သတင်း

တန့်ဆည် ပျူစောထီးစခန်းကို PDF တိုက်ခိုက်၊ စစ်တပ်က အင်အားပြန်ဖြည့်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာရှိ  စစ်ကောင်စီတပ်စခန်း တစ်ခုကို ရွှေဘိုခရိုင် PDF တပ်ရင်းများနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဒီဇင်ဘာ ၃၊ နံနက် ၂ နာရီခန့်တွင် တိုက်ခိုက်စီးနင်းခဲ့ကြကြောင်း သိရသည်။

တစ်နာရီခန့်အကြာ တိုက်ပွဲတွင် စစ်သားများ၊ ပြည်သူ့စစ် ခေါ်  ပျုစောထီးများဘက်မှ  ၃၀ ခန့် သေဆုံးသည်၊ စီးနင်းသူများဘက်မှ  ၁ ယောက် သေဆုံးသည်ဟု တန့်ဆည်မြို့နယ်PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

စခန်းကို ဖျက်ဆီးခဲ့သည်၊ လက်နက်တချို့  သိမ်းယူနိုင်ခဲ့သည်ဟုလည်း သူက ပြောသည်။“ရှင်းလင်းရေးအချိန်က နာရီဝက်ပဲ ပေးရတဲ့အခါကျတော့ မြန်မြန်ဝင် မြန်မြန်ပြန်ထွက် ရတာဆိုတော့ သူ့အဖွဲ့နဲ့သူ ဝင်ရှာရတာ၊ တွေ့တာတွေပြန်စုတော့ (အလောင်း) ၃၀ လောက်ရှိတယ်၊ သေနတ်တွေကလည်း မှောင်နေသေးတော့ အကုန်မကောက်နိုင်ဘူး၊ တွေ့တာလောက်ပဲ ကောက်ရတာဆိုတော့ ၁၀ လက်ပဲရတာ”ဟု သူက ဆိုသည်။

စစ်သားများကိုင်ဆောင်သည့် MA 1 နှစ်လက်၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ကိုင်ဆောင်လေ့ရှိသည့် ကာဘိုင်သေနတ်နှစ်လက်၊ ၉ဗို့ ခါးချိုးသေနတ် (9 Gauge Shotgun) လေးလက်၊ လက်လုပ်ခါးချိုးနှစ်လက်နှင့် ကျည်ဆံ ၂၀၀ ကျော် သိမ်းမိခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုက်ပွဲ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းလိုသော်လည်း စစ်ကောင်စီ ပြောခွင့်ရထံ Myanmar Now က ဆက်သွယ်၍ မရသေးသလို ထိုသတင်းနှင့် ပတ်သက်၍ စစ်ကောင်စီက အမှောင်ချထားသည်။တန့်ဆည်မြို့မြောက်ဘက် တစ်မိုင်အကွာရှိ အဆိုပါ ဆင်ငယ်ရွာကို လွန်ခဲ့သည့် သုံးလခန့်မှစတင်ကာ  စစ်သားအချို့နှင့် ပျုစောထီး ၅၀ခန့် လာရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်သားများက ဝန်းကျင်ကျေးရွာများကို မကြာခဏဝင်ရောက် စီးနင်းသဖြင့် ဒေသခံများ တိမ်းရှောင်နေရခြင်းကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ်ပကဖအဖွဲ့ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။ရွာကို ချည်းကပ်သွားချိန်တွင် ပျူစောထီးများ သိသွားပြီး ပစ်ခတ်ခဲ့သည်ဟု သူက ပြောသည်။

“ကျွန်တော်တို့ကပ်တာသိတော့ သူတို့ကလည်း တရစပ်ပစ်တာ၊ ကျွန်တော်တို့ကလည်း လက်နက်ကြီးတွေနဲ့ တရစပ်ပြီးတော့ လက်နက်ငယ်တွေရော ပစ်(ဝင်)တာပေါ့။ ကင်းကိုအရင်ဆုံးပစ်တော့ သူတို့က ရွာထဲစခန်းကို ထွက်ပြေးတာ” ဟု သူက ဆိုသည်။

တိုက်ပွဲအတွင်း ရွှေဘိုခရိုင်တပ်ရင်းမှ  ၂၆နှစ်အရွယ် တပ်သား ကိုဂျိမ်းဖော သေဆုံးသည်၊  အခြားရဲဘော်တစ်ဦးလည်း ပါးတွင်ထုတ်ချင်းဖောက် ကျည်ထိမှန်သည်ဟု သိရသည်။ပျုစောထီးစခန်းကိုဖျက်ဆီးကာ  PDF များပြန်ဆုတ်ပြီးနောက် အဆိုပါနေ့ညနေပိုင်းတွင် တန့်ဆည်မြို့ဘက်မှ စစ်သားနှင့်ပျူစောထီး အင်အားရာနှင့်ချီ ရောက်ရှိလာပြီး ထပ်မံ တပ်စွဲထားကြောင်းသိရသည်။ 

စစ်ကောင်စီသည် လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းကို တိုက်ခိုက်ရန် ဒေသတွင်း  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ၊ စစ်တပ်နှင့်နီးစပ်သူများ၊  လူဆိုးလူမိုက်များကို လက်နက်တပ်ဆင်ပေးထားသည်။

စစ်တပ်တွင် တိုက်ခိုက်ရေးတပ်သားအင်အား မလုံလောက်သဖြင့် ပျူစောထီးအဖွဲ့များ ဖွဲ့ခြင်းမှာ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းသည့် ဗျူဟာကို ကျင့်သုံးခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

တိုက်ခိုက်မှုများ အရှိန်မြှင့်တော့မည်ဖြစ်သဖြင့် တန့်ဆည်မြို့နယ်အတွင်းရှိသည့် စစ်ကောင်စီ လက်နက်ကိုင်ပျူစေားထီးများ အနေဖြင့် အမြန်ဆုံးလက်နက်ချရန်လိုအပ်ကြောင်း အထက်ပါ တန့်တည်မြို့နယ် PDF ပြန်ကြားရေးတာဝန်ခံကဆိုသည်။

“ကျွန်တော်တို့က စစ်ရေးရည်မှန်းချက်အတိုင်း ပြည့်မြောက်အောင် ကြိုးစားသွားမှာပဲ၊ ၂၀၂၃ ခုနှစ်က အဆုံးအဖြတ်နှစ်ဆိုတော့ ရှိသမျှအားသုံးပြီးတော့ တိုက်ခိုက်တော့မှာပါ” ဟု သူက ဆိုသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button