စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

စစ်ယူနီဖောင်းဖြင့် လူလုံးထွက်ပြလာသည့် ခရိုနီသူဌေးကြီး

“သတ္တုတဖြည်းဖြည်းနဲ့ ဖယ်ထုတ်သွားပြီဆိုရင် မြေကြီးက စိုက်ပျိုးလို့ ပိုမိုကောင်းမွန်လာမယ်။ ဒါကြောင့် အပေါ်မှာ စိုက်ပျိုးရေးလုပ်၊ အောက်မှာ သတ္တုတူး၊ စီးပွားရေးနှစ်မျိုးဖြစ်” ဟု ရှင်းလင်း ပြောဆိုနေသူမှာ ပြောက်ကျားယူနီဖောင်းဝတ် ပုဂ္ဂိုလ်ကြီးတစ်ဦးပင်။

အသားမည်းမည်း ဗိုက်ရွှဲရွှဲနှင့် အသက် ၆၀ အရွယ် ထိုပုဂ္ဂိုလ်မှာ မြေအောက်ဥမင်လိုဏ်ခေါင်းအတွင်း တိုင်းရင်းသားပရိတ်သတ်အချို့ကို သတ္တုတူးဖော်ရေးလုပ်ငန်းအကြောင်း လိုက်လံရှင်းပြနေခြင်း ဖြစ်သည်။​ ရွှေရောင်နဂါးရုပ် ရင်ထိုးကြီးဆင်မြန်းထားပြီး ခါးကြား၌ သေနတ်တစ်လက်ထိုးထားသည်။ လည်ပင်းနှင့် လက်တစ်ဖက်တွင်လည်း အဆောင်လက်ဖွဲ့ကြိုးများနှင့်အတူ ရွှေဆွဲကြိုးကြီးများ အခွေလိုက် ဝတ်ဆင်ထားသေးသည်။ လက်တစ်ဖက်တစ်ချက်တွင် ဝတ်ဆင်ထားသည့် ဧရာမ ကျောက်စိမ်းနှင့် ပတ္တမြားလက်စွပ်ကြီးများလည်း အထင်းသားတွေ့မြင်ရသည်။

မြေအောက်တစ်နေရာမှ ကျောက်တုံးကျောက်ခဲများကို လက်ဟန်ခြေဟန်အပြည့်ဖြင့် ရှင်းပြနေသူမှာ ထိပ်တန်းခရိုနီ သူဌေးကြီး ဦးနေဝင်းထွန်းပင်။ မြန်မာနိုင်ငံရှိ အချမ်းသာဆုံးသူဌေးကြီးများအနက် ၁၀ ဦးကိုသာ ရွေးနုတ်မည်ဆိုပါက ဦးနေဝင်းထွန်းကို ချန်ထားလို့ မရနိုင်ပေ။

ပတ္တမြားနဂါးနေဝင်းထွန်းဟု လူသိများပြီး အာဏာသိမ်းစစ်တပ်နှင့် ပုလဲပနံအသင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ စီးပွားရေးတာဝန်ခံဖြစ်သည်။ PNO ၏ ဗဟိုတွဲဖက်အတွင်းရေးမှူးနှင့် စီးပွားရေးတာဝန်ခံဖြစ်သူ ဗိုလ်မှူးကြီးနေဝင်းထွန်းမှာ ပတ္တမြားနဂါးကုမ္ပဏီဥက္ကဋ္ဌ ဖြစ်သည်။

မြေအောက်သတ္တုတူးဖော်ရေး လုပ်ငန်းခွင်ကို ဦးနေဝင်းထွန်းကိုယ်တိုင် လိုက်လံပြသနေသည်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့ကဖြစ်သည်။​ အဆိုပါ ရုပ်သံကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ လူမှုကွန်ရက်စာမျက်နှာတစ်ခုက တင်ထားခြင်းဖြစ်သည်။

နေရာအတိအကျ ဖော်ပြမထားသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ပတ္တမြားနဂါးကုမ္ပဏီပိုင် ခနောက်စိမ်းသတ္တုတူးဖော်ရေး လုပ်ငန်းခွင်ဖြစ်သည်ကို တွေ့ရှိရသည်။ ရှည်လျားသော မြေအောက်ဥမင် လိုဏ်ခေါင်းတစ်လျှောက် မော်တော်ကားများဖြင့် အတန်ကြာ မောင်းဝင်ရသည်ဖြစ်ရာ အလွန်ကြီးကျယ်သော သတ္တုသိုက်ပင်ဖြစ်သည်။

