သတင်း

စစ်တပ်က ဖမ်းသွားသည့် နွားထိုးကြီးဒေသခံ နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ဒေသခံ အမျိုးသား ၃ ဦး အဖမ်းခံရပြီးနောက် ထိုအထဲမှ ၂ ဦး၏ ရုပ်အလောင်းကို ယနေ့ (ဇန်နဝါရီ ၄) နံနက်ပိုင်းက လမ်းဘေးတွင် တွေ့ရသည်ဟု သိရသည်။

စစ်တပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များက မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာရှိ မင်းရွာအတွင်း ယမန်နေ့ ညနေတွင် ရောက်ရှိလာပြီး အသက် ၄၅ နှစ်အရွယ် ဦးငြိမ်း၊ ၂၇ နှစ်အရွယ် ကိုသောင်းတန်၊ ၂၅ နှစ်အရွယ် ကိုဇော်ထွေးတို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထိုသုံးဦးကို နွားထိုးကြီးမြို့အရှေ့ဘက် ဂွေးပင်ရိုးရွာသို့ သွားသည့် လမ်းခွဲတွင် စွန့်ပစ်ထားသည်ကို ဒေသခံတို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက် ကိုဇော်ထွေးသည် ဒဏ်ရာ အပြင်းအထန်ရနေသဖြင့် နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ကုသနေကြောင်း ဒေသခံ သတင်းရင်းမြစ် နှစ်ဦးက အသီးသီး ပြောသည်။

“လက်ကို ကြိုးတုပ်ထားပြီးတော့ မျက်နှာတွေက စုတ်ပြတ်နေတာပဲ။ အလောင်းမှာက သေနတ်ဒဏ်ရာရော၊ ဓားဒဏ်ရာတွေရော အကုန်ပါတယ်” ဟု ထိုသူတို့၏ မိသားစုများနှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့က နွားထိုးကြီးမြို့ပေါ်တွင် စစ်မှုထမ်းဟောင်းတစ်ဦးကို နွားထိုးကြီး PDF အဖွဲ့ဝင်များက သတ်ဖြတ်ကာ သေနတ်တစ်လက် ယူဆောင်သွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများကို ပြင်းပြင်းထန်ထန် ရန်ပြုခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း နွားထိုးကြီးမြို့နယ်ရဲစခန်းနှင့် စစ်ကောင်စီပြန်ကြားရေးအဖွဲ့ဝင်တို့ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

နွားထိုးကြီးမြို့အနောက်ဘက် ၅ မိုင်ခန့်အကွာရှိ မင်းရွာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများရှိသော အဆိုပါမင်းကျေးရွာတွင် ဒီဇင်ဘာလဆန်းက အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားထားသည်။

ဒီဇင်ဘာ ၅ တွင် မင်းရွာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်တစ်နေ့ ညတွင် ရွာမှ NLD ထောက်ခံသူ ၆ ဦး ဖမ်းဆီးခံရပြီး သတ်ဖြတ် အလောင်းစွန့်ပစ်ခံရသည်။ 

လက်နောက်ပြန် ကြိုးတုပ်ခံထားရပြီး မျက်လုံးတွင် အဝတ်စည်းထားကာ ဦးခေါင်းတွင် ကျည်ထိဒဏ်ရာများ ရှိနေသော မင်းရွာသား ၆ ဦး၏ ရုပ်အလောင်းများကို နွားထိုးကြီး-မြင်းခြံကားလမ်းနှင့် မင်းရွာအကြား ဆက်သွယ်ထားသည့် လမ်းပေါ်တွင် ၃ လောင်းစီ နှစ်နေရာခွဲကာ စွန့်ပစ်ထားသည်ကို ဒီဇင်ဘာ ၇ နံနက်တွင် တွေ့ရှိခဲ့ရသည်။

နွားထိုးကြီးမြို့နယ်တွင် ထိုသို့ သတ်ဖြတ်အလောင်းစွန့်ပစ်မှုများ အောက်တိုဘာလဆန်းမှစ၍ ဖြစ်ပွားနေပြီး အထက်ပါလူများအပါအဝင် ၂၀ ဦးအထိ ရှိနေပြီဖြစ်ပြီး ဆေးကုသနေသူမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ 

မန္တလေးတိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မြင်းခြံ၊ တောင်သာမြို့နယ်တို့နှင့် ထိစပ်နေသည့် နွားထိုးကြီး မြို့နယ်တွင် အောက်တိုဘာတွင် ၅ ဦး၊ နိုဝင်ဘာအတွင်း ၆ ဦး၊ ဒီဇင်ဘာတွင် ကိုယ်ဝန်ဆောင်အပါအဝင် ၇ ဦး၊ ဇန်နဝါရီတွင် ၂ ဦး သတ်ဖြတ်ခံရသည်။ 

နွားထိုးကြီးမြို့နယ် အပါအဝင် မြန်မာနိုင်ငံအလယ်ဗဟိုပိုင်းရှိ မန္တလေးတိုင်းအတွင်းမှ မြို့နယ်များတွင် စစ်ကိုင်းနှင့် မကွေးကဲ့သို့ တိုက်ပွဲများဖြစ်မနေသော်လည်း စစ်ကောင်စီ၏ဩဇာခံ စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်ဆိုသူများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button