သတင်း

ကမ္ဘာကျော် အင်းလေးဒေသတွင် ဒေသခံ ၄၀ နီးပါး ဖမ်းဆီးခံထားရ

ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ ကမ္ဘာကျော် အင်းလေးကန် အနောက်ဘက်ကျေးရွာအချို့မှ ဒေသခံ ၄၀ နီးပါး ဖမ်းဆီးခံထားရသည်။

ဇန်နဝါရီ ၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ဘက် သန်းထောင်နှင့် ဘုရားနီကျေးရွာအနီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရှမ်းတောင်အခြေစိုက် PDF တပ်ရင်းအချို့နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

ဒီဇင်ဘာလနှောင်းပိုင်းမှ စတင်ပြီး Inle-PDF အဖွဲ့က ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုဓာတ်ပုံများကို Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးနောက် အင်းလေးဒေသအတွင်း စစ်ကောင်စီက အဖမ်းအဆီးများ စတင်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်အချို့ထံမှ စုံစမ်းသိရှိရသည်။

“(အရင်က အသားလွတ်ဖမ်းခံရတာ) အယောက် ၂၀ ကျော်မယ်။ အဲဒါတွေကတော့ (အခု ပြန်လွတ်လားမသိဘူး။ ဒါပေမဲ့ ဆက်စပ်တယ် ထင်ပြီးတော့မှ လိုက်ဆွဲတာဆိုရင်တော့ တောင်ကြီးရော အင်းထဲတွေရော ပေါင်းရင်တော့ ၄၀ လောက်တောင်ရှိမယ်” ဟု PDF နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးကန်အရှေ့ဘက်ကမ်းရှိ သလဲဦးရွာ၊ အင်းလေးကန်အနောက်ဘက်ကမ်းရှိ အင်းတိန်ရွာနှင့် ဘုရားငါးဆူရွာ၊ အင်းလေးကန်ထဲရှိ ဆီဆုံရွာတို့အပြင် အချို့ရွာများမှလည်း အဖမ်းခံရသူများရှိနေပြီး တောင်ကြီးမြို့ပေါ်မှ ဒေသခံအချို့လည်း ဖမ်းဆီးခံရသည်ဟု ၎င်းထံမှ သိရသည်။ 

အဖမ်းခံရသူအများစုမှာ PDF များနှင့် ဆက်စပ်မှုမရှိသည့် သာမန်ဒေသခံများသာဖြစ်ပြီး ဖမ်းဆီးခံထားသူများ၏ အသေးစိတ်အချက်အလက်များကိုတော့ မသိရသေးဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“PDF ဒီမှာရောက်တယ်လို့ သတင်းကြားရင် အဲဒီကလူကို ဖမ်းတယ်၊ သူတို့ (စစ်တပ်) ရဲ့ သဘောသဘာဝအတိုင်း။ လေးငါးယောက်လောက်ပဲ ရှိမှာပေါ့၊ ပတ်သက်တယ်ဆိုတာကလည်း ထောက်ပို့တာတို့ ဘာလို့လောက်ပဲ ရှိမှာ၊ ကျန်တာကတော့ ဒီအတိုင်း ဖမ်းပြီး ငွေညစ်တာပေါ့” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

လတ်တလောတွင် ဖမ်းဆီးခံထားရသူများမှ တစ်ဦးမျှ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးသလို စစ်ကောင်စီတပ်က ဒေသအတွင်း ပိတ်ဆို့ရှာဖွေနေသည်ဟု ဆိုသည်။

ညောင်ရွှေမြို့ပေါ်တွင် စစ်တပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တပ်များက မြို့အဝင်ဂိတ်တွင် တပ်စွဲထားပြီး မြို့ပေါ်တွင်လည်း လှည့်လည်စစ်ဆေးနေသည်ဟု သိရသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ အနီးတွင်ရှိသည့်  မြို့အနောက်ဘက် ခေါင်တိုင်-ပေါင်းပိန်းလမ်းကိုလည်း စစ်ကောင်စီက ဖြတ်သန်းခွင့် ပိတ်ထားလိုက်သည့်အတွက် ဒေသခံများ အခက်အခဲတွေ့နေသည်ဟု ဒေသတွင်း အွန်လိုင်းမီဒီယာအချို့က ရေးသားကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ခုခံနေကြရာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တော်လှန်ရေးစတင်ရန် ပြီးခဲ့သည့်နှစ်ဆန်းပိုင်းမှ စတင်ကာ ကြိုးစားခဲ့ကြသော်လည်း စစ်ကောင်စီက အပြင်းအထန်နှိမ်နင်းခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ရွာငံမြို့နယ်တွင် လှုပ်ရှားသည့် ရွာငံမြို့ပြပြောက်ကျား (YUG) အဖွဲ့ဝင်အချို့ အဖမ်းခံရပြီးနောက် ၎င်းတို့စခန်းတစ်ခု စီးနင်းခံရကာ လက်နက်၊ ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရဖူးသည်ဟု သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကာလအတော်ကြာ တိုက်ပွဲမဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ စက်တင်ဘာတွင် ဆီဆိုင်မြို့နယ် နောင်ထော်ရွာအနီး စစ်ကောင်စီ၏ သီးသန့်အထိုင်စခန်းနှစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်ရင်း ၅ ခုစုဖွဲ့၍ ပထမဆုံးအကြိမ်စစ်မျက်နှာဖွင့်တိုက်ခိုက်ခဲ့သည်။

ထိုဒေသတွင် ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုအဖြစ် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံအဖွဲ့များဖြစ်သည့် အမှတ် ၁၀၀၅၊ ၁၀၀၈ နှင့် ၁၀၀၉ တပ်ရင်းများ၊ PDF တပ်ရင်းတစ်ခုတို့ စုဖွဲ့ထားကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button