အခြားသူများ လူမြင်ကွင်းမှ ပျောက်ကွယ်နေချိန် လူလုံးထွက်ပြလာသူ

စစ်ယူနီဖောင်းဝတ် ထိပ်တန်းခရိုနီသူဌေးကြီး ဦးနေဝင်းထွန်းက မြေပေါ်မြေအောက်သယံဇာတများနှင့် စီးပွားရေးလုပ်ငန်းအကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြထားသည့် ရုပ်သံဖိုင်များ ထွက်ပေါ်ခဲ့သည်မှာ ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းကဖြစ်သည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ စီးပွားရေးတာဝန်ခံ ပတ္တမြားနဂါးကုမ္ပဏီဥက္ကဋ္ဌ ဦးနေဝင်းထွန်းနှင့် သီးသန့်အင်တာဗျူးဟု ခေါင်းစဉ်တပ်ကာ အပိုင်းလိုက် ထုတ်လွှင့်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ရုပ်သံဖိုင်တစ်ခုတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် စီးပွားရေးတာဝန်ခံ ပတ္တမြားနဂါးကုမ္ပဏီ ဥက္ကဋ္ဌ နေဝင်းထွန်းကို တွေ့ရစဉ်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်အများစု တိတ်ဆိတ်ငြိမ်သက်နေကြသည်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် မျက်နှာပန်းပွင့်ခဲ့သူများ စစ်ကောင်စီအမျက်တော်ရှမည်ကို စိုးရိမ်နေကြသည်။

အာဏာသိမ်းစစ်တပ်နှင့် ပုန်ကန်တော်လှန်သူတို့အကြား ဘေးကျပ်နံကျပ်အနေအထားကြောင့် နာမည်ရ သူဌေးကြီးများ ငြိမ်သက်နေကြသည် (သို့မဟုတ်) အသံတိတ်လှုပ်ရှားနေကြသည်။ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် သူဌေးကြီးများလည်းရှိသည်။

ယခုနှစ်ဆန်းပိုင်းတွင် နာမည်ကြီးလုပ်ငန်းရှင်ကြီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးအရေးယူခံရပြီးနောက် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများ အစိုးရိမ်ကဲလာကြသည်။ ဧဒင်ဦးချစ်ခိုင်နှင့် ဇေကမ္ဘာဦးခင်ရွှေ တို့ကို ယခုနှစ် မတ်လနှင့် ဧပြီလအတွင်း စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

ဧဒင်ဦးချစ်ခိုင်မှာ NLD နှင့် နီးစပ်သော ဆက်ဆံရေးရှိခဲ့ဖူးသူဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက်တော်စပ်သူ ဇေကမ္ဘာဦးခင်ရွှေမှာမူ လွန်ခဲ့သော ငါးနှစ်ကျော်က စီမံကိန်းကို အကြောင်းပြကာ အဖမ်းခံရခြင်းဖြစ်သည်။ ရန်ကုန်မြို့ ကုက္ကိုင်းလမ်းဆုံအနီးမှ အဖိုးတန်မြေကွက်နှင့် ပတ်သက်၍ တရားရုံးရောက်သည်အထိ မကျေမလည်ဖြစ်ခဲ့ဖူးသော ရန်ငြိုးရန်စကြောင့်ပင်။​

ဇေကမ္ဘာဦးခင်ရွှေနှင့် ပတ္တမြားနဂါးဦးနေဝင်းထွန်းတို့မှာ တစ်ချိန်က တွဲဖက် လွှတ်တော်အမတ်များ ဖြစ်ကြသည်။​ စစ်ဗိုလ်ချုပ်များ တည်ထောင်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ အာဏာရယူခဲ့သည့် ၂၀၁၁ မှ ၂၀၁၅ အထိ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း အခြားသော လုပ်ငန်းရှင်ကြီးများနည်းတူ ၎င်းတို့နှစ်ဦးလည်း လွှတ်တော်အမတ်လုပ်ခဲ့ဖူးသည်။

ဦးနေဝင်းထွန်း အပါအဝင် လွှတ်တော်အမတ်တစ်ဖြစ်လဲ ခရိုနီသူဌေးကြီးအချို့က အခွန်လျှော့ပေါ့ ကောက်ခံပေးရန် ၂၀၁၄ ခုနှစ်အတွင်းက လွှတ်တော်၌ တောင်းဆိုခဲ့ဖူးသည်။​ ထိုစဉ်က ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ဦးနေဝင်းထွန်းမှာ အမျိုးသားလွှတ်တော်၏ သတ္တုနှင့်သယံဇာတရေးရာကော်မတီ ဥက္ကဋ္ဌဖြစ်ခဲ့သည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးရှိလာချိန်အထိ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် အများစု လူမြင်ကွင်းမှ ပျောက်ကွယ်နေဆဲဖြစ်သည်။ ထိုအချိန်တွင် ထိတ်ထိတ်ကြဲ ခရိုနီကြီးတစ်ဦးဖြစ်သည့် ဦးနေဝင်းထွန်းက စစ်ယူနီဖောင်းဝတ်ဖြင့် ပေါ်ထွက်လာသည်။ အနောက်တိုင်းဝတ်စုံဖြင့် သားသားနားနား တွေ့ရလေ့ရှိသည့် ထိတ်ထိတ်ကြဲသူဌေးကြီးမှာ အာဏာသိမ်းပြီးနောက် စစ်ဝတ်စုံဖြင့် လူလုံးထွက်ပြလာသည်။

