ဆရာတော်ကိုတွေ့တော့ မြေအောက်ခန်းထဲမှာပဲ ပစ်သတ်သွားတယ်” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုးကွယ်သည့် သီတဂူဆရာတော်၏ နာယကဆရာတော်ပါမချန် ပစ်ခတ်ခဲ့ခြင်းမှာ အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မည့်သဘောကို ပြသနေကြောင်း ၎င်းက ဆိုသည်။
“စစ်ရာဇဝတ်မှုကိုရော၊ လူ့အခွင့်အရေးကိုရော ပြောင်ပြောင်တင်းတင်း ချိူးဖောက်နေတာကိုတွေ့ရတယ်။ နောက်တစ်ခါ ပြည်သူလူထုအနေနဲ့က စစ်ကောင်စီနဲ့ပတ်သက်ရင် အယုံမလွယ်ဖို့။ စစ်ကောင်စီက သူတို့ အာဏာကလွဲပြီးတော့ ဘာသာတရားဆိုတာမရှိဘူး။ လူမျိုးဆိုတာမရှိဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက ဝင်ရောက်စီးနင်စဉ် ဒလန်များ၏ သတင်းပေးမှုကြောင့် ပုန်းခိုနေသည့် ဘုန်းကြီးနှင့် ဒကာမတစ်ဦး အကြောင်းမဲ့ပစ်သတ်ခံရကြောင်း စစ်ကိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
“လူနေအိမ် ၉၀ နဲ့ ဇရပ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ဒါမီးရှို့ခံရတာ ဒါနဲ့ဆိုရင် တတိယအကြိမ် ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းမထုတ်ပြန်သေးသလို Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။
နှစ်ရက်ကြာတိုက်ပွဲအတွင်း စစ်ကိုင်းခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၈ နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့က စစ်ကောင်စီဘက်က လူနာတင်ကား ၅ စီးဖြင့် လူနာများသယ်သွားသည်ကို တွေ့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ စစ်ကိုင်းခရိုင်ကို နယ်မြေရှင်းလင်းရေး အကြီးကျယ်ဆင်ပြုလုပ်လာပြီး စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မန္တလေးဝင်ထွက်ပေါက် စစ်ကိုင်းမြို့ကို စိုးမိုးလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ၎င်းက ဆိုသည်။
စစ်ကိုင်းမြို့နှင့် မနီးမဝေးရှိ ရွာကြီးတစ်ရွာဖြစ်သော ဆားတောင်အနီး ညောင်ငုပ်တိုရွာတွင် ယခုလ ၁၀ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းများထိုး၍ ကျေးရွာများကိုမီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၂၁ တွင် စစ်ကောင်စီတပ်က ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနှစ်ပါး၏ ဇာတိရွာ လင်းယဉ် အပါဝင် ကျေးရွာ ၅ ရွာကို မီးရှို့ခဲ့ရာ နေအိမ် ၇၂၉ လုံးဆုံးရှိုးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)