အာဏာသိမ်းပြီးနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကျောထောက်နောက်ခံပြုထားသည့် လူမှုကွန်ရက်စာမျက်နှာများ ခပ်စိပ်စိပ်ပေါ်ထွက်လာပြီး PNO အဖွဲ့၏ လှုပ်ရှားမှုများသာမက စစ်ကောင်စီနှင့် ဆိုင်သော သတင်းများကိုပါ ထပ်ဆင့်ဖြန့်ဝေနေသည်ဟု ပအိုဝ်းဒေသခံတို့က ဆိုသည်။

ပအိုဝ်းတိုင်းရင်းသားလူထုအကြား ဖြစ်ပေါ်နေသည့် မြေယာသိမ်းဆည်းမှုပြဿနာများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေသော်လည်း PNO ကျောထောက်နောက်ခံပြုထားသည့် စာမျက်နှာများတွင် မတွေ့ ရပေ။ PNO/PNA သည် ဘာသာရေးနှင့် မီဒီယာကို အသုံးချလျက် စစ်ကောင်စီခြေရာ နင်းနေသည်ဟု ပအိုဝ်းတိုင်းရင်းသား လူငယ်တစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ကျောက်ထောက်နောက်ခံပြုထားသည့် လူမှုကွန်ရက်အခြေပြုမီဒီယာ ၁၂ ခုထက်မနည်းရှိကြောင်း အမည်မဖော်လိုသူ ထိုပအိုဝ်းလူငယ်က ပြောသည်။​

နေဝင်းထွန်းနှင့် ပတ္တမြားနဂါးကုမ္ပဏီ

ပတ္တမြားနဂါးကုမ္ပဏီအုပ်စုပိုင်ရှင် နေဝင်းထွန်းမိသားစု (ရှေ့ဆုံးမှ) နှင့် ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များ။ (ဓာတ်ပုံ – ပတ္တမြားနဂါးကုမ္ပဏီ ဝက်ဘ်ဆိုဒ်)

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ စီးပွားရေးတာဝန်ခံ ဦးနေဝင်းထွန်း ဦးဆောင်လှုပ်ရှားနေသည့် ပတ္တမြားနဂါးကုမ္ပဏီမှ သတ္တုတူးဖော်ရေးမှသည် ရွှေ၊ ပတ္တမြားနှင့် ကျောက်စိမ်းအထိ ဘိလပ်မြေစက်ရုံမှသည် အိမ်ခြံမြေနှင့် ဟိုတယ်လုပ်ငန်းအထိ လုပ်ငန်းမျိုးစုံရှိသည်။

ဦးနေဝင်း၏ ပတ္တမြားနဂါးကုမ္ပဏီမှာ အဖိုးတန်ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခွင့် အကြီးအကျယ် ရရှိခဲ့သည်။​ မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးရယူပြီးနောက် ပတ္တမြားနဂါးကုမ္ပဏီမှာ မိုင်းရှူးဒေသတွင် ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်များ ရရှိခဲ့ပြီး ခိုင်သစ္စာကျောက်မျက်ကုမ္ပဏီအမည်ဖြင့်လည်း ကျောက်မျက်တူးဖော်ခွင့် ရရှိထားသည်ဟု Global Witness ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။

ပတ္တမြားနဂါးကုမ္ပဏီမှာ နာမည်ကျော် မိုးကုတ်ဒေသတွင် အစိုးရနှင့် အကျိုးတူကျောက်မျက်တူးဖော်ခွင့် လုပ်ကွက်များရရှိထားကာ ဖားကန့်တွင်လည်း ဧက ၆၀ ကျော်ရှိ ကျောက်စိမ်းလုပ်ကွက်ကြီးနှစ်ခု ရရှိထားသည်။​

ပတ္တမြားနဂါးကုမ္ပဏီမှာ ၁၉၉၆ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကိုင်သည့် ကျောက်စိမ်းလုပ်ကွက်ပေါင်း ၁၅၂ ကွက်အထိ ရရှိခဲ့သည်ဟု မှတ်တမ်းများတွင် တွေ့ရှိရသည်။​ ပတ္တမြားနဂါးကုမ္ပဏီက ၂၀၀၂ ခုနှစ်တွင် တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းအရိုင်းတုံးကို နိုင်ငံတော်သို့ လှူဒါန်းခဲ့ဖူးသည်။

ပတ္တမြားနဂါးကုမ္ပဏီအုပ်စုတွင် ဦးနေဝင်းထွန်း၏ အမျိုးသမီး ဒေါ်အေးအေးမြင့်က ဒါရိုက်တာအဖြစ် ပါဝင်နေပြီး သားဖြစ်သူ ရဲမြတ်သူနှင့် သမီးဖြစ်သူ မြင့်မြတ်သူတို့က မန်နေဂျင်းဒါရိုက်တာများအဖြစ် တာဝန်ယူထားသည်။

ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် နေဝင်းထွန်းမိသားစုမှာ နာမည်ကျော် ငပလီကမ်းခြေရှိ Jade Marina Resort ဟိုတယ်နှင့် နေပြည်တော်ရှိ သူရဇ္ဇဟိုတယ်တို့ကိုလည်း ပိုင်ဆိုင်သည်။​ ထို့ပြင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ပြည်ဂါးဒင်းတာဝါနှင့် အဆင့်မြင့်အိမ်ရာကိုလည်း ပတ္တမြားနဂါးကုမ္ပဏီအုပ်စုပင် ပိုင်ဆိုင်သည်။

ရန်ကုန်မြို့ ပြည်လမ်းပေါ်၌ပင် ကနေဒါအခြေစိုက် Colliers အိမ်ခြံမြေကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းကာ Nobel Twin Dragon Tower တည်ဆောက်မည်ဖြစ်ကြောင်း ပတ္တမြားနဂါးကုမ္ပဏီက ၂၀၂၀ ခုနှစ်အတွင်း ကြေညာခဲ့ဖူးသည်။​ ထိုစီမံကိန်းတွင် နေဝင်းထွန်း၏ချွေးမ အင်ဒိုနီးရှားနိုင်ငံသူ Jennifer Janeth က အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားသည်။​

ပတ္တမြားနဂါးကုမ္ပဏီမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် သတ္တုသန့်စင်စက်ရုံတည်ရှိပြီး ဟိုပုံးမြို့နယ်အတွင်းရှိ လိုင်ဟာမြား၊ ပါမိုင်းနှင့် ကျောက်တန်းတို့အပြင် လွိုင်လင်မြို့နယ် ကောင်တန်းဒေသတို့တွင် ခနောက်စိမ်းသတ္တုတူးဖော်ခွင့်ရရှိထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကသာခရိုင် ဝန်းသိုမြို့နယ်တွင်လည်း သက်တမ်း ၇ နှစ်ရှိ ရွှေတူးဖော်ရေးလုပ်ကွက် လိုင်စင်လေးခု ရရှိထားသည်။ Global Witness ၏ အစီရင်ခံစာအရ နေဝင်းထွန်းပိုင် ပတ္တမြားနဂါး၊ အရုဏ်ဦးနဂါး၊ ကျောက်စိမ်းနဂါး၊ ခိုင်သစ္စာ၊ လွယ်မိုင်းနဂါး၊ နဂါးမင်းသား၊ အာရ်ဘီဂျီ (RBG)၊ နီလာနဂါးနှင့် တိမ်ယံနဂါး စသည့်ကုမ္ပဏီများသည် ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခွင့်များ ရရှိထားသည်။​

နေဝင်းထွန်းပိုင်ကုမ္ပဏီများသည် ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းလောင်းဒေသနှင့် မန္တလေးတိုင်း ရမည်းသင်းဒေသတို့တွင်လည်း ဧကပေါင်း ၂၄,၀၀၀ အကျယ်အဝန်းရှိ ရွှေတူးဖော်ရေးလုပ်ကွက်များလည်း ရရှိထားသည်။​

စစ်ခေါင်းဆောင်များနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်

၂၀၂၀ နှစ်ဆန်းပိုင်းက နေပြည်တော်ရောက်လာသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယက ဦးအောင်ခမ်းထီနှင့် အဖွဲ့ကို မင်းအောင်လှိုင်ဦးဆောင်သော စစ်ဗိုလ်ချုပ်များ လက်ခံတွေ့ဆုံခဲ့စဉ်။ 

ပတ္တမြားနဂါးကုမ္ပဏီအုပ်စုပိုင်ရှင် နေဝင်းထွန်းမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နာယက ဦးအောင်ခမ်းထီ၏ ညာလက်ရုံးဖြစ်သည်။​ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှာ ပြည်တွင်းစစ်သမိုင်းတွင် အစောဆုံးပေါ်ထွက်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ကာ လွတ်လပ်ရေးပြီး တစ်နှစ်အကြာ ၁၉၄၉ ခုနှစ်တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူကာ ပြည်သူ့စစ်အသွင်ပြောင်းခဲ့သည်။ ပတ္တမြားနဂါးကုမ္ပဏီမှာ ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။​ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ကာ အထွေထွေရွေးကောက်ပွဲတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဦးဆောင်သူ ဦးအောင်ခမ်းထီမှာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များနှင့် အကျွမ်းတဝင်ရှိသူဖြစ်ပြီး လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း အကြိမ်ကြိမ်တွေ့ဆုံဖူးသည်။​ အာဏာသိမ်းစစ်တပ်က ဦးအောင်ခမ်းထီကို ဝဏ္ဏကျော်ထင်ဘွဲ့ပင် ချီးမြှင့်ထားသည်။

အသက် ၈၀ ကျော်အရွယ်ရှိပြီဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင် ဦးအောင်ခမ်းထီသည် နာမကျန်းဖြစ်နေသော်လည်း အာဏာသိမ်းပြီးနောက် ပြန်လည်ထူထောင်လာကာ ပွဲလမ်းသဘင်များတွင် အဆက်မပြတ်တွေ့လာရသည်ဟု ဒေသခံများက ဆိုသည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က ရှမ်းပြည်နယ်အတွင်း ၁၁ နေရာအထိ အနိုင်ရရှိခဲ့သည်။​ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်ဖွဲ့အဖြစ် ရပ်တည်ခဲ့သော်လည်း ၂၀၂၀ တွင်မူ စစ်တပ်ကျောထောက်နောက်ခံပါတီနှင့် လမ်းခွဲခဲ့သည်။

သို့သော် အာဏာသိမ်းပြီးနောက် စစ်တပ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲနှစ်ကြိမ်လုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တက်ရောက်ခဲ့သည်။

တိုင်းရင်းသားဒေသများ အပါအဝင် နိုင်ငံအနှံ့တွင် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ပုန်ကန်တော်လှန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က စစ်ကောင်စီနှင့် နီးနီးကပ်ကပ်ရှိနေရာ အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းနေသည့်အပေါ် ကန့်ကွက်ကြောင်း ပြည်တွင်းပြည်ပရှိ ပအိုဝ်းလူငယ်အဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) သည် ပအိုဝ်းအမျိုးသားတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း ပြီးခဲ့သည့်နှစ် မေလကုန်ပိုင်းတွင် ထုတ်ပြန်သည့် ပအိုဝ်းလူငယ်အဖွဲ့ ၁၁ ခု၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့သော ကန့်ကွက်ပြောဆိုမှုများ ရှိလင့်ကစား ကယားပြည်နယ်အစပ် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသခံတော်လှန်ရေးအဖွဲ့ဖြစ်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် တိုက်ပွဲများတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က စစ်ကောင်စီဘက်မှ ဝင်တိုက်ပေးခဲ့သည်။​

ကယားပြည်နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အလျှိုလျှို ပေါ်ထွက်လာပြီးနောက် စစ်ကောင်စီကို ခုခံတော်လှန်ကြရာ နယ်မြေချင်း ထိစပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်းအထိပါ ကူးစက်ခဲ့သည်။ ယမန်နှစ် မေလအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိကျေးရွာရှိ စစ်တပ်နှင့် PNO ပူးပေါင်းကင်းစခန်းကို KNDF က ဝင်ရောက်တိုက်ခိုက်ရာမှ ရှမ်း- ကယားနယ်စပ်တစ်လျှောက် တိုက်ပွဲများတွင် PNO က စစ်ကောင်စီဘက်မှ ပါဝင်ခဲ့သည်။

ပအိုဝ်းပြည်သူ့စစ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ အမျိုးသမီးတပ်ဖွဲ့များကို ယခုနှစ် အလယ်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​ – PNO ၏ လူမှုကွန်ရက်စာမျက်နှာတစ်ခု)

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင် ပုန်ကန်တော်လှန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၎င်းတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွင်း လူသစ်စုဆောင်းကာ ပြည်သူ့စစ်အဖွဲ့များ အဆက်မပြတ်တိုးချဲ့ဖွဲ့စည်းနေသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းပြည်သူ့စစ် ထိန်းချုပ်နယ်မြေ အထူးဒေသ ၆ တွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းမည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေအတွင်းမှ ပင်လောင်း၊ ဆီဆိုင်နှင့် ဟိုပုံးမြို့များအပြင် တောင်ကြီး၊ မောက်မယ်၊ လွိုင်လင်၊ ပင်လုံ၊ ညောင်ရွှေ၊ အောင်ပန်း၊ ကလော၊ ရပ်စောက်၊ နမ့်စန် စသည့် မြို့နယ်များရှိ ပအိုဝ်းလူမျိုးများနေထိုင်ရာ ကျေးရွာများအထိပါ လူသစ်စုဆောင်းနေခြင်း ဖြစ်သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လက်အောက်ခံတပ်များက ပြီးခဲ့သည့် မေလမှစ၍ လူသစ်စုဆောင်းနေခြင်းဖြစ်ကာ စစ်သင်တန်းများပေးနေသည့်အပြင် စစ်အသုံးစရိတ်ပါ ကောက်ခံနေသည်ဟု ဒေသခံများက ဇူလိုင်လအတွင်း Myanmar Now ကို ပြောဆိုထားသည်။​

ဟိုပုံးမြို့နယ် ရန်ကင်းကျေးရွာတွင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သုံးသောင်းပေးရသည့်အပြင် အသက် ၄၅ နှစ်အောက် အမျိုးသားများ တစ်အိမ်တစ်ယောက် မဲနှိုက်ကာ မဖြစ်မနေ စစ်သင်တန်းတက်ရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“တချို့ မသွားချင်တဲ့သူ ငွေကြေးမတတ်နိုင်တဲ့သူတွေ အရမ်းဒုက္ခရောက်ကြတယ်။ စားဝတ်နေရေးကလည်း မပြေလည်၊ ငွေကိုလည်း အတင်းအဓမ္မကောက်ခံ၊ လူလည်း ထပ်ပေးရဆိုတော့” ဟု ပအိုဝ်းအမျိုးသားတစ်ဦးက ပြောသည်။​

စစ်သင်တန်းမတက်လိုပါက စာချုပ်စာတမ်းဖြင့် လူအစားထိုးရှာဖွေ ငှားရမ်းပေးရပြီး အချို့သော ရွာကြီးများတွင် တစ်ရွာအတွက် ၁၅ ဦးအထိ ပေးရသည်။ ဇူလိုင်လလယ်ပိုင်းကလည်း ပင်လောင်းမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ ကျော်မှ အုပ်ချုပ်ရေးမှူးများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က အစည်းအဝေးခေါ်ယူပြီး ပြည်သူ့စစ်ဖွဲ့စည်းရန် ပြောဆိုခဲ့သည်။

အတင်းအဓမ္မ လူသစ်စုဆောင်းနေသည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်အပေါ် PNO တာဝန်ရှိသူက ငြင်းဆိုသော်လည်း ငွေကျပ်သုံးသောင်း ကောက်ခံသည်ကိုမူ ဝန်ခံထားသည်။​

“ကိုယ့်ရပ်ရွာကိုယ် ကာကွယ်နိုင်ဖို့အတွက် ငွေမရှိလို့ မဖြစ်ဘူးလေ” ဟု ပအိုဝ်းပြည်သူ့စစ်အဖွဲ့မှ ဒုတိယကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်အောင်သန်းက ဇူလိုင်လအတွင်း Myanmar Now ကို ပြောသည်။​

လက်နက်ကိုင်ပဋိပက္ခကြားမှ အကျိုးစီးပွား

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှာ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီးနောက်ပိုင်းမှစကာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များနှင့် မိတ်ပျက်မခံဘဲ တစ်ချိန်တည်းမှာပင် စီးပွားရေးကိုလည်း တစိုက်မတ်မတ် ဦးတည်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ထိပ်သီးခရိုနီကြီးများတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ စီးပွားရေးတာဝန်ခံ ပါဝင်သည်အထိပင်။​

အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးထူထောင်ထားသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ပြည်သူ့စစ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းနေသည့်အပြင် စီးပွားရေးလုပ်ကိုင်ရန်အလို့ငှာ မြေယာသိမ်းဆည်းခြင်းများရှိနေသည့်အတွက် ဒေသခံများနှင့် အငြင်းပွားမှုများလည်းရှိနေသည်။​

အာဏာမသိမ်းမီ လပိုင်းအလိုက တောင်ကြီးမြို့တောင်ဘက် မိုင်းအနည်းငယ်အကွာ ထီးဖောင်းကျေးရွာမှ ဒေသခံတောင်သူ ၈၀ ခန့် လုပ်ကိုင်နေသည့် မြေဧက ၅၀၀ ခန့်ကို ပအိုဝ်းပြည်သူ့စစ်က သိမ်းယူခဲ့သည့်အတွက် ဒေသခံများနှင့် အငြင်းပွားခဲ့သည်။

ဒီဇင်ဘာလဆန်းပိုင်းက ပြည်သူ့စစ်သင်တန်းတစ်ခုတွင် သင်တန်းသားများနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ – Pa-O Swee Media)

အာဏာမသိမ်းမီကပင် ၂၀၂၀ ပြည့်နှစ်အတွင်း စစ်တပ်နှင့် PNO ပူးပေါင်းကာ သတ္တုတူးဖော်ရန် မြေယာသိမ်းယူခြင်းများ ရှိခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် PNO/PNA နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်း များလာကြောင်း၊ မြေသိမ်းမှုများလည်း ရှိလာကြောင်း ဒေသခံတို့က ဆိုသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆီဆိုင်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စစ်တပ်သိမ်းယူထားသည့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးရေးလုပ်သည့် တောင်သူများ တရားစွဲဆိုခံရကာ ဒဏ်ငွေ ကျပ်တစ်သောင်းစီ ချမှတ်ခံခဲ့ရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ခမရ ၄၂၃ နှင့် ၄၂၄ တပ်က တရားစွဲဆိုထားသည့် တောင်သူ ၅၀ ကျော်ကို ယခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ဆီဆိုင်မြို့နယ်တရားရုံးက အမှုတစ်မှုကို ငွေဒဏ် ကျပ်တစ်သောင်းစီ အမိန့်ချမှတ်ခဲ့သည်။

ဆီဆိုင်မြို့နယ်ရှိ တောင်ကြီး – လွိုင်ကော်လမ်းအရှေ့ဘက်မှ ဧက ၃၀၀ နှင့် လမ်းအနောက်ဘက်မှ ဧက ၁၉၀၀ ကို ယခင်စစ်အစိုးရလက်ထက်တွင် စစ်တပ်က အတင်းအဓမ္မသိမ်းယူခဲ့ခြင်းဖြစ်သည်။ ထိုသိမ်းဆည်းခံမြေယာပေါ်တွင် တောင်သူများက ဆက်လက်စိုက်ပျိုးရာ၌ စိုက်ပျိုးသီးနှံများ ဖျက်ဆီးခံရသည့်အပြင် ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၇၇ ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။​

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ပတ္တမြားနဂါးကုမ္ပဏီနှင့် စစ်တပ်တို့ ပူးပေါင်းကာ ဆီဆိုင် (လွယ်ဆံကျစ်)၊ ပင်လောင်းနှင့် ဆိုက်ခေါက် ဒေသများတွင် မြေယာသိမ်းဆည်းခြင်းများ ရှိခဲ့ရာ လျော်ကြေးငွေအနေဖြင့် တစ်ဧကလျှင် ကျပ်ငါးထောင်မှ တစ်သောင်းအထိသာ ပေးသည်ဟု သိရသည်။

စစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်သည့် ပတ္တမြားနဂါးကုမ္ပဏီသည် မြေယာသိမ်းဆည်းခြင်းများအပြင် ၎င်း၏စီးပွားရေးစီမံကိန်းများအတွက် ဒေသခံလူထုနှင့် ညှိနှိုင်းခြင်း မရှိဟု အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) ပြောရေးဆိုခွင့်ရှိသူ ခွန်သီဟထူးဇော်က ဆိုသည်။

“သဘာဝပတ်ဝန်းကျင်တွေ၊ ပြီးရင် ပြည်သူလူထုရဲ့ လူနေမှုဘဝတွေကို အများကြီးဆိုးကျိုးဖြစ်စေတယ်။ တော်တော်များများ ပြည်သူလူထုကလည်း သဘောမကျကြဘူး” ဟု ၎င်းက ပြောသည်။

၁၉၉၁ ခုနှစ်နောက်ပိုင်းစကာ နှစ်ပေါင်း ၃၀ ကျော်အထိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က စီးပွားရေးစီမံကိန်း မျိုးစုံလုပ်ကိုင်နေသော်လည်း ဒေသခံများ၏ လူမှုစီးပွားအခြေအနေမှာ နိမ့်ကျနေဆဲပင်။ PNO ၏ စီးပွားရေးတာဝန်ခံ လုပ်ငန်းရှင်သူဌေးကြီးက သယံဇာတများ ထုတ်လုပ်ရန်ပင် အပူတပြင်း ပြောဆိုလာသည်။​

“တူးတဲ့သတ္တုအပေါ်မှာ အခွန်ပါးပါး ၁၀ ရာခိုင်နှုန်းယူ၊ ဟော ကုန်ချောမှာ တစ်ခါယူ။ ဟော စက်ပစ္စည်းမှာ တစ်ခါယူ။ စက်ပစ္စည်းတွေ ဟောင်းသွား၊ အပြန်အရည်ကြို ပြန်ယူ။ အဲဒါ နိုင်ငံတော်အတွက် ထုတ်သုံးလို့ မကုန်သော အခွန်၊ ထုတ်သုံးလို့မကုန်သော စီးပွားရေး။ ဣစ္ဆာသယစီးပွားရေး၊ ဣစ္ဆာသယအခွန်” ဟု မကြာမီက ထုတ်လွှင့်ခဲ့သော ရုပ်သံတစ်ခုတွင် ဦးနေဝင်းထွန်းက ရှင်းပြထားသည်။

သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ပူးပေါင်းအကောင်အထည်ဖော်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် စီးပွားရေးတာဝန်ခံ နေဝင်းထွန်းနှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ သဘောတူလက်မှတ်ရေးထိုးသည်ဆိုသော စာရွက်စာတမ်းအထောက်အထားတစ်ခုလည်း မကြာမီက လူမှုကွန်ရက်တွင် တွေ့ရှိရသည်။

အသေးစိတ်အခြေအနေများ မသိရသော်လည်း ရှမ်းတောင်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခု ပူးပေါင်းကာ သတ္တုတူးဖော်မှုများ တိုးဆောင်ရွက်မည်ဟု ယူဆရသည်။ RCSS သည်လည်း စစ်ကောင်စီနှင့် ပုလဲပနံသင့်သည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ကာ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်သို့ နှစ်ကြိမ်ထက်မနည်း သွားရောက်ခဲ့သည်။

အတိအကျ မသိရသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်း တစ်နေရာရာတွင် သတ္တုတူးဖော်ရေး RCSS နှင့် သဘောတူခဲ့ခြင်းဖြစ်လိမ့်မည်ဟု တောင်ကြီးမြို့တွင် နေထိုင်သည့် ပအိုဝ်းလူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

“RCSS နဲ့ စကားပြောထားတာ ရှိတယ်။ သတ္တုတူးဖော်ရေးပဲ။ တည်နေရာတွေကို ခန့်မှန်းကြည့်မယ်ဆိုရင် RCSS က ရှမ်းတောင်မှာ နေတာကိုး ရှမ်းတောင်တစ်ဝိုက်ဖြစ်ဖို့များမယ်။ အထူးသဖြင့် ပွန်ချောင်းလို့ခေါ်တာလား မသိဘူး၊ မေ့နေပြီ။ အဲဒီချောင်းရဲ့ အရှေ့ဘက်ခြမ်းနားက နေရာလေးတွေ လုပ်ဖို့ရှိမယ်” ဟု ၎င်းက ဆိုသည်။

ဦးနေဝင်းထွန်း နာမည်ခံထားသည့် ပတ္တမြားနဂါးကုမ္ပဏီတွင် PNO ၏ ဒေသဦးစီးဥက္ကဋ္ဌများဖြစ်ကြသည့် ဦးခွန်စံလွင်၊ ဦးသိန်းဖေနှင့် ဦးအောင်သောင်းတို့အပြင် ဦးအောင်ခမ်းထီ၏သား ဦးအောင်ကျော် ဆိုသူများက အစုရှယ်ယာထည့်ထားသည်ဟု PNDF မှ ခွန်သီဟထူးဇော်က ဆိုသည်။

“ပတ္တမြားနဂါးမှ မဟုတ်ပါဘူး။ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေ၊ PNO နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေဆိုလည်း ပြည်သူလူထုချွေးနှဲစာ ရခဲ့တဲ့ဟာတွေပဲ။ အတင်းအဓမ္မ မြေယာသိမ်းဆည်းတယ်။ ပြည်သူလူထုရဲ့ လူနေမှုဘဝတွေကိုလည်း ဆိုးကျိုးအများကြီးဖြစ်စေတယ်”

“ဦးနေဝင်းထွန်းမှ မဟုတ်ဘူး။ PNO မှာ ရှိနေတဲ့ အထက်ပိုင်းလူကြီးတွေကို ပြောချင်တာက ပြည်သူလူထု မျက်ရည်ကျတာ နှစ်ပေါင်းလည်း မနည်းတော့ဘူး။ ပြည်သူလူထုက ဒါကို မြင်ဖို့လိုတယ်။ ဒါကို ငြိမ်မခံဘဲ ရုန်းထွက်ဖို့လိုတယ်။ တောင်းဆိုဖို့လိုတယ်” ဟု ခွန်သီဟထူးဇော်က ပြောသည်။

(အက်စတာဂျေ ပူးပေါင်းရေးသားသည်။) 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button